yangonchronicle2011 |
၁၇.၁၀.၂၀၁၁
ပြည်တွင်းသတင်းများ
- ဝန်ကြီးများရုံး(အတွင်းဝန်များရုံး)နှင့် စစ်ရုံးတို့အား ပုဂ္ဂလိကသို့ ငှားရမ်းမည်
- မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံရန် ဂျပန် ပြန်လည်စိတ်ဝင်စား
ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ
- အောက်တိုဘာ နောက်ဆုံးပတ်တွင် လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ဆက်လက် ကြေညာရန်ရှိ
- ရွေးကောက်ပွဲလမ်းကြောင်းကိုလျှောက်လှမ်းရန် ဒေါ်အောင်ဆန်းစုကြည် ဆန္ဒရှိနေ
- အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ ထပ်မံဖြည့်စွက်
သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ
ဆောင်းပါးကဏ္ဍ
- ယှဉ်လည်းယှဉ်ပြိုင်၊ ပူးလည်း ပူးပေါင်း
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
ပြည်တွင်းသတင်းများ
ဝန်ကြီးများရုံး( အတွင်းဝန်များရုံး)နှင့် စစ်ရုံး တို့အား ပုဂ္ဂလိကသို့ ငှားရမ်းမည်
ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ဝန်ကြီးများရုံး(အတွင်းဝန်များရုံး)နှင့် စစ်ရုံးအဟောင်းတို့အား ပုဂ္ဂလိကသို့ စီးပွားရေးဆိုင်ရာလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ငှားရမ်းလုပ်ကိုင်ခွင့် ပြုမည်ဖြစ်ကြောင်း အာဆီယံ- ဂျပန် စီးပွားရေးလုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲဥက္ကဋ္ဌနှင့် မြန်မာ့ခရီးသွားလုပ်ငန်း ဘုတ်အဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာခင်ရွှေက အောက်တိုဘာ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့ မြရိပ်ညိုဟိုတယ်၌ ပြုလုပ်သော အာဆီယံ - ဂျပန် စီးပွားရေးလုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲနှင့်ပတ်သက်၍ စာနယ်ဇင်းများနှင့် တွေ့ဆုံရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်း သိရှိရသည်။
“ပန်းဆိုးတန်းနားမှာရှိတဲ့ ဝန်ကြီးများရုံးကို ငှားမယ်။ ငှားတဲ့အခါမှာ ဝန်ကြီးများရုံးမှာရှိတဲ့ ရှေးဟောင်းတွေကို လုံးဝပြုပြင်လို့ ထိလို့ မရဘူး။ အထဲမှာတော့ ပြင်ဆင်လုပ်ကိုင်နိုင်တယ်။ ငှားပြီးလုပ်မယ့်သူတွေ MTB( Myanmar Tourism Board ) ကို ဆက်သွယ်လို့ရတယ်။ MTB နဲ့ အသေးစိတ်အချက်အလက်တွေ လာဆွေးနွေးနိုင်ပါတယ်။ အဖွဲ့ကတဆင့် တင်ပြပေးမယ်။ အာဆီယံ - ဂျပန် ဆွေးနွေးပွဲမှာလည်း ဂျပန်လုပ်ငန်းရှင်တွေကို ရင်းနှီးမြှပ်နှံမှုအတွက် ဖိတ်ခေါ်မယ်၊ အဲဒီအခါမှာ စက်မှုလုပ်ငန်းကဏ္ဍတင်မကပဲ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းအတွက်ပါ မြန်မာနိုင်ငံမှာ လာရောက်လုပ်ကိုင်ဖို့ ဖိတ်ခေါ်သွားမှာပါ။ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံခြားခရီးသွားတွေ အခုထက်ပိုဝင်လာမယ့် အနေအထားရှိသလို ဝင်လာရင်လည်း ဟိုတယ်၊ ရုံးခန်းတွေ အများကြီးလိုမှာဖြစ်တဲ့အတွက် ဖိတ်ခေါ်သွားမှာပါ။ ရန်ကုန်က စစ်ရုံးချုပ်ကိုလည်း ကျယ်ဝန်းတဲ့အတွက် ဟိုတယ်လုပ်ငန်းလုပ်ကိုင်ဖို့ စီစဉ်ထားတယ်” ဟု ဒေါက်တာခင်ရွှေက ပြောကြားခဲ့သည်။
အတွင်းဝန်များရုံးကို ၁၈၆၇ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ပြီး ထိုစဉ်က ကမ်းနားလမ်း၌ တည်ရှိခဲ့သည်။ ၁၈၉၀ ပြည့်နှစ်တွင် လက်ရှိ ဗိုလ်အောင်ကျော်လမ်းနှင့် သိမ်ဖြူလမ်းအကြားသို့ ပြောင်းရွှေ့တည်ဆောက်ခဲ့သည်။ ၁၉၇၂ ခုနှစ် နှစ်ဦးကာလအထိ အတွင်းဝန်များရုံးဟု ခေါ်ဆိုခဲ့ပြီး၊ ယင်းနှစ် မတ်လမှ စ၍ ဝန်ကြီးများရုံးဟု ပြောင်းလဲခေါ်ဆိုခဲ့သည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဝန်ကြီးအချို့သည် အတွင်းဝန်ရုံး ပထမထပ်ရှိ အစည်းအဝေးခန်းမ၌ အစည်းအဝေးကျင်းပနေစဉ် လုပ်ကြံခံရပြီး ကျဆုံးခဲ့ရသည်။
