Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၁၇.၁ဝ.၂ဝ၁၁

ဘာသာပြန်သတင်းများ

  1. နိုင်ငံရေးအကျဉ်းသား ၁ဝ% သာမက အားလုံးလွှတ်ပေးရန် မြန်မာအစိုးရကို တောင်းဆို

(Associated Press မှ 14 Oct 2011 ရက်စွဲပါ၊ "Myanmar prisoner amnesty prompts call for all political detainees to be freed, not just 10 pct" ကို ဘာသာပြန်ဆိုသည်)

 

  1. ဒီမိုကရေစီ အကဲဖြတ်ရန် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ သွားမည်

(Jakarta Globe မှ 14 Oct 2011 ရက်စွဲပါ “Marty Natalegawa to visit Burma to assess democracy” ကို ဘာသာ ပြန်ဆိုသည်)

 

  1. နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးပြီး အနောက်နိုင်ငံများကို မြန်မာအစိုးရ ငြိမ်းချမ်းရေးကမ်းလှမ်း

(Brisbane Times သတင်းစာမှ 13 Oct 2011 ရက်စွဲပါ၊ "Burma extends an olive branch to the West by freeing political prisoners" ကို ဘာသာပြန်ဆိုသည်)

 

  1. အိန္ဒိယ၊ တရုတ်တို့နှင့် ဆက်ဆံရေးများ ဟန်ချက်ညီအောင် မြန်မာကြိုးစား

(Reuters မှ 16 Oct 2011 ရက်စွဲပါ “Myanmar trying to balance relations with India and China” ကို ဘာသာ ပြန်ဆိုသည်)

 

  1. တရုတ်ကွန်မြူနစ်ပါတီ အဓိက နှစ်ပတ်လည်အစည်းအဝေးကျင်းပ

(BBC News မှ 14 Oct 2011 ရက်စွဲပါ Michael Bristow ရေးသားသော “China Communists hold key annual meeting” ကို ဘာသာ ပြန်ဆိုသည်)

 

  1. ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ ပိုမိုလုပ်ဆောင်သွားရန် မြန်မာအစိုးရကို ဖိလစ်ပိုင်တိုက်တွန်း

(12 Oct 2011 ရက်စွဲပါ၊ AFP သတင်းဌာနမှ "Philippines urges Myanmar to do more democracy" ကို ဘာသာ ပြန်ဆိုသည်)

 

  1. မြန်မာနိုင်ငံပွင့်လင်းလာမှုနောက်ကွယ်က ရင်းနှီးမြှုပ်နှံမှု မျှော်လင့်ချက်

(Reuters သတင်းဌာနမှ 15 Oct 2011 ရက်စွဲပါ "Investment prospects behind Myanmar's opening up to the world" ကိုဘာသာ ပြန်ဆိုသည်)

***********************************************************************************

နိုင်ငံရေးအကျဉ်းသား ၁ဝ% သာမက အားလုံး လွှတ်ပေးရန် မြန်မာအစိုးရကို တောင်းဆို

(14 Oct 2011 ရက်စွဲပါ၊ Associated Press ၏ "Myanmar prisoner amnesty prompts call for all political detainees to be freed, not just 10 pct" ကို ဘာသာပြန်ဆိုသည်)

မြန်မာအစိုးရအနေဖြင့် ဖမ်းဆီးထိန်းသိမ်းထားသော နိုင်ငံရေးအကျဉ်းသား ၂ဝဝဝ ခန့်၏ ၁၀ ရာခိုင်နှုန်းမျှသာ လွှတ်ပေးရုံသာမက ကျန်ရှိသော သူများအားလုံးကိုပါ အမြန်ဆုံးလွှတ်ပေးရန် လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့နှင့် ထင်ရှားသော နိုင်ငံရေးတက်ကြွစွာ လှုပ်ရှားသူတစ်ဦးက အောက်တိုဘာလ ၁၃ ရက်နေ့တွင် တိုက်တွန်းပြောဆိုလိုက်သည်။ မြန်မာ အစိုးရက လွတ်ငြိမ်းချမ်းသာခွင့်အစီအစဉ်ဖြင့် အကျဉ်းသား ၆၃၅၉ ဦးကို လွှတ်ပေးရာတွင် နိုင်ငံရေး အကျဉ်းသား ၂၀၀ ခန့်သာလွတ်မြောက်ခွင့်ရရှိခဲ့သည်။

ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့နိုင်ငံရေးအကျဉ်းသားများ အကူအညီအထောက်အပံ့ပေးရေးအဖွဲ့ (AAPP) က ထိုသို့ အကျဉ်းသား ၆၀၀၀ ကျော်ကို လွှတ်ပေးသည့်အစီအစဉ်သည် ရိုးစင်းမှုမရှိကြောင်း၊ ယင်းလုပ်ရပ်သည် အဓိကအားဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းကို နှစ်သိမ့်ချွေးသိပ်မှု ပေး ရန် ကြိုးပမ်းချက်တစ်ရပ်သာ ဖြစ်ကြောင်းပြောဆိုသည်။ AAPP ၏ ခန့်မှန်းချက်အရ နိုင်ငံရေးအကျဉ်းသား ၂၀၇ ဦးသာ လွတ်မြောက်ခွင့် ရရှိခဲ့ကြသည်။ "ယခင်အစိုးရအဆက်ဆက်သည် နိုင်ငံတကာဖိအားပေးမှုများ များပြားလာသည့်အခါတိုင်း လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ်များကို အသုံးပြုလေ့ရှိသည်။ ယင်းအစီအစဉ်ကို စစ်မှန်သော အပြောင်းအလဲထက် အမှတ်အသားတစ်ခု အဖြစ်သာ အသုံးပြုခဲ့ခြင်းသာဖြစ်သည်၊ ယခု ရက်သတ္တပတ် အတွင်း ဖြစ်ပေါ် လာသော လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းသည် ယခင်ကာလများတွင်ဖြစ်ပေါ်ခဲ့သော လွတ်ငြိမ်းချမ်းသာခွင့်များနှင့် များစွာ ထူးခြားပြောင်းလဲမှုမရှိသည် ကိုတွေ့ရသည်" ဟု AAPP က ကြေညာချက်ထုတ်ပြန်သည်။

မြန်မာအတိုက်အခံများ၊ နိုင်ငံခြားအစိုးရများနှင့် ကုလသမဂ္ဂတို့က ယခုဖြစ်ရပ်ကို လွတ်လပ်မှုများဆီသို့ ဦးတည်မည့် ပြုမူဆောင်ရွက်ချက်များ အဖြစ် သတ်မှတ်ဖော်ပြကြသည်။ မြန်မာအစိုးရသည် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိသည် ဟူသော စွပ်စွဲချက်များကြောင့်အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှားရန် ကြိုးပမ်းနေချိန်တွင် ယခုကဲ့သို့ မည်ကာမတသဘောမျိုးဖြင့် အကျဉ်းသားအနည်းငယ်ကိုသာ လွှတ်ပေးပြီး ထင်ရှား သော နိုင်ငံရေး အကျဉ်းသားများကို ဆက်လက်ထိန်းသိမ်းထားခြင်းကြောင့် ၎င်း၏ကြိုးပမ်းချက်များအပေါ် ထိခိုက်နစ်နာမှုများ ရှိလာနိုင်သည်။

