AP,22 Dec 2009
အကယ်၍ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာရေးအတွက် မြန်မာနိုင်ငံနှင့် ဆွေးနွေးမှု မအောင်မြင်ခဲ့ပါက အသုံးပြုနိုင်မည့် အင်အားကြီး စီးပွားရေး လက်နက်တစ်ခု အိုဘားမားအစိုးရတွင် အဆင်သင့်ရှိနေပြီး ၎င်းလက်နက်မှာ နိုင်ငံ၏ စစ်ဖက်အုပ်ချုပ်သူများနှင့် စီးပွာားရေး လုပ်ဆောင်ခြင်း မပြုရန် ဘဏ်များကို ဖိအားပေးမည့် အစီအစဉ်ဖြစ်ပါသည်။
နျူကလီးယားလက်နက် စွန့်လွှတ်စေရန် မြောက်ကိုရီးယားကို ဖိအားပေးရာတွင် အလားတူနည်းလမ်းကို အသုံးပြုခဲ့ပါသည်။ ယခု မြန်မာနိုင်ငံ ကိစ္စတွင် ပစ်မှတ်ထားသော နိုင်ငံတကာ ဘဏ်များက တပ်မတော်အစိုးရ သဘာဝဓါတ်ငွေ့ ရောင်းချရာမှ ရရှိသော ငွေမြောက်မြားစွာကို ထုတ်ယူ သုံးစွဲခြင်း မပြုနိုင်အောင် ထိန်းချုပ်ထားနိုင်မည်ဖြစ်သည်။
အမေရိကန် အောက်လွှတ်တော်ကလည်း ဘဏ်များကို ချုပ်ကိုင်ရန် အာဏာကို အပ်နှင်းပြီး ဖြစ်ပါသည်။ သမ္မတအိုဘားမား အနေဖြင့် အထက်ပါ နည်းဗျူဟာကို မကြာမှီအတွင်း ကျင့်သုံးရန် (သို့) အနည်းဆုံး တိုက်ရိုက်ဆွေးနွေးမှုများ မအောင်မြင်သည့် အချိန်တွင် ကျင့်သုံးရန် လူ့အခွင့်အရေးအဖွဲ့ အချို့က လိုလားနေပါသည်။
သို့ရာတွင် ယခုအချိန်အထိ ယင်းကဲ့သို့ပြုလုပ်ရန် အမေရိကအစိုးရက တုန့်ဆိုင်းနေဆဲ ဖြစ်ပါသည်။ မျက်နှာချင်းဆိုင် စေ့စပ်ညှိနှိုင်းမှုများကို စတင်ကာစရှိသေးသည့် အတွက်ရလဒ်များထွက် ပေါ်လာရန် မြန်မာအစိုးရကို အချိန်ပိုပေးလိုပုံရပါသည်။ ဘဏ်လုပ်ငန်းဆိုင်ရာ အရေးယူပိတ်ဆို့မှုများ ချမှတ်ခြင်းသည် တန်ဖိုးကြီးမားပြီး အချိန်ကုန်ပါသည်။ ထို့အပြင် အာဖဂန်နစ္စတန် နှင့်အီရန် အရေးကိစ္စများပါဝင်နေသော များပြားထူထပ်လှသည့် နိုင်ငံခြားရေးရာမူဝါဒအစီအစဉ်များတွင် မြန်မာနိုင်ငံအရေးသည် ထိပ်တန်းဦးစားပေးမဟုတ်ပါ။
မြန်မာအစိုးရ အပေါ်တင်းကြပ်သည့် အရေးယူပိတ်ဆို့မှုများ ပြုလုပ်မည့်အစီအစဉ်ကို အသုံးပြု သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာရန် ၎င်းအားထောက်ခံသူ နိုင်ငံ များက တုန့်ပြန် ဆောင်ရွက်ရေးကိုလည်း ကြိုးစားသွားမည်ဟု အရှေ့အာရှနှင့် ပစိဖိတ်ဆိုင်ရာ ထိပ်တန်းသံတမန် kurt Campbell က လွှတ်တော်အမတ်များအား စက်တင်ဘာလတွင် ပြောကြား ခဲ့ပါသည်။