သမိုင်းအစဉ်အလာကြီးမားပြီး နောင်လာနောင်သားများအတွက် အမှတ်တရ ထားရှိသင့်သော အဆောက်အအုံကြီးကို စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန် ငှားရမ်းခြင်းမှာ မသင့်တော်ကြောင်း၊ ပြတိုက်အဖြစ်သာ ဖွင့်လှစ်သင့်ကြောင်းကို သမိုင်းပညာရှင်တစ်ဦးက သုံးသပ်ပြောဆိုခဲ့သည်။
Ref : Weekly Eleven
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံရန် ဂျပန် ပြန်လည်စိတ်ဝင်စား
မြန်မာနိုင်ငံအတွင်း ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်လာသည်ကို တွေ့မြင်လာသည်နှင့်အမျှ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ဂျပန်နိုင်ငံသည် ပြန်လည်စိတ်ဝင်စားလာကြောင်း သိရှိရသည်။ ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီးမြှုပ်နှံမည့် အနေအထားရှိပြီး အထူးသဖြင့် စက်မှုကဏ္ဍတွင် အဓိက ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း အာဆီယံ- ဂျပန် စီးပွားရေးလုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲဥက္ကဋ္ဌ ဒေါက်တာခင်ရွှေက ပြောကြားခဲ့သည်။
“ဂျပန်အနေနဲ့ တရုတ်မှာ အများဆုံး မြှုပ်နှံတာကနေ နောက်ပိုင်းမှာ အာဆီယံဘက်မှာ မြှုပ်နှံဖို့ ပိုပြီးစိတ်ဝင်စားလာတယ်။ ဒါပေမယ့် အာဆီယံလို့ဆိုတိုင်း မြန်မာ မပါဘူး။ မြန်မာကိုရှောင်ပြီး အခြား အာဆီယံနိုင်ငံတွေမှာ Invest လုပ်တယ်။ မြန်မာအနေနဲ့က နိုင်ငံရေးတည်ငြိမ်မှုမရှိခဲ့သလို Invest လုပ်ဖို့ဆိုရင်လည်း ညှိနှိုင်းနေတာနဲ့တင် အရမ်းကြာနေတယ်။ Sanctions ကြောက်လို့လည်း မလာတာ။ ပြီးတော့ မြန်မာမှာ အာဂျီနိုမိုတို ကုမ္ပဏီနဲ့ ကွန်ပြူတာ ကုမ္ပဏီတစ်ခု လာပြီး မြှုပ်နှံပြီးမှ ပြန်ပျက်ခဲ့တဲ့ သာဓက ရှိခဲ့တဲ့အတွက်လည်း ရှောင်တာဖြစ်မှာပါ။ ၂၀၁၀ အထိကို ဘယ်လိုပဲ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ တိုက်တွန်းတိုက်တွန်း မလာဘူး။ နောက်ဆုံး ပြည်ပဆွေးနွေးပွဲတွေမှာ ဗီယက်နမ်နဲ့အပြိုင် ပြောတာတောင် မြန်မာကို စိတ်မဝင်စားတဲ့အထိ ဖြစ်ခဲ့တယ်။ အခုတော့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတချို့ ရှိလာတဲ့အတွက် ပြန်ပြီး စိတ်ဝင်စားလာတယ်။ ပြီးတော့ အရင်က မြေငှားရင် တစ်နှစ်ပဲ ငှားရမ်းခွင့်ရှိတာ၊ အခု နှစ် ၃၀- ၆၀ ငှားရမ်းလို့ ရနေပြီဖြစ်တဲ့အတွက်လည်း ပြန်စိတ်ဝင်စားလာတာပါ။ ဒီနှစ်မှာတော့ ဂျပန်ကို ရဲရဲတင်းတင်းပဲ ပြောအားရှိသွားပြီ။ ဂျပန်အနေနဲ့လည်း ကျွန်တော်တို့ မြန်မာနိုင်ငံမှာလုပ်မယ့် အာဆီယံ - ဂျပန် ဆွေးနွေးပွဲက တဆင့် ရင်းနှီးမြှုပ်နှံမှုတွေ အလုံးအရင်းနဲ့ လာဖို့ရှိတယ်။ ဂျပန်က လာမယ်ဆိုရင် Industrial အနေနဲ့ပဲလာမှာ” ဟု ဒေါက်တာခင်ရွှေက ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံထားသည့် ပမာဏမှာ ၂၀၁၁ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့အထိ အမေရိကန်ဒေါ်လာ ၂၁၁ သန်းကျော်သာရှိပြီး၊ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုစာရင်းအရ အဆင့် ၁၂ နေရာတွင်သာ ရှိကြောင်းသိရှိရသည်။