              နှစ်ပေါင်းများစွာ အထီးကျန်ဖြစ်အောင်လုပ်ကိုင်ခဲ့ပြီး ယခုအခါမြန်မာအစိုးရနှင့် စေ့စပ်ညှိနှိုင်းမှုများပြုလုပ်ရန် နည်းလမ်းရှာနေသော အမေရိကန် ပြည်ထောင်စုက ယခုလို အကျဉ်းသားများလွှတ်ပေးမှုကို ကြိုဆိုခဲ့ပြီး နောက်ထပ် အလားတူ လုပ်ဆောင်ချက်များ ဆက်လက်ဆောင်ရွက်သွားရန် မြန်မာ အစိုးရကို တိုက်တွန်းထားသည်။

အမေရိကန် ဆီးနိတ်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ(Senate Foreign Relations Committee) ၏ ဥက္ကဋ္ဌ ဖြစ်သူ ဂျွန်ကယ်ရီက အောက်တိုဘာလ ၁၃ရက်နေ့တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ရာတွင် "အကျဉ်းသားများ လွှတ်ပေးလိုက်ခြင်းသည်  မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန် နှင့် ၎င်း၏ အကြံပေးပုဂ္ဂိုလ်များအနေဖြင့် အတိတ်ကာလဆီမှ အောင်မြင်ဖြစ်ထွန်းမှုမရှိသော မူဝါဒများမှကင်းကွာအောင် လုပ်ဆောင်ပုံရသော လက္ခဏာ တစ်ရပ်ပင် ဖြစ်သည်" ဟု ဖော်ပြသည်။နိုင်ငံခြားဆက်ဆံရေးကော်မတီအနေဖြင့် လွတ်မြောက်ခွင့်ရလိုက်သောအကျဉ်းသားများအပေါ် မြန်မာအစိုးရက မည်သို့မည်ပုံ ပြုမူဆက်ဆံသည်ဟူသည့်ကိစ္စနှင့် နိုင်ငံရေးကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူများ အားလုံး လွတ်မြောက်ခွင့် ရရှိခြင်း ရှိ၊ မရှိဟူသော ကိစ္စကို လေ့လာစောင့်ကြည့်သွားမည်ဖြစ်သည်ဟု ဆိုသည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကမူ အကျဉ်းသားများ လွတ်မြောက်ခွင့်ပြုခြင်းကို ကြိုဆိုလိုက်ပြီး ကျန်ရှိသောနိုင်ငံရေး အကျဉ်းသားများ အားလုံးလည်းလွတ်ငြိမ်းချမ်းသာခွင့် ရရှိမည်ဟု မျှော်လင့်လျက်ရှိကြောင်း ၎င်း၏ပြောခွင့်ရပုဂ္ဂိုလ် Martin Neisrky ကဆိုသည်။ အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ်ဖြင့် လွတ်မြောက်လာသော အစိုးရဝေဖန်ရေးသမားနှင့် အနုပညာရှင် ဇာဂနာ(ဦးသူရ)ကလည်း နိုင်ငံရေးအကျဉ်းသား များ အားလုံး လွှတ်ပေးရန် အစိုးရကို အသနားခံတောင်းဆိုထားသည်။

                "ယခင် စစ်ထောက်လှမ်းရေးအကြီးအကဲနှင့် သူ့ရဲ့လူတွေအပါအဝင် အားလုံးကိုလွှတ်ပေးပါ" ဟု နာမည်ကျော် လူရွှင်တော်တစ်ဦးလည်း ဖြစ်ပြီး လူမှုရေးလုပ်ငန်းများတက်ကြွစွာလှုပ်ရှားသူ ဇာဂနာက AP သတင်းဌာနသို့ပြောဆိုသည်။ ဖမ်းဆီးထိန်းသိမ်းခံထားရသော ယခင်စစ်ထောက် လှမ်းရေး အရာရှိကြီးများ အားလုံးလွတ်မြောက်သင့်ကြောင်း၊ အကြောင်းမှာ ၎င်းတို့သည် ယခင်စစ်အစိုးရလက်ထက်တွင် အပြစ်ပေးခံခဲ့ရသောကြောင့် ဖြစ်ကြောင်း ဇာဂနာကဆိုသည်။ အဆိုပါ စစ်ထောက်လှမ်းရေးအရာရှိကြီးများသည် ဇာဂနာအပါအဝင် ယခင်စစ်အစိုးရအတိုက်အခံများကို ဖမ်းဆီး ချုပ်နှောင်ခဲ့ကြသူများ ဖြစ်ပြီး စစ်အစိုးရအဖွဲ့တွင်း ပါဝါယှဉ်ပြိုင်မှု၌ အရေးနိမ့်သွားသောကြောင့် နောက်ဆုံးတွင် ဖမ်းဆီးထိန်းသိမ်း ခံလိုက်ရခြင်း ဖြစ် သည်။

                                        *******************************************************************************************

ဒီမိုကရေစီ အကဲဖြတ်ရန် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ သွားမည်

(Jakarta Globe မှ 14 Oct 2011 ရက်စွဲပါ “Marty Natalegawa to visit Burma to assess democracy” ကို ဘာသာ ပြန်ဆိုသည်)

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီဂါဝါ(Marty Natalegawa) က ယင်းသည် မြန်မာနိုင်ငံသို့ ယခုလကုန်ပိုင်းတွင် သွားရောက်၍ ပြုပြင် ပြောင်းလဲရေး ကြိုးပမ်းမှုများကို အကဲဖြတ်မည် ဖြစ်ကြောင်း သောကြာနေ့က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် ၂ဝ၁၄ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌနေရာအတွက် ကြိုးပမ်းလျက်ရှိသော်လည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် ပတ်သက်သော တိုးတက်မှုများအား အကဲဖြတ်နိုင်ရန် ဥက္ကဋ္ဌနေရာအတွက် ဆုံးဖြတ်ချက် ချမှတ်ခြင်းမပြုသေးဘဲ ရွှေ့ဆိုင်းထားခဲ့သည်။