ကမ္ဘာပေါ်ရှိ အရက်စက်ဆုံး အစိုးရများတွင် မြန်မာအစိုးရလည်း ပါဝင်နေပြီး မြန်မာနိုင်ငံတွင် ၁၉၆၂ မှစ၍ စစ်တပ်က အာဏာကိုထိန်းချုပ်ထားခဲ့ပါသည်။ တိုင်ပြည်အတွင်း ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် အတင်းအကျပ် ဖိအားပေးသည့် အနေဖြင့် အရေးယူ ပိတ်ဆို့မှုများဖြင့် အမေရိကန်က တွန်းအား ပေးခဲ့သော်လည်း အောင်မြင်မှု အနည်းငယ်မျှ သာရရှိခဲ့ ပါသည်။ ယခင် သမ္မတ ဂျော့ဘွတ်ရှ် အစိုးရသည် မြန်မာနိုင်ငံအား ရှောင်ဖယ်ထားခြင်းကို ပြုလုပ်ခဲ့ကြပြီး ဘွတ်ရှ်၏ ဇနီးလော်ရာနှင့် လွှတ်တော်အမတ် မြောက်မြားစွာသည် မြန်မာနိုင်ငံတွင်း ဒီမိုကရေစီသည် အစပျိုးရန် လှုပ်ရှားမှုများကို အကြီးအကျယ် ထောက်ခံသူများဖြစ်ပါသည်။
ယခု အိုဘားမားအစိုးရ ကမူ ပစ်ပယ်ရေး မူဝါဒကို ပြောင်းပြန်လှန်၍ ညှိနှိုင်း ဆွေးနွေးရေးကို ဦးစားပေးခဲ့ပါသည်။ အတိုင်အခံ ပါတီများနှင့် တိုင်းရင်းသား လူမျိုးစုများအား ပိုမိုကြီးမားသော လွတ်လပ်ခွင့်များ ပေးရန်နှင့် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန် မြန်မာတပ်မတော်ခေါင်း ဆောင်များကို စည်းရုံး ဆွဲဆောင်နိုင်လိမ့်မည်ဟု လည်းမျှော်လင့်ထားပါသည်။
ထိုအချိန်မှစ၍ မြန်မာအစိုးရကလည်း သဘောကောင်းမှု အရိပ်အယောင် အနည်းငယ်ကို ပြသခဲ့ပါသည်။ ဥပမာအားဖြင့် အထိန်းသိမ်းခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို Kurt Campbell နှင့်တွေ့ဆုံခွင့်ပေးခြင်း၊ နိုင်ငံရေး အကျဉ်းသားအချို့ကို လွှတ်ပေးခြင်း စသည်တို့ ဖြစ်ပါသည်။ တစ်ချိန်ထဲမှာပင် တိုင်းရင်းသား လူမျိုးများ၊ စာနယ်ဇင်း သတင်းထောက်များနှင့် ကျောင်းသားလှုပ်ရှားကို ဆက်လက်နှိပ်ကွပ်ခဲ့ပါသည်။
အိုဘားမားကလည်း မြန်မာနိုင်ငံတွင် ဖြစ်နိုင်သမျှ အရေးပါသည့် အနေအထား ရယူမည့်ဆန္ဒအား ၎င်း၏ ငြိမ်းချမ်းရေး နိုဗယ်ဆုရရှိသည့် မိန့်ခွန်းတွင် ပြောကြားခဲ့ပါသည်။ မြန်မာ နိုင်ငံနှင့် တွေ့ဆုံဆွေးနွေးမှုများ၊ သံတမန်ဆိုင်ရာကြိုးစားမှုများ ပြုလုပ်ဆောင်ရွက်သွားမည် ဖြစ်သော် လည်း အဆိုပါအရာများ မအောင်မြင်ခဲ့ပါက အကျိုးဆက်များနှင့် ရင်ဆိုင်ရလိမ့်မည်ဟု ၎င်းကဆို ပါသည်။