အာဆီယံ- ဂျပန် စီးပွားရေးလုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲကို မြန်မာနိုင်ငံတွင် ကျင်းပနိုင်ခြင်းကြောင့် အာဆီယံ နိုင်ငံများမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဂျပန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံသို့ လာရောက်ပြီး မြန်မာနိုင်ငံ၏ ပြောင်းလဲလျက်ရှိသော နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ပကတိ အခြေအနေများကို သိရှိနိုင်မည်ဖြစ်ပြီး၊ မြန်မာနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်များနှင့်လည်း ထိတွေ့ဆက်ဆံနိုင်မည်ဖြစ်ကာ စီးပွားရေးလုပ်ငန်းများ ပိုမိုပူးပေါင်း လုပ်ဆောင်နိုင်မည်ဖြစ်သည်။
Ref : Weekly Eleven
××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ
အောက်တိုဘာ နောက်ဆုံးပတ်တွင် လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ဆက်လက် ကြေညာရန်ရှိ
အောက်တိုဘာလ၏ နောက်ဆုံးရက်သတ္တပတ်တွင် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အားဆက်လက် ထုတ်ပြန် ရန်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်တစ်ဦးက အောက်တိုဘာ ၁၅ ရက်တွင် ပြောကြားသည်။
“လွတ်ငြိမ်းချမ်းသာခွင့်က သုံးကြိမ်လာဖို့ ရှိတယ်လို့ ကြားတယ်။ နောက်တစ်ခါကလည်း အောက်တိုဘာလအတွင်းပဲ ဖြစ်ဖို့များတယ်။ နီးစပ်တာက ၂၉ ရက်လောက် ဖြစ်နိုင်တယ်”ဟု ယင်းကဆိုသည်။
အစိုးရသစ်လက်ထက်တွင် လွတ်ငြိမ်းချမ်းသာခွင့်အား နှစ်ကြိမ် ထုတ်ပြန်ပေးခဲ့ပြီး၊ ယင်းအမိန့်များကြောင့် အကျဉ်းသား နှစ်သောင်းကျော် ပြစ်ဒဏ်မှ ကင်းလွတ်ခဲ့ပြီး၊ ယင်းအကျဉ်းသားများထဲတွင် နိုင်ငံရေးအကျဉ်းသား သုံးရာကျော် ပါဝင်ကြောင်းသိရသည်။
လွတ်ငြိမ်းချမ်းသာခွင့် အမိန့် ထုတ်ပြန်ပြီးနောက် မည်သည့် အကျဉ်းသားများ လွှတ်ပေးရမည်ကို ပြန်လည်စိစစ်ရခြင်း ကိစ္စရပ်သည် အချိန်ယူရသည့် ကိစ္စရပ် ဖြစ်ကြောင်းအကျဉ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးကပြောသည်။
“အကျဉ်းသားစာရင်းတွေက အမြဲ Update ဖြစ်နေတာဆိုတော့ လွတ်ငြိမ်းချမ်းသာခွင့် တစ်ခုကို အကောင်အထည်ဖော်မယ်ဆိုရင် အနည်းဆုံး အချိန် တစ်လကြာပါတယ်”ဟု ယင်းကဆက်လက် ပြောကြားသည်။ အစိုးရသစ်အနေဖြင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို ဆက်လက် လုပ်ဆောင်ပေးရန် လိုအပ်နေပြီး၊ ယင်းပြောင်းလဲမှု များသည် အစိုးရသစ်အပေါ် နိုင်ငံတကာ၏ အပြုသဘောဆောင်သည့် တုံ့ပြန်မှုများ ရရှိရေးကို များစွာအထောက်အကူ ပြုကြောင်း နိုင်ငံရေးအသိုက်အဝန်းက တစ်ညီတစ်ညွတ်တည်း သုံးသပ်ပြောကြားသည်။
မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင် ၄၂ ထောင်တွင် ကျန်ရှိသည့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်မှသာ နိုင်ငံတကာ၏ တုံ့ပြန်မှုကို ရရှိမည်ဖြစ်ကြောင်း NLD ပါတီ၏ တာဝန်ရှိသူဦးဥာဏ်ဝင်းကဆိုသည်။
အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် အမိန့်များဆက်လက် ထုတ်ပြန်ပေးရေးအဆိုကို သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်က အဆိုတင်သွင်းခဲ့ပြီး၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ထောက်ခံချက်ဖြင့် နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က အတည်ပြုခဲ့သည်။
YC
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
ရွေးကောက်ပွဲလမ်းကြောင်းကိုလျှောက်လှမ်းရန် ဒေါ်အောင်ဆန်းစုကြည် ဆန္ဒရှိနေ
မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ရွေးကောက်ပွဲလမ်းကြောင်းကိုလျှောက်လှမ်းရန် ဆန္ဒရှိနေကြောင်း အောက်တိုဘာ ပထမရက်သတ္တပတ်က ယင်းနှင့်တွေ့ဆုံခဲ့သည့် ရခိုင်တိုင်းရင်းသားများ ဖွံဖြိုးတိုးတက်ရေးပါတီဥက္ကဌ ဒေါက်တာအေးမောင်ကဆိုသည်။
“ပါတီဥက္ကဌတစ်ယောက် အနေနဲ့ တွေ့ခဲ့တာမဟုတ်ပါဘူး။ အမြင်တွေ ဖလှယ်ဖို့ကို ရည်ရွယ်ပြီး တွေ့ဆုံဆွေးနွေးဖြစ်တာပါ” ဟု ဒေါက်တာအေးမောင်က ပြောသည်။
လက်ရှိအချိန်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင်း သဘောထားတင်းမာသူတစ်ချို့အား ရွေးကောက်ပွဲဝင်ရန်ကိစ္စနှင့် ပတ်သက်၍ ညှိနှိုင်းနေရသည့် အခြေအနေအား ဖြတ်ကျော်နေရသည်ကို ဒေါ်အောင်ဆန်းစုကြည်က ဖွင့်ဟပြောကြားကြောင်း ယင်းကဆက်လက်ပြောကြားသည်။
“ကျွန်တော်တို့ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တရားဝင်ပါတီထောင်ပြီး ရွေးကောက်ပွဲလမ်းကြောင်းကို လျှောက်စေချင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ညီနောင်တိုင်းရင်းသား ငါးပါတီက အောက်တိုဘာ ၁၅ ရက်နေ့စွဲနဲ့ NLD ပါတီကို ရွေးကောက်ပွဲလမ်းကြောင်းလျှောက်လှမ်းဖို့ တိုက်တွန်းလိုက်ပါတယ်” ဟု မွန်ဒေသလုံးဆိုင်ရာပါတီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါ အကြောင်းအရာပါဝင်သည့် ကြေညာချက်ကို တိုင်းရင်းသားညီနောင် ၅ ပါတီက၂ ရက်ကြာဆွေးနွေး ညှိနှိုင်းကြခဲ့ပြီးမှ ထုတ်ပြန်လိုက်ခြင်း ဖြစ်ကြောင်း ယင်းကဆက်လက်ပြောကြားသည်။
အောက်တိုဘာ ၁၅ ရက်နေ့ကထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် NLD ပါတီအား ရွေးကောက်ပွဲလမ်းကြောင်းကို လျှောက်လှမ်းစေရေး၊ နိုင်ငံရေးအကျဉ်းသားတချို့အား ပြန်လွတ်ပေးလိုက်ခြင်းအပေါ် ကြိုဆိုခြင်းအပြင် ကျန်ရှိနေသည့် နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးရေး၊ တိုင်းရင်းသားဒေသများတွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခများကို ဖြေရှင်းဖို့ ပညာရှင်များနှင့် အဖွဲ့အစည်းအသီးသီးကပုဂ္ဂိုလ်များ ပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲကျင်းပပေးရေး၊ တိုင်းရင်းသားညီနောင် ၅ ပါတီ၏ ကိုယ်စားလှယ်များသည် နိုင်ငံတကာဒီမိုကရေစီပါတီများနဲ့ တွေ့ဆုံဆွေးနွေးခွင့်ရရေး၊ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဇံ လွှတ်တော်အစည်းအဝေး ကျင်းပနေချိန်တွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းခံရခြင်းအပေါ် ၀မ်းနည်းမိခြင်းများ ပါရှိကြောင်းသိရှိရသည်။
တိုင်းရင်းသားညီနောင် ၅ ပါတီတွင် ချင်းအမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများတိုးတက်ရေးပါတီ၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရက်တစ်ပါတီနဲ့ ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီတို့ ပါဝင်ကြောင်းသိရှိရသည်။
YC
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ ထပ်မံဖြည့်စွက်
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ပြည်ထောင်စုအစိုးရ အဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် ၃၅/၂၀၁၁ ဖြင့် ထပ်မံဖြည့်စွက်ခဲ့ကြောင်း သတင်းရရှိသည်။