“အာဆီယံက ကျွန်တော့်ကို အခွင့်အာဏာအပ်နှင်းထားချက်အတိုင်း ကျွန်တော်ဟာ မြန်မာနိုင်ငံကို အခုလကုန်မှာ သွားရောက်ပြီး တိုးတက်မှု တွေကို အကဲဖြတ်ပါမယ်။ အခုတော့ မြန်မာနိုင်ငံမှာ အပေါင်းလက္ခဏာ ဆောင်တဲ့ တိုးတက်မှုတွေ ရှိနေတဲ့အသွင် ရှိပါတယ်။ ဒီမိုကရေစီလုပ်ငန်းစဉ်တွေ အရှိန်ရနေပါတယ်။ ဒီအရှိန်ကို ဆက်ထိန်းဖို့က ကျွန်တော်တို့ရဲ့ ဆန္ဒဖြစ်ပါတယ်” ဟု နာတာလီဂါဝါက ပြောသည်။ အင်ဒိုနီးရှားနိုင်ငံသည် လက်ရှိ အာဆီယံ ဥက္ကဋ္ဌ ဖြစ်သည်။

လာအိုနိုင်ငံကလည်း ၂ဝ၁၄ တွင် အာဆီယံဥက္ကဋ္ဌနေရာအား မြန်မာနိုင်ငံကို ခွင့်ပြုရန် အဆိုပြုထားသည်။ မြန်မာနိုင်ငံသည် ၂ဝဝ၅ ခုနှစ်က ထိုအခွင့်အလမ်းကို လက်လွှတ်ခဲ့ရသည်။ အကြောင်းမှာ မြန်မာအစိုးရ၏ လူ့အခွင့်အရေး မှတ်တမ်းများ ဆိုးဝါးမှုနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် ငြင်းဆန်ခဲ့ခြင်းကြောင့် ဖြစ်သည်။

၁၉၈၈ ခုနှစ်တွင် ဒီမိုကရေစီဆန္ဒပြမှုများကို နှိမ်နင်းပြီး လူပေါင်း သုံးထောင်ခန့် သတ်ဖြတ်ခဲ့ခြင်းကြောင့် အနောက်နိုင်ငံများက မြန်မာနိုင်ငံ အပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။ ပြီးခဲ့သည့်နှစ်က နှစ်ပေါင်း နှစ်ဆယ်အတွင်း ပထမဆုံးအကြိမ် ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး ဗိုလ်ချုပ် ဟောင်း များ ပါဝင်သော အစိုးရအဖွဲ့တက်လာသည်။ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးခဲ့သည်။ ယခု အပတ်တွင် အစိုးရက လူသားချင်းစာနာထောက်ထားမှုအရ အကျဉ်းသား (၆၃၅၉) ဦးအား လွှတ်ပေးခဲ့သည်။

**************************************************************************************

နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးပြီး အနောက်နိုင်ငံများကို မြန်မာအစိုးရ ငြိမ်းချမ်းရေးကမ်းလှမ်း

(13 Oct 2011 ရက်စွဲပါ၊ Brisbane Times သတင်းစာမှ "Burma extends an olive branch to the West by freeing political prisoners" ကို ဘာသာ ပြန်ဆိုသည်)

စစ်ဘက်အုပ်ချုပ်ရေးအောက်သို့ နှစ်ပေါင်း ၅၀ တာကာလမျှ ရောက်ရှိခဲ့ရာမှ ပြုပြင်ပြောင်းလဲမှု အရိပ်အယောင်များ ထွက်ပေါ်နေသော မြန်မာ နိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား ၃၀၀ နီးပါးခန့်အား အစိုးရသစ်က လွှတ်ပေး လိုက်ပြီးနောက် သြစတြေးလျအပါအဝင် အနောက်နိုင်ငံများနှင့် ပုံမှန် ဆက်ဆံ ရေး ပြန်လည်ဖော်ဆောင်နိုင်မည့် အနေအထားသို့ တဖြည်းဖြည်းချင်း ရောက်ရှိလာပြီဖြစ်သည်။

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ကယ်လ်ဗင်ရုဒ်က မြန်မာနိုင်ငံရေးအကျဉ်းသားများအား ယင်းသို့အစိုးရသစ်က လွှတ်ပေးလိုက်မှုအပေါ် ယခု လို သတ်မှတ်ဖော်ပြသည်။ "ယခုလိုအကျဉ်းသားများအား လွှတ်ပေးမှုသည် မှတ်တိုင်တစ်ခု ဖြစ်သည်။

             ပြုပြင်ပြောင်းလဲရေးဆီသို့ ရှေးရှုနေသည့် မြန်မာနိုင်ငံ၏ ထိုကဲ့သို့သော တိုးတက်ဖြစ်ထွန်းမှုများကို နိုင်ငံတကာ အသိုင်းအဝိုင်းက အကဲဖြတ် သွားမည်ဖြစ်သည်" အဆိုပါကိစ္စနှင့်ပတ်သက်၍ လူ့အခွင့်အရေးအဖွဲ့အစည်းများက ကြိုဆိုခဲ့ကြသော်လည်း နိုင်ငံရေးနှင့်ဆက်နွယ်ပြီး ဖမ်းဆီးထိန်းသိမ်း ခံ ထားရသူ အကျဉ်းသားအားလုံးကို လွှတ်ပေးရန် ထမ်မံ တိုက်တွန်းလိုက်သည်။          

ယခုအစိုးရကလွှတ်ပေးလိုက်သော အကျဉ်းသားများထဲတွင် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြသူများ အပါ အဝင် အစိုးရဝေဖန်ရေးသမားနှင့် ဟာသအနုပညာရှင် ဇာဂနာလည်းပါဝင်သည်။              

"သမ္မတဦးသိန်းစိန် ဘာလို့အဲဒီလောက်ကပ်စေးနဲရတာလဲဆိုတာကို ကျွန်တော်မေးချင်လှပါတယ်။ အကျဉ်းထောင်ထဲမှာ လွတ်ဖို့ကျန်နေတဲ့ သူ တွေ အများကြီးရှိနေပါသေးတယ်" ဟု ရန်ကုန်လေဆိပ်တွင် ပြောကြားသည်။ ကချင်ပြည်နယ်ရှိ အကျဉ်းထောင်တွင်ဖမ်းဆီးထိန်းသိမ်းခံထားရာမှ ပြန်လည် လွတ်မြောက်လာသူ လူရွှင်တော် ဇာဂနာ ရန်ကုန်မြို့သို့ လေကြောင်းခရီးစဉ်ဖြင့် ပြန်လည်ရောက်ရှိလာစဉ် ၎င်းကို ချစ်ခင်နှစ်သက်ကြသော ပရိသတ်ကြီး က လေဆိပ်တွင် လာရောက်ကြိုဆိုကြကြောင်း သိရသည်။

ဇာဂနာ(ဦးသူရ) သည် နှလုံးသွေးကြောဆိုင်ရာ ရောဂါရရှိထားသူဖြစ်ပြီး ၂၀၀၈ ခုနှစ်တွင် နာဂစ်မုန်တိုင်း ပြန်လည်ကယ်ဆယ်ရေး လုပ်ငန်း များနှင့် ပတ်သက်၍ ယခင်စစ်အစိုးရကို ပြစ်တင်ဝေဖန်ခဲ့သောကြောင့် ထောင်ဒဏ် ၅၉ နှစ် ချမှတ်ခံခဲ့ရသည်။ နာဂစ်မုန်တိုင်းတိုက်ခတ်မှုကြောင့် လူ ပေါင်း ၁၃၈,၀၀၀ ခန့်သေဆုံးခဲ့ရသည်။