အဆိုပါ အကျိုးဆက်များတွင် နိုင်ငံတကာ ဘဏ်လုပ်ငန်းစနစ်ကို အသုံးပြုနိုင်မည့် မြန်မာ အစိုးရ၏ အခွင့်အလမ်းကို ဟန့်တားရန် ရည်ရွယ်သော ဘဏ္ဍာရေး ပိတ်ဆို့ ဆောင်ရွက်မှုများအား အမေရိကန် ပြည်ထောင်စုက အသုံးပြုခွင့် ရရှိစေမည့် ဥပဒေတစ်ရပ် ချမှတ်ကျင့်သုံးရေး ကိစ္စလည်း ပါဝင်သင့်သည်ဟု ဒီမိုကရေစီ လှုပ်ရှားသူများက ပြောကြားပါသည်။
မြန်မာအစိုးရ အရေးတကြီး တန်ဖိုးထား သည့်ကိစ္စမှာ ပြင်ပကမ္ဘာနှင့် ကုန်သွယ်ရေးမဟုတ်ဘဲ ထိုကုန်သွယ်ရေးမှ ရရှိသည့် ငွေကြေး အကျိုးအမြတ်များသာ ဖြစ်သည်ဟု လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့မှ Tom Malinowski ပြောပါသည်။ မြန်မာအစိုးရသည် ၎င်း၏ ဘဏ်စာရင်းတွင် ချက်လက်မှတ်များ တင်သွင်းလိုက်သည့် အချိန်တွင် နိုင်ငံတကာ ဘဏ်လုပ်ငန်း စနစ်အတွင်း ၎င်းငွေများ ထုတ်ယူသုံးစွဲခွင့်ကို တားဆီးရန် အမေရိကန် ပြည်ထောင်စုအနေဖြင့် အခွင့်အရေးများစွာ ရရှိသွားမည် ဟု ဆိုပါသည်။
အမေရိကန် ပြည်ထောင်စုသည် မြန်မာနိုင်ငံအပေါ်တွင် အရေးယူ ပိတ်ဆို့မှုများစွာကို ချမှတ် ထားခဲ့ပြီး ဖြစ်ပါသည်။ ၂၀၀၇ ရွှေဝါရောင် လှုပ်ရှားမှု ကာလတွင် ဆန္ဒပြသူများအား မြန်မာအစိုးရ ဖမ်းဆီး သတ်ဖြတ်ခဲ့ချိန်မှစ၍ အမေရိကန်အစိုးရ ဘဏ္ဍာရေးဌာန အရာရှိများသည် လူပုဂ္ဂိုလ် ၄၀ နှင့် ပုဂ္ဂလိက အဖွဲ့အစည်း ၄၄ခု တို့ကို ပစ်မှတ်ထား ရွေးချယ်ခဲ့ပါသည်။ ၎င်းတို့ကို ပိတ်ဆို့မှုစာရင်း သို့ သွင်းလိုက်ခြင်းအားဖြင့် ကမ္ဘာ့အကြီးဆုံး စီးပွားရေးဖြစ်သော အမေရိကန် ဘဏ်လုပ်ငန်းစနစ်အတွင်း စီးပွားရေး လုပ်ကိုင် ဆောင်ရွက်ခွင့်ကို တားဆီးလိုက်ခြင်း ဖြစ်သည်။
၂၀၀၈ ဥပဒေအရ ခွင့်ပြုခဲ့သော ထပ်မံ ပိတ်ဆို့မှုများအရ အမေရိကန် ငွေတိုက်ဌာနက ဘဏ်လုပ်ငန်း ဆက်ဆံရေးနှင့် ပတ်သက်သော အခြေအနေများကို ပြစ်ဒဏ် ချမှတ်ခွင့် ရရှိ ထားပါသည်။ အနာဂတ် မူဝါဒ ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ အမေရိကန် တာဝန်ရှိ ပုဂ္ဂိုလ်များက မှတ်ချက် မပေးသေးပါ။ သို့ရာတွင် လက်ရှိပြဿနာကို ဖြေရှင်းရာတွင် အကောင်းဆုံး တိတိကျကျ အသုံးချ နိုင်ရန်အတွက် ဘဏ်လုပ်ငန်း စည်းကမ်းများ အပါအဝင် ဖြစ်နိုင်ချေရှိသော အရေးယူမှု နည်းလမ်းများ အားလုံးကို လေ့လာနေသည်ဟု အမေရိကန် ငွေတိုက်ဌာနက ပြောကြားပါသည်။