ယင်း အမိန့်ကြော်ငြာစာ အပြည့်အစုံမှာ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်အား ပြည်ထောင်စု အစိုးရအဖွဲ့၏ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၅ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၃၄/၂၀၁၁ ဖြင့် ဖွဲ့စည်းပေးပြီး တာဝန်နှင့် လုပ်ပိုင်ခွင့်များကိုပါ ဖော်ပြအပ်နှင်းခဲ့ပြီး ဖြစ်ကြောင်း၊ အဆိုပါအမိန့်ကြော်ငြာ စာပါ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ဖြည့်စွက် သည့် အချက်များမှာ အဆိုပါ အမိန့်ကြော်ငြာစာအပိုဒ် ၆ တွင် “စုံစမ်း စစ်ဆေးရာ၌ Truth Commission အနေဖြင့် အမျိုး သားစည်းလုံး ညီညွှတ်ရေးကို ဦးတည်ဆောင်ရွက်ရန် ဖြစ်သည်” စာသားအား ဖြည့်စွက်ရမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် “ကော်မရှင်၏ အရေးယူဆောင်ရွက်ခွင့်သည် နောက်ကြောင်းပြန် သက်ရောက်မှုမရှိစေရ” စာသားအား အပိုဒ် ၇ အဖြစ် ဖြည့်စွက်ရမည်ဖြစ်ကြောင်း အမိန့်ကြော်ငြာစာအမှတ် ၃၄/၂၀၁၁ ပါအပိုဒ် (၇)(၈)(၉)(၁၀) တို့အား ဂဏန်း တစ်ခုစီတိုး၍ ပြင်ဆင်သွားရမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အမျိုး သား လူ့အခွင့်အရေး ကော်မရှင်ဖွဲ့စည်းခြင်း အမိန့်ကြော်ငြာအမှတ် ၃၄/၂၀၁၁ တွင် အပိုဒ် ၂ မှ အပိုဒ် ၁၀ ထိ ဖော်ပြထား ခြင်း ဖြစ်ပြီး ယင်းအပိုဒ်များအတွင်း၌ ထပ်မံဖြည့်စွက်သည့် အပိုဒ်များကို ထည့်ထားခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ အပိုဒ် ၆ ရှိမူရင်းဖော် ပြချက်မှာ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် မိမိ၏ လုပ်ပိုင်ခွင့်များကို ဆောင်ရွက်ရာ၌ သက်သေခံ အက်ဥပ ဒေ၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေနှင့် တရားမကျင့်ထုံး ဥပဒေတို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကျင့်သုံးနိုင်သည်ဟု ဖော်ပြ ထားသည်ဖြစ်ရာ “ စုံစမ်းစစ်ဆေးရာ၌ Truth Commission အနေဖြင့် အမျိုးသား စည်းလုံးညီညွတ်ရေးကို ဦးတည်ဆောင် ရွက်ရန်ဖြစ်သည်” ဟူသည့် စာသားအား ဖြည့်စွက်ခဲ့ခြင်းဖြစ်သည်။
Ref: Weekly Eleven
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ
“ကျွန်တော့်အနေနဲ့ နေရာရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဘယ်နေရာက ဖြစ်ဖြစ် လုပ်ပေးမယ်။ အန်တီ့အနေနဲ့ ခိုင်းလာရင် ဘာကိစ္စမဆိုလုပ်ပေးမယ်။ အထဲက ထွက်လာကြတဲ့သူတွေကိုရော၊ လူငယ်တွေအတွက်ရော အန်တီ့အနေနဲ့ ဖန်တီးပေးရင် အတိုင်းထက်အလွန်ပေါ့”
အောက်တိုဘာ ၁၈ ထုတ် TRUE NEWS အတွဲ (၄) အမှတ် (၄) တွင်ပါသည့် “ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကြားခံပါတီတစ်ခု တည်ထောင်ပြီး လူငယ်တွေကို နိုင်ငံရေးလုပ်ဖို့ လမ်းဖွင့်ပေးလျှင် မိမိထောက်ခံကြောင်း နိုင်ငံကျော်အနုပညာရှင်ဇာဂနာဆို” သတင်းမှကောက်နှုတ်ချက်
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
“တရားဝင်ဖြစ်တာတော့ ကောင်းပါတယ်။ ဒါပေမယ့် စည်းကမ်း နည်းနည်းတင်းကျပ်တယ်။ ဘယ်သူပဲဖြစ်ဖြစ် လွယ်ကူစေချင်လို့ အဝေးနေရာကနေ လာရောင်းကြတာပါ။ တချို့ဘဏ်ကျပြန်တော့ ဘောင်တွေ၊ စည်းတွေကို တအားတိကျနေကြတယ်။ ဖြစ်နိုင်ရင် စည်းကမ်းချက်က ဘဏ်အားလုံး လုပ်ဆောင်ချက် တူရင် ကောင်းမယ်။ နောက် ဒီလို ငွေလဲလှယ်ရေးကောင်တာဖွင့်ပြီးဆိုတော့ နိုင်ငံခြားငွေကြေးနဲ့ ပတ်သက်လို့ ဥပဒေတွေပြင်သင့်ပြီ။ လူတိုင်းလွတ်လပ်စွာ တရားဝင်လုပ်ကိုင်နိုင်တယ်ဆိုသော်လည်း ပြင်ဆင်ဖို့လိုတဲ့ ဥပဒေတွေကြောင့် ကိုင် ဆောင်တဲ့ နေရာမှာ မဝံ့မရဲကြဘူး။ ကျွန်တော်ဆို သူတို့ကောင်တာကပေးတဲ့ ဝယ်ပြီး၊ ရောင်းပြီးပေးတဲ့ စာရွက် (စလစ်)ကို မလွှင့်ပစ်ရဲဘူး။ သိမ်းထားရတယ်။ ဥပဒေက မပြင်ရသေးတော့ အချိန်မရွေးဖမ်းနိုင်လို့ သိမ်းထားရ တယ်။ ဖြစ်နိုင်ရင် လာရောင်းသူတိုင်း စိတ်ချမ်းသာအောင် လုပ်ထုံးလုပ်နည်းတွေ၊ ကန့်သတ်ချက်တွေကို ပြန် စဉ်းစားသင့်တယ်”