ယခုအစိုးရသစ်က လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်သည့် အကျဉ်းသား ၆၃၅၉ ဦးထဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို ထောက်ခံသူအချို့လည်း ပါဝင်ကြောင်း ယင်းပါတီအဆိုအရသိရသည်။ NLD သည် ပြီးခဲ့သည့် ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် အနိုင် ရရှိခဲ့သော်လည်း စစ်အစိုးရက ယင်းပါတီအား အာဏာ လွှဲပြောင်းပေးခဲ့ခြင်း မရှိပေ။

ယခုတစ်ကြိမ် လွတ်မြောက်သူများထဲတွင် ၂၀၀၇ ခုနှစ် သံဃာတော်များဦးဆောင်သည့် ရွှေဝါရောင် တော်လှန်ရေးတွင် အဓိကကျသည့် အခန်း ကဏ္ဍမှပါဝင်ခဲ့သူ သံဃာတစ်ပါးဖြစ်သည့် အရှင်ဂမ္ဘီရလည်း ပါဝင်သည်။ အရှင်ဂမ္ဘီရမှာ ရွှေဝါရောင်တော်လှန်ရေးတွင်ပါဝင်ခဲ့မှုကြောင့် ၂၀၀၇ ခုနှစ်တွင် ထောင်ဒဏ် ၆၈ နှစ် ချမှတ်ခံခဲ့ရသည်။ ၎င်းသည် ဖမ်းဆီးပြစ်ဒဏ်ပေးခံရစဉ်က အသက် ၂၇ နှစ်အရွယ်ဖြစ်သည်။ လက်ရှိအနေအထားတွင် လွတ်ငြိမ်း ချမ်းသာခွင့် ရရှိသော နိုင်ငံရေးအကျဉ်းသားများစာရင်းကို လူသိရှင်ကြားထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေ။ ၁၉၈၈ ခုနှစ် အရေးအခင်းတွင် ပါဝင်ခဲ့သော ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုမင်းကိုနိုင်၏ ဆွေမျိုးသားချင်းများအဆိုအရ လွတ်ငြိမ်းချမ်းသာခွင့်ရသော နိုင်ငံရေးအကျဉ်းသားများထဲ တွင် ၎င်းပါဝင်မှုမရှိကြောင်းသိရသည်။ လူ့အခွင့်အရေးအုပ်စုများကမူ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်မထုတ်ပြန်ခင်ကာလတွင် ဖမ်းဆီးထိန်းသိမ်းခံထားရ သော နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ခန့် ရှိကြောင်းပြောကြားသည်။

သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ကယ်ဗင်ရုဒ်သည် ပြီးခဲ့သည့် ဇူလိုင်လအတွင်း မြန်မာနိုင်ငံသို့ အလည်အပတ် လာရောက်ခဲ့သည်။ အဆိုပါ ခရီးစဉ် အတွင်း သြစတြေးလျနိုင်ငံနှင့် ပုံမှန်ဆက်ဆံရေး ပြန်လည်ထူထောင်နိုင်ရေးတွင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးမည့်အစီအစဉ်သည် လွန်စွာ အခရာကျသည့် နေရာ၌ရှိကြောင်း မြန်မာအစိုးရ ခေါင်းဆောင်များကို ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂ(အီးယူ)တို့ကလည်း စီးပွားရေးပိတ်ဆို့မှုများ ဖယ်ရှားရေးအတွက်မူ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ခွင့် ပေးရန် ပဏာမလိုအပ်ကြောင်း ကာလကြာမြင့်စွာ တောင်းဆိုလာခဲ့သည်။ ယခု အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် ပေးသည့် အစီ အစဉ် မတိုင်မီကလည်း တရုတ်ကျောထောက်နောက်ခံ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးကို ရပ်ဆိုင်းမည်ဟု မြန်မာအစိုးရကကြေညာခဲ့သေးသည်။ ယင်းဖြစ်ရပ်သည် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများနှင့် လူ့အခွင့်အရေးသမားများက အစိုးရကို ဖိအားပေးခြင်းကြောင့် ရပ်ဆိုင်းခဲ့ခြင်း ဖြစ် ဟန် ရှိသည်ဟု မီဒီယာများက ရေးသားဖော်ပြကြသည်။

မြစ်ဆုံစီမံကိန်းရပ်ဆိုင်းမည်ဟုကြေညာလိုက်ခြင်းကြောင့်အိမ်နီးချင်းတရုတ်နိုင်ငံမှာ များစွာ မကျေမနပ်ဖြစ်ခဲ့ရပြီး နိုင်ငံတကာ အသိုင်းအဝိုင်း ကလည်း အံ့အားသင့်ခဲ့ကြသည်။ မြန်မာ့အရေးကျွမ်းကျင်သူများနှင့် သံတမန်အသိုင်းအဝိုင်းကမူ မြန်မာအစိုးရသည် အနောက်စီးပွားရေး ပိတ်ဆို့ခြင်း ခံရမှုကို ဖယ်ရှားနိုင်ရေးအတွက် တစ်ချိန်က လွန်စွာချစ်ကြည် ရင်းနှီးသည့် ဆက်ဆံရေးရှိသည့် တရုတ်နိုင်ငံနှင့်ဆက်ဆံရေးကို ပြန်လည်ထိန်းညှိခြင်း ဖြစ်ကြောင်း ပြောဆိုကြသည်။ ထို့ပြင် ယင်းလုပ်ရပ်သည် လာမည့် ၂၀၁၄ ခုနှစ် အလှည့်ကျအာဆီယံဥက္ကဋ္ဌရာထူး ရယူနိုင်ရေးအတွက် ကြိုးပမ်းချက် တစ်ရပ်လည်း ဖြစ်သည်ဟု ၎င်းတို့ကဆိုကြသည်။