မြန်မာနိုင်ငံနှင့် ၎င်း၏ အိမ်နီးခြင်းများ၊ ဥရောပကုပ္မဏီများ၊ အမေရိကန်ကုမ္မဏီများ ဆောင်ရွက် လုပ်ကိုင်နေသော အမြတ်အစွန်းကြီးမားသည့် သဘာဝဓါတ်ငွေ့ ရှာဖွေရေး သဘောတူ စာချုပ်များကို အမေရိကန် ပြည်ထောင်စုအနေဖြင့် အလွယ်တကူ ပိတ်ဆို့နိုင်မည် မဟုတ်ပါ။ သို့ရာတွင် နိုင်ငံခြားဘဏ် များသည် ၎င်းတို့နှင့် မြန်မာအစိုးရပိုက်ဆံများ ပတ်သက်နေမှုကို အမေရိကန်က စိုးရိမ်ပူပန်နေခြင်း၊ ၎င်းတို့နှင့် အမေရိကန် ဘဏ္ဍာရေး အဆောက်အအုံများ ဆက်ဆံမှုကို သတိထား စောင့်ကြည့်နေခြင်း စသောကိစ္စများကို စိုးရိမ်ပူပန်မှုများ ရှင်းလင်းပြီးသည့် တိုင်အောင် ဘဏ်လုပ်ငန်း ဆိုင်ရာအရေးယူမှု အစီစဉ်များကြောင့် သိရှိသွားကြပြီ ဖြစ်သည်ဟု US Campaign for Burma မှ ဝါဒဖြန့်ချီရေး ဒါရိုက်တာ Jennifer Quigley က ပြောကြားပါသည်။
အမေရိကန်ပြည်ထောင်စုသည် မြောက်ကိုရီးယားကို နိုင်ငံတကာ ဘဏ်စနစ် အပြင်သို့ ရောက်အောင် ထိရောက်စွာ ပိတ်ဆို့နိုင်ခဲ့ပြီး ခေါင်းဆောင်ကြီး ကင်ဂျုံအီကို ထိခိုက်စေခဲ့သည်ဟု မကြာခဏ ထကြွတတ်သူ မြောက်ကိုရီးယားအား ဘဏ်လုပ်ငန်းဆိုင်ရာ အရေးယူမှုကို ထောက်ခံသူ များက ပြောကြားပါသည်။
လောလောဆယ်တွင်မူ မြန်မာအစိုးရနှင့် ဆွေးနွေးညှိနှိုင်းရန် ကြိုးစားဆောင်ရွက်နေဆဲဖြစ်၍ စိတ်ရှည်သီးခံကြရန် အိုဘားမားအစိုးရက တိုက်တွန်းနေပါသည်။
လာမည့်နှစ် ရွေးကောက်ပွဲများသည် တပ်မတော်အစိုးရ၏ ရည်ရွယ်ချက်များကို ကောင်းစွာ မြင်တွေ့ခွင့် ရစေပါလိမ့်မည်။ အမေရိကန် မြန်မာထိပ်ပိုင်း အဆင့် ဆွေးနွေးပွဲများ၏ ရလဒ်သည် အတိုက်အခံ အဖွဲ့များနှင့် တိုင်းရင်းသားများ အမှန်တကယ် ပါဝင်ခွင့်ကို အစိုးရက ခွင့်ပြုခြင်းလား(သို့) တပ်မတော် ခေါင်းဆောင်များ အာဏာ စုစည်းခွင့် ရရှိသွားခြင်းလား ဆိုသည့် အချက်မှာမူ အရေးကြီး သည့် မေးခွန်းတစ်ခု ဖြစ်နေပါသည်။
--Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.