အောက်တိုဘာ ၁၈ ထုတ် TRUE NEWS အတွဲ (၄) အမှတ် (၄) တွင်ပါသည့် “သတ်မှတ်စည်းကမ်းချက်များ ကြောင့် နိုင်ငံခြားငွေကြေး ကိုင်ဆောင်သူများ အဟန့်အတားဖြစ်” သတင်းမှ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ဦးတင်ရှိန်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
မေး- လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်ပြီး အန်တီတို့ ဆွေးနွေးခဲ့တယ်ပေါ့။ အခုဆိုလည်း လွှတ်တော့မယ်လို့ သတင်းတွေထွက်ပေါ်နေတယ်။ တွေ့ဆုံဆွေးနွေးမှုကနေ ရလဒ်ကောင်းတွေ ထွက်ပေါ်လာပြီပေါ့ နောက်ထပ် ဘယ်လိုရလဒ်ကောင်းတွေထွက်ပေါ်လာမယ်လို့ မျှော်လင့်ထားပါသလဲ။
ဖြေ- အန်တီတို့ကတော့ မျှော်လင့်ထားတာချည်းပဲ။ ဒီရလဒ်တွေက တစ်ခုပြီးတစ်ခု ဆက်သွားပြီးတော့ အန်တီ တို့နိုင်ငံကို တကယ့်ကို တိုးတက်ပြီးတည်ငြိမ်တဲ့ နိုင်ငံတစ်ခုအဖြစ် အေးချမ်းတဲ့နိုင်ငံတစ်ခုဖြစ်အောင် အဲဒီအ ဆင့်ရောက်အောင်သွားရမှာပါပဲ။ ဒါကလည်း ဘယ်တော့မှမပြီးဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ ပူးပေါင်းဆောင် ရွက်တယ်ဆိုတာ အခုအချိန်မှာသာမဟုတ်ဘူး နောင်ဒီမိုကရေစီစနစ်တွေမှာလည်း ပူးပေါင်းဆောင်ရွက်မှု တွေရှိ မှာပဲ။ ဒီမိုကရေစီပါတီအချင်းချင်းစသည်ဖြင့်ပေါ့လေ။ ဒီအလေ့အကျင့်ကောင်းတွေကို အန်တီတို့နိုင်ငံမှာ ရှိသွား အောင် လုပ်သွားရမယ်။ ဒါကြောင့် အစဉ်အလာကောင်းတွေ လိုတာပေါ့။ အစဉ်အလာကောင်းမှ နောက်ကျလို့ရှိ ရင် ဘယ်လိုပြဿနာမျိုးပဲ ရင်ဆိုင်ရ အန်တီတို့ ကျော်လွှားနိုင်မှာပါ။
အောက်တိုဘာ ၂၀ ထုတ် ENVOY အတွဲ (၂) အမှတ် (၂၆) တွင်ပါသည့် “ဒေါ်အောင်ဆန်းစုကြည်နှင့် အင်တာ ဗျူး” ကောက်နှုတ်ချက်
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
“အခု ကလေးသူငယ်တွေနဲ့ဆိုင်တဲ့ မှုခင်းဖြစ်ရပ်တွေမှာ အခြားတစိမ်းတွေထက် အနီးစပ်ဆုံး ဆွေးမျိုးသားချင်း တွေက ပြစ်မှုကျူးလွန်တာတွေရှိနေတယ်။ ဆင်းရဲတဲ့ မိသားစုတွေ နေထိုင်တဲ့ အိမ်တွေက အကာအရံမရှိဘူး။ မိသားစုများတော့ ရောထွေးနေထိုင်ကြခြင်းကြောင့် လူမှုရေးအသိပညာ ထိန်းချုပ်မှုအားနည်းတဲ့သူက ပြစ်မှုကျူး လွန်တာရှိလာတယ်”
အောက်တိုဘာ ၁၇ ထုတ် The Messenger အတွဲ (၂) အမှတ် (၂၂) တွင်ပါသည့် “ဖွံ့ဖြိုးမှုနည်းသောနေရာများ တွင် ကလေးသူငယ်လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှု အဖြစ်များ” သတင်းမှ Legal Aid Project မှ စီမံကိန်းမန်နေ ဂျာ ဦးငိုင်ဆော့ခ်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
ဆောင်းပါးကဏ္ဍ
ယှဉ်လည်းယှဉ်ပြိုင်၊ ပူးလည်း ပူးပေါင်း
ဘုန်းထက်ဝင်း
၂၀၀၈ ခုနှစ် နောက်ပိုင်းကာလတွင် မြန်မာစာပေလောက၌ စကားလုံးတစ်လုံး ကျယ်လောင်စွာ မြည်ဟိန်းလာလျက် ရှိလေသည်။ အတွေးအမြင်မတူညီမှုများကို သဘောထားကြီးကြီး ရင့်ကျက်စွာ လက်ခံစဉ်းစားသင့်သည်၊ သုံးသပ်ဝေဖန်သင့်သည်။ အကျိုးစီးပွားခြင်း မတူညီသည့်အတွက် တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန်ဖယ်ရှားဖို့ကြိုးစားခြင်းသည် လူ့အဖွဲ့အစည်း၏ တိုးတက်မှုကို ဟန့်တားစေသည်။ ထို အတွက်ကြောင့် သဘောထားကွဲလွဲမှုများကို လက်ခံသည်ဟူသော “Agree to Disagress” စကားမှာ ပြုပြင် ပြောင်းလဲရေး ပညာတတ်များ၏ စိတ်အခံလိုဖြစ်လာခဲ့လေသည်။ ထိုပညာတတ်များ၏ အမြင်မှာ လူ့အဖွဲ့အ စည်းတွင် အမြင်မတူညီမှုများ၊ သဘောထားကွဲလွဲမှုများ သေချာပေါက်ရှိနေမည်သာဖြစ်လေသည်။ သို့သော် ယင်းမတူညီမှုကို ယိုးမယ်ဖွဲ့ပြီး ပိုကြီးချဲ့နေဖို့ရန် အကြောင်းမရှိတော့။ တိုင်းပြည်လည်းနာလှပြီ။ ရင့်ကျက်ဖို့ လည်းလိုပြီ။ မတူညီမှုကို လက်သင့်ခံကာ တူညီသည်များ၊ ဘုံအကျိုးစီးပွားကို တွဲလုပ်ဖို့ဖြစ်လာလေသည်။
ကိစ္စရပ်တစ်ခုတွင် အမြင်မတူညီမှုများ ရှိနိုင်သည့်တိုင် ဘုံအကျိုးစီးပွားတော့ရှိကိုရှိရမည်။ ထိုကြောင့် ဆန့်ကျင်ဘက်အသွင်ဆောင်သည့် အင်အားစုများ အချင်းချင်းမှာ ပြိုင်လည်းပြိုင်ရမည်၊ ပေါင်းလည်းပေါင်းရမည် ဖြစ်သည်။ ဤတွင် မေးစရာရှိလာသည်မှာ ဘယ်လိုအခြေအနေမျိုးတွင် ပြိုင်၍ ဘယ်လိုအချိန်အခါမျိုးတွင် ပူး ပေါင်းရမည်လဲ ဆိုခြင်းပင်ဖြစ်လေသည်။ ကိစ္စရပ်တစ်ခုတွင် ကြည့်ရှုသည့် ရှုထောင့်ခြင်းမတူညီသည့်အတွက် သဘောထားကွဲလွဲမှုများ ရှိသည့်တိုင် အပြန်အလှန်ဖယ်ရှားသည့် လမ်းကြောင်းကို မရွေးချယ်ဘဲ ကိုယ့်ရှုထောင့် မှန်ကန်ကြောင်းကို စူးစမ်းရှာဖွေ ဖော်ထုတ် ဆွဲဆောင်ရသည့်အခြေအနေမျိုးတွင် အကြိတ်အနယ်ပြိုင်ဆိုင်ရ မည်ဖြစ်ပြီး သဘောထားကွဲလွဲစရာမရှိသော ဘုံအကျိုးစီးပွား တူညီသည့် နေရာမျိုးတွင်တော့ ပူးပေါင်းဆောင်ရွက် ရမည်ဖြစ်လေသည်။ ရွေးကောက်ပွဲကို မထောက်ခံသည့်တိုင် တိုင်းပြည်တိုးတက်စေချင်သည့်အတွက်ကြောင့် ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ခြင်းလိုမျိုးကို ဆိုလိုခြင်းဖြစ်လေသည်။
ပြိုင်ဆိုင်ရသည့်အခြေအနေမျိုးတွင်တော့ လက်တွေ့ကျဖို့တော့ လိုပါသည်။ လက်တွေ့ကျသည့် အုပ်စုမှသာလျှင် ပြိုင်ပွဲတွင် အနိုင်ရဖို့များပြီး လူ့အဖွဲ့အစည်း ရွေ့နိုင် ပြောင်းနိုင်မှာဖြစ်ပေသည်။ NLD သည် ရွေးကောက်ပွဲကို ဖွံ့ဖြိုးရေးအတွက် လိုအပ် ချက်အဖြစ် မရှုမြင်ခဲ့သည့်အတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းမပြုခဲ့ပေ။ သို့သော် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ တိုင်းပြည်ဖွံ့ဖြိုးစေချင်သည့် စိတ်စေတနာ အလွန်ထက်သန်သော ပုဂ္ဂိုလ် ဖြစ်သည့်အတွက် ယခု ဦးသိန်းစိန်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ဖို့အသင့်ဖြစ်နေပြီး သူမကိုယ်တိုင်ပင် အင်တာ ဗျူးတစ်ခု၌ တိုင်းပြည်ကောင်းစားဖို့ သူကို အသုံးချလည်း အသုံးချခံအဖြစ် လက်သင့်ခံသွားမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့လေသည်။
ဦးသိန်းစိန်အစိုးရအနေဖြင့် ကောင်းမွန်သန့်ရှင်းသည့် အစိုးရတရပ်အဖြစ် ပြည်တွင်း၌ရော၊ နိုင်ငံတကာ ၌ပါ တရားဝင်မှုရှိအောင် နည်းမျိုးစုံနှင့် ကြိုးပမ်းနေသည်ကို မြင်တွေ့နေရလေသည်။ အပေါ်ယံသွင်ပြင်မဟုတ် သည့် အနှစ်သာရရှိသည့် ပြုပြင်ပြောင်းလဲမှုမျိုး ဆောင်ရွက်နေသည်ဟုလည်း ယုံကြည်ပါသည်။ သို့သော် လူ့အဖွဲ့ အစည်းအတွင်းတွင် ပြုပြင်ပြောင်းလဲမှုများကို လက်ခံသူရော၊ ခုခံသူများရော ရှိမြဲပင်ဖြစ်လေသည်။ ၎င်းခုခံသည့် အင်အားစုများ အားမကောင်းသွားအောင်တော့ သတိထားရတော့မည့် အနေအထားဖြစ်ပါသည်။ ဒီမိုကရေစီအင်အားစုများအနေဖြင့် ဦးသိန်းစိန်အစိုးရ၏ ပြုပြင်ပြောင်းလဲမှုများကို မှန်ကန်မှုနှင့် သေချာမှုရှိစေ ရန် ဝေဖန်ထောက်ပြ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါသည်။ သို့မှသာ နောက်ကြောင်းပြန်ဖို့ မရှိတော့သည့် ရှေ့ တိုးဖွံ့ဖြိုးရေးကို မိမိရရဆုပ်ကိုင်နိုင်မည် ဖြစ်ပါသည်။
ယခင် နိုင်ငံရေးအထက်တန်းလွှာမှ ပြုပြင်ပြောင်းလဲလိုသည့်အင်အားစုများရော၊ ယခုအသစ် ပေါ်ထွန်း လသည့် အပြောင်းအလဲကို လိုလားသော ဒီမိုကရက်များရော အမျိုးသားစီးပွားရေးဖွံ့ဖြိုးမှုဟူသော ဘုံအကျိုး စီးပွားကို အခြေခံ၍ ပူးပေါင်းဆောင်ရွက်နိုင်မည်ဆိုပါက စီးပွားရေးဖွံ့ဖြိုးမှုနှင့် ပတ်သက်သည့် မြင်သာထင်သာ ရှိသည့်ရလဒ်ကို မြင်တွေ့နိုင်မည်ဖြစ်သည်။ ဘုံအကျိုးစီးပွားတူညီမှုရှိသည့်အတွက် စီးပွားရေးဖွံ့ဖြိုးမှု မူဝါဒများ လည်း မှန်ကန်မှုရှိနေမည်ဖြစ်သည်။ မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံအတွက် အရင်းအနှီးစုဆောင်းမှု နှင့် ရင်းနှီးမြုပ်နှံမှုမှာ လွန်စွာအရေးကြီးပါသည်။ ဖွံ့ဖြိုးရေးပညာရှင်များပင်လျှင် အရင်းအနှီးသည် ပျက်နေသော ကွင်းဆက်ဖြစ်သည် (Capital is a missing link) ဟု ကောက်ချက်ချမှု များလည်းရှိလေရာ အရင်းအနှီးစု ဆောင်းရေးမှာ စီးပွားရေးဖွံ့ဖြိုးရေးအတွက် အရေးကြီးသော အစိတ်အပိုင်းအဖြစ် ပါဝင်နေလေသည်။ အစိုးရများသည် အရင်းအနှီးနှင့် ရင်းနှီးမြုပ်နှံမှုမြင့်မားလာစေရန် အခွန်ဆိုင်ရာပြောင်းလဲမှုများပြုလုပ်ခြင်း (ဝင်ငွေခွန်မှ သုံးစွဲမှု အခွန်သို့ပြောင်းလဲကောက်ခံခြင်း)၊ စုဆောင်းမှုကို နည်းလမ်းတကျ ဆောင်ရွက်ပေးသည့် ဘဏ္ဍရေးအဖွဲ့အစည်းများ ထူထောင်ခြင်း၊ ကိုယ့်လူ့အဖွဲ့အစည်း၏ လူမှုစီးပွားရေးဘဝနှင့် ကိုက်ညီမှုရှိသည့် အသေးစားချေးငွေလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ မလိုလားအပ်သည့် ကုန်ကျစရိတ်များ မဖြစ်ပေါ်အောင် ဗျူရိုကရေစီလာဘ်စားမှုများကို တိုက်ဖျက်ခြင်း၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို ဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်း၍ ဖိတ်ခေါ်ခြင်းတို့ကို ဆောင်ရွက်ဖို့ လိုပါသည်။ ထို့အပြင် စီးပွားရေးဖွံ့ဖြိုးမှု တွန်းအားပေးသည့် လူဦးရေဖောင်းပွမှုကို ထိန်းချုပ်ခြင်း၊ အခြေခံပညာရေးနှင့် အသက်မွေးဝမ်း ကျောင်းသင်တန်းများကို စနစ်တကျပျိုးထောင်ခြင်း၊ ကုန်သွယ်ရေး၌ ပွင့်လင်းမှုရှိအောင်ဆောင်ရွက်ခြင်း အစရှိသည့် မူဝါဒချမှတ်အ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ဖို့လိုပါသည်။
အထက်ကဆိုခဲ့သလို ပြုပြင်ပြောင်းလဲလိုသည့် အင်အားစုရော၊ အပြောင်းအလဲကို ခုခံသည့် အင်အားစုရော နက်နက်ရှိုင်းရှိုင်း သိထားသင့်သည်မှာ မြန်မာနိုင်ငံမှာ အခြားရွေးချယ်စရာ လမ်းကြောင်းသိပ်မရှိတော့ပေ။ ယခင် ပြုပြင်ပြောင်းလဲမှုများ နောက်ကြောင်းပြန်သွား၍ ရနိုင်သည်မှာ အခြားရွေးချယ်စရာ ရှိ၍ဖြစ်လေသည်။ ဤသို့နှင့် မြန်မာနိုင်ငံ၏ စီးပွားရေးမှာ သဘာဝအရင်းအမြစ်များ၊ သံယံဇာတများကိုသာ အဓိက မှီခိုသည့် စီးပွားရေးဖြစ်ခဲ့ပါသည်။ သဘာဝ သယံဇာတကိုသာ မှီခိုနေရသည့် စီးပွားရေးမှာ အဘယ်မှာ ဖွံ့ဖြိုးတိုးတက်နိုင် ပါမည်နည်း။ အိမ်နီးချင်း ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုနှင့် အင်ဒိုနီးရှားနိုင်ငံများလည်း ဖွံ့ဖြိုးရေးပန်းတိုင်ဆီသို့ မိမိရှေ့မှ ပြေးနေလေသည်။ ကျွန်တော်တို့တွေကော နိုင်ငံဖွံ့ဖြိုးရေးအတွက် ဘာကြောင့် ပူးပေါင်းဆောင်ရွက်၍ မလုပ်ဆောင်ဘဲ နှောင့်နှေး နေရမည်နည်း။
××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
Google Docs makes it easy to create, store and share online documents, spreadsheets and presentations.