ပြုပြင်ပြောင်းလဲရေးသမ္မတကြီး ဦးသိန်းစိန်သည် ယခင်ဗိုလ်ချုပ်ကြီးဟောင်းနှင့် စစ်အစိုးရလက်ထက် ဝန်ကြီးချုပ်ဟောင်းလည်း ဖြစ်သည်။ ၎င်း သည် ယခုရက်သတ္တပတ်အတွင်း တရုတ်နိုင်ငံနှင့် စီးပွားရေးပြိုင်ဘက်လည်း ဖြစ်ပြီး အာရှအင်အားကြီးနိုင်ငံတစ်နိုင်ငံလည်းဖြစ်သော အိန္ဒိယသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် သွားရောက်လည်ပတ်သည်။ ဦးသိန်းစိန် ဦးဆောင်သော မြန်မာအရပ်ဘက်အစိုးရသစ်တက်လာသည့်အချိန်မှစ၍ ပြည်တွင်း ၌ မီဒီယာတင်းကြပ်မှုများကို ဖြေလျှော့ပေးခဲ့သလို ယခင်က ပိတ်ပင်ထားသည့် အင်တာနက် ဝက်ဘ်ဆိုက်များကိုလည်း ဖွင့်ပေးခဲ့သည်။ ၎င်းသည် ဥပေဒသစ် များကိုလည်း ပြဋ္ဌာန်းခဲ့ပြီး အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း နေပြည်တော်တွင် ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကမူ ဆင်းရဲနွမ်းပါးသည့်ပြည်သူအများစုပါဝင်သည့် လူဦးရေသန်း ၅၀ ကျော်ရှိသော မြန်မာနိုင်ငံကို စစ်မှန်သော နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများပြုလုပ်လိုသည့် မြန်မာအစိုးရ၏ ဦးတည်ချက် သဘောထားအပေါ် သတိကြီးစွာဖြင့် အကောင်းမြင်ပါကြောင်း ထုတ်ဖော် ပြောဆိုထားသည်။

***********************************************************************************

အိန္ဒိယ၊ တရုတ်တို့နှင့် ဆက်ဆံရေးများ ဟန်ချက်ညီအောင် မြန်မာကြိုးစား

(Reuters မှ 16 Oct 2011 ရက်စွဲပါ “Myanmar trying to balance relations with India and China” ကို ဘာသာ ပြန်ဆိုသည်)

မြန်မာအမျိုးသားတို့၏ ရိုးရာဝတ်စုံအဖြစ် အိန္ဒိယပုံစံ လုံချည်နှင့် တရုတ်စတိုင်ကုတ်ကို အဆင်ပြေပြေ တွဲဖက်လိုက်ခြင်းဖြင့် အံဝင်ခွင်ကျ ဖြစ်သွားသည့်နည်းတူ မြန်မာနိုင်ငံအနေဖြင့်လည်း ဆယ်စုနှစ်ချီ အာဏာရှင် အုပ်ချုပ်ရေး စနစ်ကို ဖြေလျော့ကာ ပြင်ပကမ္ဘာသို့ လှမ်းမျှော်ကြည့်နေပြီ ဖြစ် ရာ အိမ်နီးချင်းအင်အားကြီး နှစ်နိုင်ငံနှင့် အသီးသီး ဆက်ဆံမှုများ ဟန်ချက်ညီအောင် ကြိုးစားနေသည့် လက္ခဏာ ရှိနေသည်။

မြန်မာနိုင်ငံ၏ တပ်မတော်နောက်ခံအစိုးရက တိုင်းပြည်၏ အထီးကျန် အပယ်ခံ အနေအထားကို အဆုံးသတ်ကာ စီးပွားရေး နာလံထူနိုင်စေရန် အတွက် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လမ်းကြောင်းကို ဦးဆောင်နေပြီဖြစ်သောကြောင့် အနောက်ဖက်မှ အိန္ဒိယနိုင်ငံနှင့် အရှေ့ဖက်မှ တရုတ်နိုင်ငံတို့ အကြား၌ ကြားညှပ်တည်ရှိသော မြန်မာနိုင်ငံအနေဖြင့် အထက်ပါဟန်ချက်ထိန်း လုပ်ငန်းကို အပတ်တကုတ် ကြိုးစား အားထုတ်ရန် လိုအပ်မည် ဖြစ် သည်။

အနောက်နိုင်ငံများ၏ Sanctions ပိတ်ဆို့မှုကြောင့် အသက်ရှုကြပ်လာသော မြန်မာနိုင်ငံသည် အသက်ဝဝ ရှုနိုင်အောင် ဘေဂျင်းကို ကာလ ကြာမြင့်စွာ မှီခိုအားထားခဲ့ရပြီး စစ်လက်နက်ပစ္စည်းများ၊ ချေးငွေများ၊ အခြေခံ အဆောက်အဦးစီမံကိန်းများအတွက် အကူအညီရယူခဲ့ရသည်။ သို့သော် လည်း မြန်မာပြည်ထက်ဝက်ခန့် ကိုလိုနီလက်ထဲ ရောက်နေပြီဟု နိုင်ငံတွင်း ပြည်သူအများစုက သတ်မှတ်ယူဆလာကြကာ အလွန်လက်မြန်ခြေမြန် ရှိ သော တရုတ်နိုင်ငံ အပေါ် မှီခိုနေရခြင်းကို လျှော့ချရန်အတွက် ယခုအခါ အိန္ဒိယနိုင်ငံကို စည်းရုံးဆွဲဆောင်ကာ ချိုချိုမြမြ ဆက်ဆံလျက် ရှိသည်။

ယခုအထိ တရုတ်နိုင်ငံက ဒေါ်လာအောက်ကြေးဖြင့် ကမ်းလှမ်းထားခဲ့သော ဓာတ်ငွေ့နှင့် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက် သုံးစွဲခွင့်အတွက် အာရှ အင်အားကြီး နှစ်နိုင်ငံ ပြိုင်ဆိုင်ခြင်းမှ တစ်ဆင့် မြန်မာအတွက် ပို၍ အကျိုးရှိမည့် သဘောတူညီချက်များ ရရှိလိမ့်မည်ဟု မြန်မာတို့က မျှော်လင့်နေ ကြခြင်း ဖြစ်သည်။

၁၉၉ဝ ခုနှစ်များ နှောင်းပိုင်း အိန္ဒိယ-မြန်မာ ဆက်ဆံရေး စတင်နွေးထွေးလာသည့် ကာလက နိုင်ငံခြားရေးဌာန အတွင်းဝန်ဖြစ်ခဲ့သူ လာလစ် မန်ဆင်းက “ဒီနိုင်ငံကြီး ၂ နိုင်ငံ ဖြစ်တဲ့ အိန္ဒိယနဲ့ တရုတ်အကြောင်းကို မြန်မာတွေ အများကြီး သိထားတယ်ဆိုတာက ယေဘုယျသဘောလောက်ပဲ ရှိပါ တယ်။ သူတို့ (မြန်မာနိုင်ငံ)အတွက် အကျိုးအမြတ် အများဆုံး (အမြင့်ဆုံး) ရရှိအောင် ဒီနှစ်နိုင်ငံစလုံးနဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်မလဲဆိုတာကို သူ တို့ (မြန်မာ) လေ့လာသင်ယူရမှာပါ” ဟု သုံးသပ်ပြောကြားပြီး အများစုကမူ “အစီအစဉ်ရှိပြီးသား ဖြစ်ပုံရသည်” ဟု ပြောဆိုနေကြသည်။

ပြီးခဲ့သော နှစ်ပတ်ခန့်ကမူ မတ်လက အာဏာရရှိလာသော နှစ်ပေါင်း ၅ဝ အတွင်း ပထမဆုံး အရပ်သားသမ္မတ ဦးသိန်းစိန်က ယခင်အစိုးရ၏ လက်စလက်န ဖြစ်သော ထွက်သမျှ ဓာတ်အား အကုန်လုံးနီးပါးသည် ပြည်တွင်းအတွက် မဟုတ်သော တရုတ်တို့ကို တရုတ်ဘာသာဖြင့် နှုတ်ဆက်ခဲ့ သော တပ်မတော်အစိုးရဟောင်း၏ အထင်ရှားဆုံး သာဓကတစ်ခုဖြစ်သော ဒေါ်လာ ၃.၆ အငြင်းပွားဖွယ် မြစ်ဆုံတမံ စီမံကိန်းကြီးကို ရုတ်တရက် ရပ်ဆိုင်းလိုက်ခြင်းဖြင့် ဘေဂျင်းကို လွန်စွာ တုန်လှုပ်သွားစေခဲ့သည်။

ထိုကဲ့သို့ နိုင်ငံတကာ၏ အာရုံကို ရုတ်တရက် ဖမ်းစားပြလိုက်သည့် မြန်မာသမ္မတဦးသိန်းစိန်သည် အိန္ဒိယနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် ပထမဆုံးအကြိမ် အလည်အပတ် ရောက်ရှိကာ ဗုဒ္ဓဘုရားရှင် သုံးနေ့နှင့် သုံးည တရားထိုင်ကာ တရားထူးရတော်မူခဲ့သော ဗောဓိညောင်ပင် တည်ရှိရာ ဗုဒ္ဓဂါယာ တခွင်လှည့်လည် ဘုရားဖူးခြင်းဖြင့် အိန္ဒိယခရီးစဉ်ကို စတင်ခဲ့လေသည်။

“အခုလို မြန်မာအစိုးရက မြစ်ဆုံတမံကို ရပ်ဆိုင်းပြီးတော့ အိန္ဒိယနိုင်ငံကို အလည်အပတ်ခရီး ထွက်သွားတာဟာ မြန်မာအစိုးရကို လျှော့တွက် ထားလို့ မရဘူးဆိုတာကို ပြသလိုက်တာပါပဲ” ဟု Austrilia’s National Security College မှ အာရှရေးရာ ကျွမ်းကျင်သူ ခရစ်စတိုဖာရောဘတ် (Christopher Roberts) က မှတ်ချက်ပေး ပြောကြားလိုက်သည်။

********************************************************************************

တရုတ်ကွန်မြူနစ်ပါတီ အဓိက နှစ်ပတ်လည်အစည်းအဝေးကျင်းပ

(BBC News မှ 14 Oct 2011 ရက်စွဲပါ Michael Bristow ရေးသားသော “China Communists hold key annual meeting” ကို ဘာသာ ပြန်ဆို သည်)

တရုတ်ကွန်မြူနစ်ပါတီသည် ယခုနှစ်အတွင်း အရေးကြီးဆုံး အစည်းအဝေးကို လာမည့်လေးရက်ခန့် ဆက်တိုက် ကျင်းပမည်ဖြစ်သည်။ ပါတီ ဗဟိုကော်မတီစုဝေးမှုသည် လာမည့်နှစ်ခေါင်းဆောင်ပိုင်း ပြောင်းလဲမှု မတိုင်မီ နောက်ဆုံး အစည်းအဝေး ဖြစ်သည်။ ၂ဝ၁၂ ပါတီကွန်ဂရက်အပြီးတွင် သမ္မတ ဟူကျင့်တောင် အနားယူမည်ဖြစ်ပြီး ဝန်ကြီးချုပ် ဝမ်ကြားပေါင်နှင့် ယင်း၏ အစိုးရသည်လည်း ထိုနှစ်တွင်ပင် သက်တမ်းကုန်မည်ဖြစ်သည်။

သို့သော် မည်သည့်အကြောင်းအရာများကို ဆွေးနွေးမည်ဆိုသည်ကို ပါတီက သဲလွန်စပေးခြင်း မရှိပေ။ မီဒီယာများတွင် ဖော်ပြသည်ကို ကြည့် ၍ အကဲဖြတ်ရလျှင် ယခုအစည်းအဝေးသည် ထွေထွေထူးထူး မရှိဟု ဆိုရမည် ဖြစ်သည်။ တရုတ်နိုင်ငံပိုင် ဆင်ဟွာ (Xinhua) သတင်းဌာနမှ သတင်း တွင်း သတင်းတိုလေးမျှသာ ဖော်ပြထားသည်။

ပါတီဗဟိုကော်မတီအစည်းအဝေးကို ဘေဂျင်းတွင် ကျင်းပမည်ဖြစ်ပြီး လေးရက်ကြာ ကျင်းပမည်ဟု သတင်းက ဆိုသည်။ သို့သော် ယခု အစည်းအဝေးသည် တရုတ်ကွန်မြူနစ်ပါတီ၏ အရေးအကြီးဆုံး နှစ်ပတ်လည် အစည်းအဝေး ဖြစ်သည်။ နှစ်စဉ်အစည်းအဝေး၏ အဓိက အကြောင်း အရာ တစ်ခုစီ ရှိရာ ယခုအစည်းအဝေးကို “ယဉ်ကျေးမှု” ဟု ဆိုသည်။ သို့သော် ပို၍ လေးနက်သော အကြောင်းအရာများ ဆွေးနွေးလိမ့်မည်ဟု လူတိုင်း က ထင်ကြေးပေးနေကြသည်။

တရုတ်နိုင်ငံ၏ ထိပ်တန်းခေါင်းဆောင်များ အားလုံးသည် လာမည့်နှစ်မှစ၍ မျိုးဆက်သစ်သို့ အာဏာလွှဲပေးမည် ဖြစ်ရာ ကန့်လန့်ကာ နောက် ကွယ် တွင် ရာထူးနေရာအတွက် ပြင်းထန်သော ကြိုးပမ်းမှုများ ရှိလာမည်ဖြစ်သည်။

ဆွေးနွေးမည့်အဓိက အကြောင်းအရာများ ရှိနေဦးမည်ဖြစ်ရာတွင် ယင်းအကြောင်းအရာတို့မှာ စီးပွားရေးကို ပြန်လည်ချိန်ညှိရေး၊ ကမ္ဘာပေါ်တွင် တရုတ်ပြည်၏ နေရာ ကြီးထွားလာသော အင်တာနက် အသိုင်းအဝိုင်း စသည်တို့ ဖြစ်သည်။ အင်တာနက် အသိုင်းအဝိုင်း ကြီးထွားလာမှုသည် လူထုကြား အခြေအတင် ဆွေးနွေးမှုများကို ပါတီက ချုပ်ကိုင်မှု မလုပ်နိုင်တော့ပေ။ အစည်းအဝေးမကျင်းပမီ ဆွေးနွေးမည့် အကြောင်းအရာများ မဖော်ပြသကဲ့သို့ ပြီးသွားခဲ့လျှင်လည်း များများစားစား ကြေညာလိမ့်မည်မဟုတ်ဟု ယူဆရသည်။

********************************************************************************

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ ပိုမိုလုပ်ဆောင်သွားရန် မြန်မာအစိုးရကို ဖိလစ်ပိုင်တိုက်တွန်း

(12 Oct 2011 ရက်စွဲပါ၊ AFP သတင်းဌာနမှ "Philippines urges Myanmar to do more democracy" ကို ဘာသာပြန်ဆိုသည်)

မြန်မာအစိုးရအနေဖြင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများကို ဆက်လက်ပြုလုပ်သွားရန် ဖိလစ်ပိုင်နိုင်ငံ သမ္မတ ဘန်နီဂိုအာကွီနိုက တိုက်တွန်း ပြောဆိုပြီး စစ်တပ်သြဇာလွှမ်းမိုးမှုရှိသည့် မြန်မာပြည်တွင်း လတ်တလော နိုင်ငံရေး တိုးတက်ဖြစ်ထွန်းမှုများကို ကြိုဆိုလိုက်သည်။

"မြန်မာအစိုးရခေါင်းဆောင်တွေ အကောင်အထည်ဖော်မယ်လို့ ကတိပေးထားတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေပြီလို့ ယူဆရပါတယ်။ ဒီမိုကရေစီ အတွက် နေရာတွေ ပိုမိုဖြစ်ထွန်းလာပုံလည်း ရှိပါတယ်။ မြန်မာအစိုးရအနေနဲ့ အဲဒီလို ပြုပြင်ပြောင်းလဲမှုတွေ ဆက်လက်လုပ်ကိုင်သွားဖို့ ကျွန်တော်တို့က တိုက်တွန်းလိုပါတယ်" ဟု မစ္စတာ Aquino က ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများပြုလုပ်မည်ဟူသော မြန်မာအစိုးရ၏ ကတိ ကဝတ် များကို ရည်ညွှန်းပြီး သတင်းထောက်များကို ပြောဆိုသည်။

နှစ်ပေါင်း ၇ နှစ်ဆက်တိုက် နေအိမ်အကျယ်ချုပ်ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသော ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာပြီးနောက်ပိုင်း ထပ်မံဖမ်းဆီးချုပ်နှောင်ခံရခြင်း မရှိသည်ကိုတွေ့ရကြောင်း၊ ထို့ပြင် အတိုက်အခံအင်အားစုများ စုစည်းတွေ့ဆုံမှုများလည်း လွတ်လပ် စွာ လုပ်ကိုင်လာနိုင်သည်ကိုလည်း တွေ့ရ ပါကြောင်း ၎င်းကမှတ်ချက်ပြုပြောဆိုသည်။

မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသား ၃၀၀ နီးပါးခန့်ကိုလွတ်ငြိမ်းချမ်းသာခွင့်အစီအစဉ်ဖြင့် လွှတ်ပေး လိုက်ပြီးနောက် ဖိလစ်ပိုင်သမ္မတက မြန်မာနှင့်ပတ်သက်၍ ယခုလိုထင်မြင်သုံးသပ်ချက်များ ပြောဆိုလိုက်ခြင်းဖြစ်သည်။ မြန်မာအစိုးရသည် အောက်တိုဘာလ ၁၂ ရက်နေ့တွင် အကျဉ်းသား ၆၃၅၉ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပြုမည်ဟု အမိန့် ထုတ်ပြန်ခဲ့သည်။ အဆိုပါအမိန့်ဖြင့် လွတ်မြောက်လာသူ နိုင်ငံရေးအကျဉ်းသားများထဲတွင် အစိုးရ ဝေဖန်ရေးသမားနှင့် ဟာသ အနုပညာရှင် ဇာဂနာ(ဦးသူရ) အပါအဝင် အတိုက်အခံနိုင်ငံရေးသမားများလည်း ပါဝင်သည်။

ဖိလစ်ပိုင်နိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ဝင် ၁၀ နိုင်ငံတွင် မြန်မာနိုင်ငံအား ပြင်းပြင်းထန်ထန် ဝေဖန် ပြောဆိုမှုများ ပြုလုပ်ခဲ့သော နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့သော်လည်း ယခုလက်ရှိ တိုးတက်ဖြစ်ထွန်းမှုများကို ကြိုဆိုကြောင်း ထုတ်ဖော်ခဲ့သည်။ မြန်မာနိုင်ငံသည် စစ်အာဏာရှင်စနစ်မှ အရပ်သား အစိုးရထံသို့ အာဏာလွှဲပြောင်းကာ ဒီမိုကရေစီ စတင်ကျင့်သုံးရန် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေသည့်တိုင် လက်ရှိအချိန်ကာလအထိ အနောက် နိုင်ငံများ၏ ကျယ်ပြန့်သော စီးပွားရေးပိတ်ဆို့မှုများ ခံနေရဆဲပင်ဖြစ်သည်။           

*********************************************************************

မြန်မာနိုင်ငံပွင့်လင်းလာမှုနောက်ကွယ်က ရင်းနှီးမြှုပ်နှံမှု မျှော်လင့်ချက်

(15 Oct 2011 ရက်စွဲပါ၊ Reuters သတင်းဌာနမှ "Investment prospects behind Myanmar's opening up to the world" ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ မြောက်ဖျားပိုင်း ကချင်ပြည်နယ်ရှိ အကျဉ်းထောင်တွင်အစိုးရဝေဖန်ရေးသမားနှင့် ဟာသ အနုပညာရှင် ဇာဂနာ(ဦးသူရ) တစ် ယောက် ၎င်း၏မိသားစုဝင်များ အပါအဝင် ကမ္ဘာကြီးနှင့် အဆက်အသွယ်ပြတ်ကာ ဖမ်းဆီးချုပ်နှောင် ခံထားရသည်။ မြန်မာစစ်အစိုးရအပေါ် နာဂစ် မုန်တိုင်း ကယ်ဆယ်ရေးကိစ္စနှင့်ပတ်သက်၍ ဝေဖန်ပြောဆိုမှုများ ပြုလုပ်ခြင်းကြောင့် ထောင်ဒဏ် ၅၉ နှစ် ပြစ်ဒဏ်ချမှတ်ခံထားရခြင်းဖြစ်သည်။ ကိုဇာဂနာ၏ မိဘနှစ်ပါးမှာ ၎င်းအကျဉ်းကျခံထားရစဉ် ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။ ဆွေမျိုးသားချင်းများနှင့် ကိုဇာဂနာ အဆက်အသွယ် မရခဲ့သည်မှာ လည်း တစ်နှစ်ကျော်ခန့်ရှိပြီဖြစ်သည်။

 ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့ နံနက်စောစော ၅ နာရီ ၃၀ မိနစ်ခန့်၌ အကျဉ်းထောင် အစောင့်များက ကိုဇာဂနာကို လာနှိုးကြ သည်။ ၎င်းအပါအဝင် အခြား နိုင်ငံရေးအကျဉ်းသားများကို လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် လွှတ်ပေးရန် လာနှိုးခြင်းဖြစ်သည်ကို သိလိုက်ရသောအခါ ကိုဇာဂနာ တစ်ယောက် အတော်ပင် ဝမ်းသာပီတိ ဖြစ်သွားသည်။ လွန်စွာတင်းကြပ်ပြီး အာဏာရှင်ဆန်လွန်းသော စနစ်ကျင့်သုံးသည့် မြန်မာအစိုးရ အနေ ဖြင့် နောက်ဆုံးတွင် အပြောင်းအလဲ ပြုလုပ်လာရပြီဟု ကိုဇာဂနာထင်မှတ်ခဲ့သည်။

အချိန်များစွာမကြာလိုက်ပါ။ မိမိ၏ စိတ်လှုပ်ရှားမှုများနှင့် ပျော်ရွှင်မှုများမှာ မကြာခင်ပင် စိတ်ဆိုးဒေါသ ထွက်ရသည့် အခြေအနေသို့ ရောက် သွားရကြောင်း ကိုဇာဂနာကပြောပြသည်။ ကိုဇာဂနာကဲ့သို့ နိုင်ငံရေးအတွက် တက်ကြွစွာလှုပ်ရှားခဲ့သူ နှစ်ထောင်နီးပါးခန့်မှာ မြန်မာနိုင်ငံရှိ အကျဉ်း ထောင် အသီးသီးတွင် ဆက်လက်ထိန်းသိမ်း ခံထားရဆဲဖြစ်သည်။ ကိုဇာဂနာ အကျဉ်းချခံခဲ့ရသည့် မြစ်ကြီးနားအကျဉ်းထောင်တွင်လည်း နိုင်ငံရေး အကျဉ်းသား ၁၈ ဦး ဆက်လက် ကျန်ရှိနေဆဲဖြစ်သည်။ "သူတို့သာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အမှန်တကယ်ရယူချင်တယ်ဆိုရင် နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကိုလွှတ်ပေးသင့်တယ်" ဟု စွယ်စုံရ အနုပညာရှင်တစ်ဦးလည်းဖြစ်သော ကိုဇာဂနာက ရန်ကုန်မြို့တွင်ပြုလုပ်သော အင်တာ ဗျူး၌ ပြောကြားသည်။ အာရှတွင် မဟာဗျူဟာ အလှည့်အပြောင်းဖြစ်မည့် အနေအထားသို့ ရောက်ရှိနေသော မြန်မာနိုင်ငံက နှစ်ပေါင်း ၅၀ တာ ကာလ ကြာမျှ အထီးကျန်ဖြစ်ခဲ့မှုအဆုံးသတ်မည့် အရိပ်လက္ခဏာများ ထုတ်ဖော်ပြသနေမှုနှင့် ပတ်သက်၍ လူအများက မေးခွန်းထုတ်သည့်အတိုင်းပင် ကိုဇာဂနာ က ယခုလိုမေးသည်။

"မြန်မာနိုင်ငံဟာ တကယ်ပဲ ပွင့်လင်းလာပြီလား" မြန်မာခေါင်းဆောင်များနှင့် နီးစပ်သော သံတမန်များနှင့် ဥပဒေပြုသမားများ၏ အဆိုအရ ဆိုပါက ကိုဇာဂနာ၏ မေးခွန်းအတွက်အဖြေမှာ ဟုတ်မှန်သည်ဟုပင် ဆိုရပါမည်။ နိုင်ငံရေး အကျဉ်းသားများ အနည်းငယ်မျှသာ လွှတ်ပေးမှုကြောင့် စိတ်ပျက် အားလျော့မှုများ ဖြစ်ပေါ်ခဲ့သည့်တိုင် ယခုနှစ်အတွင်း အရှိန်အဟုန်နှင့် ဖြစ်ပေါ်ခဲ့သော ပြုပြင်ပြောင်းလဲမှုများမှာ ဆက်လက်ဖြစ်ပေါ်လာ ဖွယ် ရှိသည်။

လက်တလောပေါ်ထွက်လာသော အစိုးရ၏ ကမ်းလှမ်းချက်များကိုကြည့်ပါက တိုင်းရင်းသား လူနည်းစု အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းခြင်း၊ အစိုးရအပေါ် ပြစ်တင်ဝေဖန်မှုများအပေါ် သည်းညဉ်းခံခြင်း၊ မီဒီယာထိန်းချုပ်မှုများကို ဖြေလျှော့ပေးခြင်း၊ နှစ်ပေါင်း ၁၅ နှစ် တာမျှ နေအိမ်အကျယ်ချုပ်ကျခံခဲ့ရာမှ ပြန်လည် လွတ်မြောက်လာသော နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် အဆက်အသွယ်များ ပိုမိုပြုလုပ်လာခြင်း စသည်တို့ကို တွေ့ရသည်။

"တကယ်လို့ သူတို့အနေနဲ့ တစ်ကြိမ်ထဲမှာ အရမ်းကိုမြန်မြန်ဆန်ဆန်နဲ့ အပြောင်းအလဲတွေ အများကြီး လုပ်မယ်ဆိုရင် နောက်ကြောင်းပြန် လှည့်သွားနိုင်တဲ့ အန္တရာယ်ရှိနေပါတယ်" ဟု အမည်မဖော်ပြလိုသော ဝန်ကြီးတစ်ဦးက ဆိုသည်။ ၎င်းသည် မြန်မာနိုင်ငံနှင့်သံတမန်ဆိုင်ရာ ဆက်ဆံရေး အကဲဆတ်မှုများ ဖြစ်ပေါ်လာနိုင်သောကြောင့် အမည်နှင့် မည်သည့်နိုင်ငံမှ ဖြစ်သည်ကို မဖော်ပြခြင်းဖြစ်သည်။ ၎င်းနှင့် အရှေ့တောင်အာရှနိုင်ငံများမှ သံတမန်များသည် လာမည့် နိုဝင်ဘာလ၊ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပပြုလုပ်မည့် ထိပ်သီးဆွေးနွေးပွဲ၌ ၂၀၁၄ ခုနှစ်၊ အလှည့်ကျ အာဆီယံ ဥက္ကဋ္ဌရာထူး မြန်မာနိုင်ငံ လွှဲပြောင်းရယူမည့်ကိစ္စကို အတည်ပြုကြလိမ့်မည်ဟု မျှော်လင့်ရသည်။

*********************************************************************************************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs