Transparency Myanmar

transparency.myanmar@gmail.com

စက်မှုလုပ်ငန်းနှင့် လယ်ယာ စိုက်ပျိုးရေး ဆိုင်ရာ အခွန်အခများစွာ လျှော့ချပေးနိုင်မည့် လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက် စာချုပ်တစ်ရပ်ကို ဥရောပသမဂ္ဂ (အီးယူ) နှင့် တောင်ကိုရီးယားတို့ လက်မှတ် ရေးထိုးလိုက်ပြီ ဖြစ်ကြောင်း သတင်းများက ဆိုသည်။

အဆိုပါ စာချုပ်အရ လွတ်လပ်စွာ ကုန်သွယ်မှုသည် လာမည့် ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့တွင် စတင် သက်ဝင်မည် ဖြစ်ပြီးသော်လည်း အီးယူ ပါလီမန်၏ အတည်ပြုချက် ရယူရန် လိုအပ်နေသည်ဟု ဆိုသည်။ ဥရောပ မော်တော်ကား ထုတ်လုပ်ရေး ကုမ္ပဏီကြီးများကမူ ၎င်းတို့၏ စီးပွားရေး လုပ်ငန်းများ လုံခြုံစိတ်ချမှု ရရှိစေရေးအတွက် ဥပဒေ ရေးဆွဲသူများကို တိုက်တွန်းထားကြသည်။

ကမ္ဘာကျော် Fiat မော်တော်ကား ကုမ္ပဏီ အခြေစိုက်ရာ အီတလီ နိုင်ငံကလည်း အလားတူ အာမခံမှုများ ရယူရန် အဆိုပြုထားသည်။ အဆိုပါ လွတ်လပ်စွာ ကုန်သွယ်မှု သဘော တူညီချက်ကို အောက်တိုဘာလ ၄ ရက်နေ့က ကျင်းပပြုလုပ်သော အီးယူ-တောင်ကိုရီးယား ထိပ်သီး ဆွေးနွေးပွဲတွင် လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။

AP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

လာမည့် ၂၀၁၁ ခုနှစ် မှစ၍ လေယာဉ်စီး ခရီးသည်များအတွက် Inflight Wireless Internet ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း စင်ကာပူ လေကြောင်းလိုင်း (Singapore Airlines-SIA) အောက်တိုဘာလ ၄ ရက်နေ့တွင် သတင်း ထုတ်ပြန်သည်။ SIA အဆိုအရ အမြင့်ပေ ၃၅၀၀၀ (မီတာ ၁၀၆၀၀) အထိ WiFi Internet နှင့် မိုဘိုင်းလ်ဖုန်း ဝန်ဆောင်မှုကို လာမည့် ၂၀၁၁ ခုနှစ် ပထမ နှစ်ဝက်ခန့်မှစ၍ ပေးသွားရန် စီစဉ်ထားသည်။

"စင်ကာပူ လေကြောင်းလိုင်းကို စီးနင်းမည့် ကျွန်ုပ်တို့၏ ဖောက်သည် (Customer) များအနေဖြင့် မြေပြင်တွင် အသုံးပြုနေကျ အင်တာနက် နှင့် မိုဘိုင်းလ်ဖုန်းများကို ကောင်းကင်တွင် လေယာဉ်စီးနေရင်း အသုံးပြု သွားနိုင်တော့မည် ဖြစ်သည်" ဟု SIA က ကြေညာချက် ထုတ်ပြန်သည်။

SIA ၏ စီနီယာ ဒုတိယဥက္ကဌ  Yap Kim Wah က "အပျော်ခရီးပဲ သွားသွား၊ အလုပ်ကိစ္စနဲ့ပဲ ခရီးသွားသွား ခရီးသည်တွေ အနေနဲ့ လေယာဉ်ပေါ်မှာ Click တစ်ချက်နှိပ်ပြီး ကမ္ဘာကြီးနဲ့ ဆက်သွယ်နိုင်ပါပြီ။ လက်ရှိဖြစ်နေတဲ့ သတင်း အချက်အလက်တွေ၊ လူမှုကွန်ယက် အဖွဲ့အစည်းတွေ၊ ပူပူနွေးနွေး သတင်းတွေကို ကြည့်ရှုနိုင်မှာပါ။ Inflight Shopping လည်း လုပ်နိုင်မှာပါ" ဟု ဆိုသည်။

ယခု အစီအစဉ်ကြောင့် စင်ကာပူ လေကြောင်းသည် အာရှတွင် Internet Wireless ဝန်ဆောင်မှုနှင့် မိုဘိုင်းလ်ဖုန်း ဝန်ဆောင်မှုမျိုး ပေးသည့် ပထမဆုံး လေကြောင်းလိုင်း တစ်ခု ဖြစ်သွားသည်။ ခရီးသည်များ အနေဖြင့် အင်တာနက် ဝန်ဆောင်မှု ရယူပါက ငွေပေးချေရမည် ဖြစ်ကြောင်း၊ အဆိုပါ ဝန်ဆောင်မှုများအတွက် ငွေကောက်ခံမှု အသေးစိတ်ကို အစီအစဉ် မစတင်မီ အသိပေး ကြေညာသွားမည် ဖြစ်ကြောင်း SIA က ဆိုသည်။

လေကြောင်း ခရီးသွားများက ပေးသော ဆန္ဒမဲများအရ SIA သည် ကမ္ဘာ့ထိပ်တန်း လေကြောင်း လိုင်းများထဲတွင် တစ်ခု အပါအဝင်ဖြစ်သည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဖျက်သိမ်းခံလိုက်ရမှုနှင့် ပတ်သက်ပြီး စစ်အစိုးရကို ဗဟို တရားရုံးချုပ်တွင် အမှုဖွင့် တရားစွဲဆိုထားကြောင်း သူမ၏ ရှေ့နေက ပြောကြားလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ NLD သည် နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲကို သပိတ် မှောက်ခဲ့သောကြောင့် ယခုအခါ တရားဝင် ပါတီအဖြစ်မှ ဖိအားပေး ဖျက်သိမ်းခံလိုက်ရပြီ ဖြစ်သည်။ အဆိုပါ ရွေးကောက်ပွဲသည် စစ်အစိုးရကို အရပ်ဘက် အစိုးရ အသွင် ကူးပြောင်းသည့် နိုင်ငံရေး ဖြစ်စဉ် တစ်ခုသာ ဖြစ်သည်ဟု အနောက်နိုင်ငံ အတော်များများက ပြစ်တင် ဝေဖန်ကြသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ပြီးခဲ့သည့် ၁၉၉၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်လုံးကျွတ် အတိုင်းအတာဖြင့် အနိုင်ရရှိခဲ့သော်လည်း စစ်အစိုးရက
အာဏာ လွှဲပြောင်းပေးခြင်း မရှိခဲ့ပေ။ ဒေါ်အောင်ဆန်းစုကြည်သည်လည်း နှစ်ပေါင်း ၂၀ ကျော် ကာလအတွင်း ၁၅ နှစ်တာမျှ နေအိမ်အကျယ်ချုပ် ဖမ်းဆီး ချုပ်နှောင်ခံခဲ့ရသည်။

ပြီးခဲ့သည့် မေလအတွင်းက ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီ ပယ်ဖျက်ခံရသည့်အတွက် စစ်အစိုးရကို အမှုဖွင့် တရားစွဲဆိုခဲ့သော်လည်း ဗဟိုတရားရုံးချုပ်က ပယ်ချခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေက "အခုလို တရားစွဲဆိုမှုတွေ ဆက်ပြီး လုပ်နေတာဟာ ကျွန်တော်တို့ အလျှော့မပေးဘူးဆိုတဲ့ သဘောပါ။ တကယ်လို့ ကျွန်တော်တို့သာ အလျှော့ပေးလိုက်ရင် ကျွန်တော်တို့ ဘာမှလုပ်စရာ ကျန်မှာ မဟုတ်ပါဘူး" ဟု ဆိုသည်။

Straits Times သတင်းစာမှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(တရားဝင် ရွေးကောက်ပွဲ တစ်ခုထက် အတုအယောင် ရွေးကောက်ပွဲက မြန်မာပြည်သူများအတွက် အဘယ်ကြောင့် ပိုကောင်းသနည်း)

Foreign Policy, By Daron Acemoglu and James A. Robinson, 30th October 2010

နိုဝင်ဘာလတွင် မြန်မာ အစိုးရသည် ရှားရှားပါးပါး ရွေးကောက်ပွဲ ကျင်းပပေးမည် ဆိုသောအခါ ပြဿနာ ပေါင်းစုံနှင့် တိုင်းပြည်အတွက် စစ်အစိုးရသည် အမှန်တကယ် ပြောင်းလဲမှုများ လုပ်ပေးလေမလားဟု စိတ်ကူး ကြည့်မိကြမည်မှာ အမှန် ဖြစ်သည်။ ပြီးခဲ့သည့် သောကြာနေ့က ကုလ သမဂ္ဂတွင် မြန်မာအစိုးရ တာဝန်ရှိသူ တစ်ဦးသည် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ မဲပေးခွင့် ရရှိမည်ဟု အတည်ပြု ပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်မှာ မဲပေးခွင့် ရမည် ဖြစ်သော်လည်း သူမကို ပါတီတွင် ပါဝင်ခွင့် မရအောင် ပြုလုပ်ထားပြီး သူမ၏ နေအိမ် အကျယ်ချုပ်ကို ရုပ်သိမ်းခြင်း မပြုသေးပေ။ ထိုအကြောင်းအရာကို ကြည့်ခြင်းဖြင့် စစ်အစိုးရသည် နှစ်ပေါင်း(၄၈) နှစ် ကြာနေပြီ ဖြစ်သော အကြွင်းမဲ့ အာဏာရှင် စနစ်ကို နက်နက်ရှိုင်းရှိုင်း ပြုပြင်ရန် အစ ပြုလိုစိတ် မရှိဟု ညွှန်ပြနေသယောင် ရှိသည်။

အထက်ပါ အချက်များ ရှိသော်ငြားလည်း မြန်မာ နိုင်ငံ၏ စစ်သား အုပ်ချုပ်သူများ၏ ယင်းတို့၏ ကဏ္ဍ တဖြည်းဖြည်းသာ မှေးမှိန်သွားစေလို ထိုလမ်းကို ကြောင်းပေးနေသည်လည်း ဖြစ်နိုင်ပေသည်။

ထို့ကြောင့် အလိမ်အညာ ဟူသော ရွေးကောက်ပွဲသည်ပင် မြန်မာပြည်သူများအတွက် အဓိပ္ပာယ် ရှိသော ခြားနားမှုများ ထွက်ပေါ်လာနိုင်သည်။ ပို ဆိုးဆိုးရွားရွား ဖြစ်သွားရန်မူ ခဲယဉ်းလှသည်။ စစ်အစိုးရ အုပ်ချုပ်နေသည့် ကာလအတွင်း ကြောက်စရာ ကောင်းသော အစိုးရနှင့် အလုပ် မဖြစ်သော စီးပွားရေးကြောင့် မြန်မာ ပြည်သူများသည် ဒုက္ခပေါင်းစုံ ကြုံကြရသည်။ ပြည်သူများကလည်း စစ်ဗိုလ်ချုပ်များကို ခံစား သွားစေရအောင် ပြုလုပ်ခဲ့ကြသည်။ စစ်ဗိုလ်ချုပ်များသည် ယင်းတို့ အာဏာ ဆုပ်ကိုင်ထားရမှုအတွက် မလုံမခြုံ ခံစားနေရသော်လည်း ယင်းတို့ ချမ်းသာ ကြွယ်ဝမှုအတွက် သယံဇာတများ ဖြစ်သော သစ်နှင့်ဘိန်းတို့ မှတဆင့် ကောင်းကောင်း ရယူနိုင်ခဲ့ကြပါသည်။

မြန်မာ့ စီးပွားရေးမှာ ယခုကဲ့သို့ ဆိုးဆိုးရွားရွား အခြေအနေတွင် ရှိနေရခြင်းအတွက် အကြောင်း အချက်တစ်ခုမှာ စစ်အစိုးရက စီးပွားရေး ကြီးထွားလာမှုသည် ယင်းတို့ အုပ်စိုးမှုအတွက် အန္တရာယ် ဖြစ်သည်ဟု ယူဆသောကြောင့် ဖြစ်သည်။ နောက်ဆုံးသော် စစ်အစိုးရသည် ကိုယ့်တိုင်းပြည်ကို မင်းမဲ့ စရိုက်များ ထွန်းကားသော လူ့အဖွဲ့အစည်း ဖြစ်အောင် ပြုလုပ်ခဲ့ရုံမက အများ နှစ်သက်သော ဒီမိုကရေစီ နေရာ မရအောင် အာဏာသုံး ပြုလုပ်ခဲ့ကြသည်။ စွမ်းအားများ ပြည့်ဝနေသော တိုင်းပြည်ကို အငတ် ဘေးဆိုက်အောင် ပြုလုပ်ပြီး စစ်တပ်အာဏာ သက်ရှည်အောင် စီမံခန့်ခွဲနည်း တစ်မျိုးကို အသုံးပြုခဲ့ပြီး တိုင်းရင်းသားများနှင့် ဖြစ်လာနိုင်သော စစ်များကိုလည်း ဖန်တီးထားသည်။

စစ်အစိုးရသည် ယခုအခါ အလွန် မပြင်းထန်သော လစ်ဘရယ် ပြုပြင် ပြောင်းလဲမှုကို ချပြပြီး လူအများကို အကျပ်အတည်း (crisis) များ အဆက်မပြတ် ဖြစ်စေသော စီမံခန့်ခွဲမှု စနစ်မှသည် လက်ရှိ စစ်အစိုးရ တည်ငြိမ်စွာနှင့် ရေရှည် တရားဝင်အောင် ပြုလုပ်ထားသည့် စနစ်တစ်ခုကို ပြောင်းလဲ အသက် သွင်းနေခြင်းပင် ဖြစ်တော့သည်။ ထိုအချက်သည် ယခု ရွေးကောက်ပွဲများသည် ဘာလဲ ဆိုသည်ကို ရှင်းရှင်းလင်းလင်း ပြသလိုက်ခြင်းပင် ဖြစ်သည်။ ယခင် ၁၉၉၀ ရွေးကောက်ပွဲနှင့် လုံးဝ မတူပေ။ ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်၏ အောင်မြင်မှုကို စစ်အစိုးရ အငိုက်မိသွားခဲ့သည်။ ထို့ကြောင့် စစ်အစိုးရသည် ရလဒ်ကို လုံးဝ အသိအမှတ် မပြုခဲ့ဘဲ တုန့်ပြန်ခဲ့ပြီး ထိုစဉ်က သန္ဓေတည်စ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများ အားလုံး ရပ်ဆိုင်းသွားခဲ့သည်။

ယခု တစ်ကြိမ်တွင်မူ စစ်ခေါင်းဆောင်များသည် ရွေးကောက်ပွဲ ရလဒ်ကို ယင်းတို့ ဖြစ်စေလိုသည့် အတိုင်း ဖြစ်စေရန် သေချာစေရန် ကြိုတင် စီမံခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲတွင် ပါဝင်ခွင့်ကို တားဆီးခြင်း၊ ဥပဒေပြု ပါလီမန်တွင် ၂၅ % သော နေရာအား စစ်တပ်အတွက် ချန်ထားခြင်း၊ အာဏာ အပြည့်အ၀ ရှိသော အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီကို တည်ထောင်ခြင်း စသည်ဖြင့် ပြုလုပ်ခဲ့ကြသည်။ စစ်တပ်မှ ထိပ်တန်း တာဝန်ရှိသူ (၂၀) ကျော်သည် စစ်တပ်ရာထူးမှ နုတ်ထွက်ပြီး အရပ်သား အမတ်လောင်း အဖြစ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အောက်မှ ရွေးကောက်ပွဲ ၀င်ကြဦးမည် ဖြစ်သည်။

စစ်အစိုးရသည် နိုင်ငံတကာ စင်မြင့်တွင် အပယ်ခံနိုင်ငံ ဖြစ်နေခြင်းအား တွန်းလှန်လိုခြင်းနှင့် နိုင်ငံတွင်း မကျေနပ်မှုများကို မဖြစ်အောင် ကာကွယ် ထားလိုခြင်းတို့နှင့် စာလျှင် ဒီမိုကရေစီ စနစ်တစ်ခု တည်ထောင်ရန် စိတ်မ၀င်စားလှဟူသော အချက်မှာ ထင်ရှားသည်။ အရေးယူ ပိတ်ဆို့မှုကြောင့် နစ်နာမှုများ၊ တိုင်းရင်းသားများ၏ ပြုပြင် ပြောင်းလဲလိုမှုများ သို့မဟုတ် စစ်တပ်တွင်း ငယ်ရွယ်သော မျိုးဆက်သစ် အရာရှိများ၏ မကျေနပ်မှုများက စေ့ဆော်မှုကြောင့် မြန်မာ စစ်ခေါင်းဆောင်များသည် ယင်းတို့၏ အာဏာ ဆုပ်ကိုင်ထားမှုကို ထိပါးခြင်း မရှိဘဲ၊ ယင်းတို့ တရားဝင် ဖြစ်ရေး အတွက် ပြုလုပ်လိုကြသည်။

သို့သော် အာဏာ ဆုပ်ကိုင်မှုကို တဖြည်းဖြည်းတော့ လျှော့ပေးလာရမည်သာ ဖြစ်သည်။ တဖြည်းဖြည်းချင်း စိတ်မပါ့တပါ ပြုလုပ်ရသော ပြုပြင် ပြောင်းလဲမှုနည်းသည်သာ အာဏာရှင်များ၏ ဒီမိုကရေစီသို့ အောင်မြင်စွာ အသွင် ကူးပြောင်းရေး ဖြစ်သည်ကို သမိုင်းက အတိအကျ ညွှန်းဆိုပြီး ဖြစ်သည်။ အာဏာရှင်များသည် ယင်းတို့၏ ရပိုင်ခွင့်များနှင့် အဆင့်အတန်းကို သေချာအောင် ပြုလုပ်ရင်း ဥပဒေများကို တဖြည်းဖြည်း ဖြေလျှော့ပေးရာ ဘာဖြစ်လာမည်ကို သိပြီး ဖြစ်သည်။ ဥပမာအားဖြင့် ချီလီနိုင်ငံ၏ ဒီမိုကရေစီသို့ သွားရာလမ်းတွင် အခြေခံ ဥပဒေသစ်ဖြင့် Pinochet နှင့် အခြား ဗိုလ်ချုပ်ကြီးများကို အကာအကွယ် ပေးထားခဲ့သည်။ ၁၉ ရာစု ဗြိတိန်နိုင်ငံ၏ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု လုပ်ငန်းစဉ်များမှာ ထိုအချိန်က အီလစ်များ၏ အရည်အချင်းကြောင့် ငြင်သာစွာ ဖြစ်ခဲ့သည်။ အီလစ်များသည် ယင်းတို့၏ အကျိုးစီးပွားကို House of Lords မှတဆင့် အကာအကွယ် ပေးထားသည်။ (House of Lords တွင် ပါဝင်သော ပါလီမန် အဖွဲ့ဝင်များသည် ပြည်သူများက ရွေးချယ် တင်မြှောက်ခြင်း မဟုတ်ပေ) ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး အခြေခံဥပဒေကို အခြေခံသော ဒီမိုကရေစီနိုင်ငံ အမေရိကန် ပြည်ထောင်စု၏ တည်ထောင်ခဲ့သော ဖခင်များသည် ဆီနိတ်တာများနှင့် သမ္မတကို တဆင့် ပြန်လည် ရွေးကောက် တင်မြှောက်ခြင်းသည် အရေးကြီးပြီး ပေါ်ပြူလာဖြစ်သော ပြုပြင် ပြောင်းလဲမှုများကို ဟန့်တားရာ ရောက်သည်ဟု ယုံကြည်ကြသောကြောင့် တိုက်ရိုက် ရွေးချယ်မှုကို စတင် အသုံးပြုခဲ့ကြသည်။ သို့သော် အထက်က ပြခဲ့သော ကိစ္စရပ်များတွင် တံခါးဖွင့်မှု အသစ်များသည် စီးပွားရေး ကြီးထွားလာမှုများကို လျင်မြန်စွာ ဖြစ်စေပြီး အုပ်ချုပ်သူ လူတန်းစားဟောင်းများ၏ သူ့လူအဖွဲ့အစည်းအပေါ် အသာစီး ယူထားမှုများကို တဖြည်းဖြည်း ဘေးသို့ ရောက်သွားစေသည်။

၁၉၅၀ ခုနှစ်များက အီဂျစ်နှင့် အီရက်တို့၏ အတွေ့အကြုံများကလည်း နှိုင်းယှဉ်မှုတွင် အသုံး ၀င်သော သတင်း အချက်အလက်များ ပေးပါသည်။ အီဂျစ်နိုင်ငံတွင် ဗိုလ်မှူးကြီး Nasser သည် အစဉ်အလာသစ် တစ်ခုကို စတင်ခဲ့သည်။ ထိုအစဉ်အလာအရ အုပ်စိုးသူများသည် စစ်တပ်မှ ထွက်လာသူများ ချည်းသာ ဖြစ်ပြီး အရပ်သား သမ္မတများအဖြစ် လုပ်ခဲ့ကြသည်။ ယင်းတို့၏ အုပ်စိုးမှု တရားဝင်ရေး အတွက် ကန့်သတ်မှု အကြီးအကျယ် ပြုလုပ်ထားသော ရွေးကောင်ပွဲများပင် ကျင်းပလိုက်သေးသည်။ အီရတ်ကမူ ထိုသို့ မပြုလုပ်ခဲ့ပေ။ ထို့ကြောင့် ၁၉၅၀ ခုနှစ်များ ကတည်းက အီဂျစ်သည် စီးပွားရေး မှန်မှန် တိုးတက်လာခဲ့သော်လည်း အီရတ်မှာမူ ထိုစဉ်ကထက် ယနေ့ထိ ပိုမို ဆင်းရဲလာခဲ့သည်။ ကံမကောင်းစွာပင် အီဂျစ်သည် ယနေ့တိုင် ဒီမိုကရေစီ အပြည့်အ၀ မရနိုင်သေးသော်လည်း ယင်း၏ ပြည်သူများသည် လွန်ခဲ့သော နှစ်ငါးဆယ်က နှင့်စာလျှင် ဆင်းရဲ မွဲတေသူများ နည်းပါးသွားသည်။ အီဂျစ် နိုင်ငံသား အများစုမှာလည်း ပညာတတ်များ ဖြစ်လာကြပြီ ဖြစ်သည်။

မြန်မာနိုင်ငံ၏ လက်ရှိ ပြုပြင် ပြောင်းလဲမှုများသည် အပြစ်၊ အနာ၊ အဆာများ လွန်းမှုကြောင့် တိုင်းပြည်၏ နောက်ဆုံး ပြောင်းလဲမှုအဖြစ် အဆုံးသတ်သွားမည့် လက္ခဏာ မရှိပါ။ Liberalization လုပ်ငန်းစဉ် တစ်ခုသည် တစ်စုသည် စတင်သည်နှင့် တပြိုင်နက် နှေးကွေးသော်ငြား အဆက်မပြတ် ပြောင်းလဲသည့် သဘာဝ ရှိပါသည်။ အကောင်းဆုံး ဥပမာ အဖြစ် ထိုင်ဝမ်ကို ကြည့်ပါ။ ချန်ကေရှိတ်၏ ကူမင်တန် ပါတီက ကျွန်းနိုင်ငံငယ်ကို တစ်ပါတီ စနစ်ဖြင့် ကြာမြင့်စွာ အုပ်စိုးခဲ့သည့် ၁၉၉၀ ခုနှစ်များ၏ အလယ်ခန့်တွင် တိုင်းပြည်၏ ပထမဆုံး စစ်မှန်သော ရွေးကောက်ပွဲများ စတင်ပြုလုပ်မည့် အခြေခံဥပဒေ ဆိုင်ရာ ပြောင်းလဲမှုများကို စတင် မိတ်ဆက်ရန် ကူမင်တန် အုပ်စုက ဆုံးဖြတ်ခဲ့သည်။ ကူမင်တန် ပါတီက အလွယ်တကူ ဆက်လက် အုပ်ချုပ်သွားနိုင်မည်ဟု ယုံကြည် စိတ်ချခြင်းကြောင့် ယင်းသို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

အမှန်တကယ်ပင် ပထမဆုံး ရွေးကောက်ပွဲတွင် ကူမင်တန်ပါတီ အလွယ်တကူ အနိုင် ရရှိခဲ့သော်လည်း ယှဉ်ပြိုင်မှု လုပ်ငန်းစဉ်က ပါတီအား တပ်မက် လိုလားသော အမြစ်တွယ်မှုများကို ဖယ်ရှားရန် အတင်းအကျပ် ဖိအားပေးခဲ့ပြီး နောက်ဆုံးတွင် အတိုက်အခံများ ရှင်သန် ဖွံ့ဖြိုးခွင့် ရရှိခဲ့ကြတာ ကူမင်တန် လက်ဝါးကြီး အုပ်မှုကို စိန်ခေါ်နိုင်ခဲ့သည်။ အဆင့်ဆင့် တိုးတက်လာသည့် လုပ်ငန်းစဉ်က အာဏာရနှင့် အတိုက်အခံ ပါတီတို့၏ ဆက်ဆံရေးကို ပုံမှန်အဆင့်သို့ ရောက်ရှိစေခဲ့သည်။ သို့ဖြစ် ခေါင်းဆောင်သစ်များမှာ တော်လှန်ရေး စိတ်ဓာတ်ဖြင့် အားသစ် လောင်းခြင်း မခံရတော့သလို ခေါင်းဆောင် ဟောင်းများသည်လည်း ယင်းတို့၏ လုပ်ပိုင်ခွင့် ဆုံးရှုံးသွားခြင်းကို သည်းခံနိုင်ရန် ပြင်ဆင်ခဲ့ကြရသည်။

မြန်မာနိုင်ငံအတွက် အကောင်းဆုံး ဖြစ်နိုင်ခြေ ဇာတ်ညွှန်း၏ ပုံရိပ်ကို ထိုင်ဝမ် အတွေ့အကြုံများက ပြသနေသည်။ အခြေခံ ဥပဒေသစ်နှင့် လာမည့် ရွေးကောက်ပွဲများသည် စီးပွားရေးနှင့် နိုင်ငံရေးအရ ပါဝင် ဆင်နွှဲနိုင်မှုကို တိုးတက်စေမည့် အဆင့်ဆင့် ပြောင်းလဲမှု လုပ်ငန်းစဉ် တစ်ခု၏ တာထွက် စတင်မှု ဖြစ်လာနိုင်သလို တစ်ချိန်တည်းတွင် ရန်လိုတတ်သည့် စစ်ဗိုလ်ချုပ်များအပေါ် ပြင်းပြင်းထန်ထန် ပြန်လည် တုန့်ပြန်မှုများကိုလည်း ရှောင်ရှားနိုင်ပါလိမ့်မည်။ နိုင်ငံရေးအပြောင်းအလဲအတွက် နောက် ထပ် ရွေးချယ်စရာ လမ်းကြောင်းတစ်ခုဖြစ်သည့် အမြစ်လှန် ပြောင်းလဲရေးအတွက် တွန်းအားပေးမှုမှာ တိုင်းပြည်ကို တည်ငြိမ်မှု ပျက်ပြားစေနိုင်သလို ပြည်တွင်းစစ်ဖြစ်ရန် အလားအလာများပါ ရှိနေသည် ဖြစ်ရာ ပိုမို ရက်စက်ကြမ်းတမ်းသည့် လမ်းကြောင်း ဖြစ်သည်။ စိတ်မကောင်းစရာမှာ အားလုံး ယုတ္တိတန် ညီညွတ်လွန်းခြင်းပင် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Bloomberg & Reuters, 5th October 2010

တိုယိုတာ မော်တာ ကော်ပိုရေးရှင်း၏ ပါတနာ အုပ်စုသည် လူမှု လှုပ်ရှားသူ ရင်းနှီး မြှုပ်နှံမှု အုပ်စုများ၏ ကန့်ကွက်ခြင်း ခံရပြီးနောက် မြန်မာ စစ်ဖက်အစိုးရနှင့် ဖက်စပ်လုပ်ငန်း တစ်ခုအတွင်းမှ ၎င်း၏ ရှယ်ယာများကို ရောင်းချခဲ့သည်။

ဂျပန် မော်တော်ကား ထုတ်လုပ်သူ၏ Toyota Motor ကုန်သွယ်ဖက် Toyota Tsusho ကော်ပိုရေးရှင်းသည် မြန်မာ အစိုးရ၊ မြန်မာ ဆူဇူကီး မော်တာတို့နှင့် ဖက်စပ်လုပ်ငန်းမှ ၎င်းပိုင်ရှယ်ယာ ၂၀ % ကို ဇွန်လတွင် ရောင်းချခဲ့သော်လည်း သီးခြား ကြေညာခဲ့ခြင်း မရှိပါ။

မြန်မာ စစ်ဖက်အစိုးရနှင့် ပတ်သက်နေမှုများကို အဆုံးသတ်ရန် အမေရိကန် အခြေစိုက် ရင်းနှီးမြှုပ်နှံမှု အုပ်စု ၄ ခုက တိုယိုတာအား ၃ နှစ်ခန့် တိုက်တွန်းခဲ့ကြခြင်းမှာ မြန်မာအစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းများကြောင့် ဖြစ်သည်။ အဆိုပါ အုပ်စုများမှာ Trillium Asset Management ကော်ပိုရေးရှင်း Domini Social Investments Boston common Asset Management နှင့် Interfaith Center on Corporate Responsibility တို့ ဖြစ်သည်။

တိုယိုတာက ရင်းနှီး မြှုပ်နှံသူများအား "ရောင်းချမှု ပြီးစီးပြီ ဖြစ်ကြောင်း" သြဂုတ်လတွင် ပြောကြားခဲ့ပြီး ရင်းနှီး မြှုပ်နှံမှု အုပ်စုများက အဆိုပါ ရောင်းချမှုကို အင်္ဂါနေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။

အဆိုပါ ဖက်စပ်လုပ်ငန်းတွင် မော်တော်ဆိုင်ကယ်၊ လိုက်ထရပ်နှင့် မော်တော်ကားများ ထုတ်လုပ်မှုကို Toyota Tsusho က ကူညီရခြင်း ဖြစ်သည်။ ၎င်းရှယ်ယာများကို မြန်မာ ငွေကြေး ကြွယ်ဝသူ လုပ်ငန်းပိုင်ရှင်များကို ရောင်းချရာ၌ အကန့်အသတ် ရှိကြောင်းနှင့် စစ်ဖက် အစိုးရနှင့် အဆက်အသွယ် ရှိသူများထံ ရောင်းချရခြင်းဖြစ်ကြောင်း ရင်းနှီး မြှုပ်နှံမှု အုပ်စုများက ပြောကြားသည်။

မြန်မာနိုင်ငံမှ အဆိုပါ တိုယိုတာ ဖက်စပ် လုပ်ငန်းသည် ၂၀၀၆ ခုနှစ် အတွင်း မော်တော်ယာဉ် စီးရေ ၁၂၀၀၀ ထုတ်လုပ်ခဲ့သည်ဟု လေ့လာသူ တစ်ဦးက ခန့်မှန်းသည်။

မြန်မာ စစ်ဖက်အစိုးရသည် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်နေသည်ဟု နိုင်ငံတကာ၏ စွပ်စွဲခြင်းကို ခံနေရပြီး စစ်ဖက် အုပ်ချုပ်သူများ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများကို ပြုလုပ်စေရန် အနောက် နိုင်ငံများက စီးပွားရေး ပိတ်ဆို့ အရေးယူမှုများ ချမှတ်ထားသည်။

၁၉၉၀ နောင်ပိုင်း ပထမဆုံးအကြိမ် ရွေးကောက်ပွဲများကို လာမည့် လတွင် မြန်မာနိုင်ငံ၌ ပြုလုပ်တော့မည် ဖြစ်သော်လည်း စစ်အုပ်ချုပ်ရေးကို အရပ်ဖက် မျက်နှာဖုံးတပ်သည့် ရွေးကောက်ပွဲ အတုသာ ဖြစ်သည်ဟု  ဝေဖန် ဆန်းစစ်သူများက ပြောကြားလျက် ရှိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Earth Times, 6th October 2010

စစ်ဖက် အုပ်ချုပ်သော မြန်မာနိုင်ငံမှ လာမည့်လ ရွေးကောက်ပွဲများသည် တိုင်းပြည်တွင် ခေတ်သစ်တစ်ခုကို စတင်နိုင်မည် ဖြစ်သလို နိုင်ငံတကာ အသိုင်းအဝိုင်းသို့ လာခြင်း ကောင်းစွာ ပေါင်းစည်းနိုင်မည့် မျှော်လင့်ချက်များကိုပါ ပေးစွမ်းလျက် ရှိသည်ဟု အာဆီယံ အထွေထွေ အတွင်ရေးမှူးချုပ်က ပြောကြားသည်။

လူ့အခွင့်အရေး ညှင်းပန်း နှိပ်စက်မှုများ၊ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးကို အကောင်အထည် ဖော်ရန် ပျက်ကွက်မှုများကြောင့် နိုင်ငံတကာ၏ ပြစ်တင်ရှုတ်ချမှုကိုသာ ခံနေရသော မြန်မာ စစ်ဖက် အုပ်ချုပ်သူများက နှစ် ၂၀ အတွင်း ပထမဆုံး ရွေးကောက်ပွဲကို နိုဝင်ဘာ ၇ ရက်တွင် ကျင်းပရန် စီစဉ်နေကြသည်။

သို့သော်လည်း အထိန်းသိမ်းခံ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထိပ်တန်း အတိုက်အခံ ခေါင်းဆောင်များစွာ ရွေးကောက်ပွဲ မဝင်နိုင်အောင် တားမြစ်ထားသည့် ရွေးကောက်ပွဲ ဥပဒေများကို စစ်ဖက် အုပ်ချုပ်သူများက ကြေညာ ပြဋ္ဌာန်းခဲ့သည်။

"ရွေးကောက်ပွဲ အပြီးမှာ အုပ်စုသစ်တွေ ပေါ်လာမှာ ဖြစ်လို့ မြန်မာနိုင်ငံအသစ် ဖြစ်လာနိုင်ပါတယ်" ဟု  အာဆီယံ အထွေထွေ အုပ်ချုပ်ရေးမှူး ဆူရင်ပစ်ဆူဝမ်က စကာင်္ပူတွင် ပြုလုပ်သော အာရှ နိုင်ငံရေး ဖိုရမ်တွင် ပြောကြားသည်။

"အဲဒီမှာ (မြန်မာ နိုင်ငံမှာ) ခေတ်သစ်တစ်ခု စတင်ပါလိမ့်မယ်၊ ကျွန်တော်တို့ သဘော ကျလောက်အောင် မသစ်နိုင်ပေမယ့် မတူခြားနားတဲ့ အဆင့်တစ်ခု စတင်ဖို့ ရှိနေပါတယ်" ဟု ၎င်းက ဆိုသည်။

"မြန်မာနိုင်ငံ အတွက်လည်း နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ဆက်ဆံရာမှာ ပိုမို လွယ်ကူလာနိုင်ပါတယ်၊ အကောင်းဆုံးကိုပဲ မျှော်လင့်ကြည့်ကြတာပေါ့" ဆူရင်က ပြောကြားသည်။

ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စကာင်္ပူ၊ ထိုင်းနှင့် ဗီယက်နမ်တို့ ပါဝင်သော အာဆီယံ အဖွဲ့သို့ ၁၉၉၇တွင် မြန်မာနိုင်ငံ အဖွဲ့ဝင်အဖြစ် ပူးပေါင်းခဲ့ချိန်မှ စ၍ ၎င်းနိုင်ငံသည် အာဆီယံအဖွဲ့၏ "ပြဿနာကောင် အရှုပ်ထုပ်" ဖြစ်ခဲ့သည်။ အာဆီယံ အဖွဲ့ဝင် နိုင်ငံများ၏ "တစ်ဦး၏ အိမ်တွင်းရေး တစ်ဦး မစွက်ဖက်ရေး" မူဝါဒကြောင့် မြန်မာ ပြဿနာကို ဖြေရှင်း ကိုင်တွယ်ခဲ့သည့် ယခင် ကြိုးပမ်းမှုများ မှန်သမျှ ကျဆုံးခဲ့ရသည်။

မြန်မာ နိုင်ငံသည် အာဆီယံ အဖွဲ့တွင် အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူရန်နှင့် အဖွဲ့တွင်း ကြီးမားသော ကဏ္ဍမှ ပါဝင်ရန် လိုလားနေသည်ဟု ဆူရင်က ပြောကြားခဲ့ပြီး "ဒီလို ဖြစ်လာဖို့အတွက် သူတို့ နိုင်ငံထဲမှာ ပြုပြင် ပြောင်းလဲမှု တစ်စုံတစ်ရာ ပြုလုပ်ပါလိမ့်မယ်" ဟု ဆက်လက် ပြောဆိုခဲ့သည်။

"မြန်မာ နိုင်ငံအပေါ်က မျှော်လင့်ချက် ထားမှုနဲ့ ဖိအားတွေက ရလဒ် ထွက်ပေါ်လာမှာပါ။ ကျွန်တော်တို့ ဖြစ်စေချင်သလို မမြန်ပေမယ့် ရွေ့လျား ပြောင်းလဲမှု ရှိနေပါတယ်" ဟု ၎င်းက သုံးသပ် ပြောကြားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

သေမင်းတမန် ကုန်သည်ဟု ခေါ်ဆိုခံထားရသည့် ရုရှားလူမျိုး လက်နက် မှောင်ခိုသမား ဗစ်တာဘောက်အား အကြမ်းဖက်မှု ဟူသော စွဲချက်များဖြင့် အမေရိကန် ပြည်ထောင်စုသို့ လွှဲပြောင်းပေးမည့် ကိစ္စကို ဆုံးဖြတ်ရန် ထိုင်းတရားရုံးတော်က စတင် စစ်ဆေးနေပြီ ဖြစ်ကြောင်း သိရသည်။ သတင်းထောက်များက မျှတမှု ရှိသော တရားစီရင်မှုနှင့် ရင်ဆိုင်ရမည်ဟု မျှော်လင့်ပါလား ဟု အသက် ၄၃ နှစ် အရွယ်ရှိ ရုရှားလေတပ်မှ ပိုင်းလော့ဟောင်း မစ္စတာ ဗစ်တာဘောက်အား မေးမြန်းရာ ၎င်းက "လုံးဝ မထင်ပါဘူး" ဟု ဖြေကြားသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်း ဥပဒေရေးရာ ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာသောကြောင့် မစ္စတာ ဗစ်တာဘောက်အား အမေရိကန် ပြည်ထောင်စုသို့ လွှဲပြောင်းမည့် ကိစ္စကို ရွှေ့ဆိုင်းလိုက်ရသည်။ မစ္စတာ ဗစ်တာဘောက်အား ၂၀၀၈ ခုနှစ်အတွင်း အမေရိကန်-ထိုင်း ပူးတွဲ စစ်ဆင်ရေးတွင် ဖမ်းဆီးရမိခဲ့သည့် နောက်ပိုင်း ၎င်း၏ အမှုနှင့် ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုနှင့် ရုရှားနိုင်ငံတို့ အချင်းများခဲ့ကြသည်။

မစ္စတာ ဗစ်တာဘောက်သည် အာဖရိက စစ်ခေါင်းဆောင်များနှင့် အစ္စလာမ္မစ် စစ်သွေးကြွများကို နှစ်ပေါင်း ၁၅ နှစ်ကြာမျှ လက်နက် ထောက်ပံ့ပေးနေခဲ့သည်ဟု စွပ်စွဲခံထားရသည်။ သူသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဟိုတယ်တစ်ခုတွင် အမေရိကန် ထောက်လှမ်းရေး အေးဂျင့်များ၏ ဖမ်းဆီးခြင်း ခံခဲ့ရသည်။

ဖမ်းဆီးခံရချိန်တွင် ကိုလံဘီယာ သူပုန်များကို လက်နက် ရောင်းချရန် ကြိုးပမ်းနေခဲ့သည်ဟု စွပ်စွဲခံရသည်။

မစ္စတာ ဗစ်တာဘောက်အား ဗြိတိန် နိုင်ငံရေး သမား တစ်ဦးက သေမင်းတမန် ကုန်သည်ဟု သတ်မှတ် ပြောဆိုခဲ့သည်။ သို့သော် မစ္စတာ ဗစ်တာက ကိုလံဘီယာ သူပုန်များအား လက်နက် ရောင်းချသည် ဟူသော စွဲချက်အတွက် မိမိတွင် အပြစ် မရှိကြောင်း ကတိကဝတ်ပြု ပြောဆိုထားသည်။

အကယ်၍ ပြစ်မှု ထင်ရှားပါက ၎င်းအနေဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံရဖွယ် ရှိသည်။ မစ္စတာ ဗစ်တာဘောက်အား အမေရိကန်သို့ ပြည်ထောင်စုသို့ လွှဲပြောင်းပေးရန် တရားရုံးက သြဂုတ်လ ၂၀ ရက်နေ့တွင် အမိန့် ချမှတ်ခဲ့ပြီး အဆိုပါ ကိစ္စအား သုံးလအတွင်း လုပ်ဆောင်ရမည်ဟု ဆိုသည်။ သို့သော် အမေရိကန် ပြည်ထောင်စုက ၎င်းအား လိမ်လည်မှု၊ ငွေကြေးခဝါချမှု အပါအဝင် အခြားသော စွဲချက်များ ထပ်မံ စွဲဆိုခဲ့သောကြောင့် ဥပဒေအရ ရှုပ်ထွေးမှုများ ဖြစ်ပေါ်ခဲ့ပြီး လွှဲပြောင်းမည့် ကိစ္စကို ရွှေ့ဆိုင်းခဲ့ရသည်။

ထိုင်းရှေ့နေများနှင့် ဥပဒေသမားများက မစ္စတာ ဗစ်တာဘောက်အား ရှင်းရှင်းလင်းလင်း လွှဲပြောင်း ပေးအပ်နိုင်ရေးအတွက် အဆိုပါ စွဲချက်များကို ပြန်လည် ရုပ်သိမ်းပေးရန် အမေရိကန် ပြည်ထောင်စုကို တောင်းဆိုထားသည်။

"ကျွန်တော် နားလည်သလောက် ပြောရရင် တရားရုံးတော်က ဒုတိယအကြိမ် တင်လိုက်တဲ့ စွဲချက်တွေကို ရုပ်သိမ်းခွင့်ပြုဖွယ် ရှိပါတယ်" ဟု ထိုင်းရှေ့နေချုပ်ရုံး၏ နိုင်ငံတကာ ရေးရာဌာန ဒါရိုက်တာ Sirisak Tiyapan က ပြောကြားသည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲပြီးလျှင် မြန်မာ ဒုက္ခသည်များကို နေရပ်ဒေသသို့ ပြန်ပို့မည် ဟူသည့် ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ကာဆစ်၏ ခြိမ်းခြောက် ပြောဆိုမှုသည် ပြက်ရယ်ပြုစရာ တစ်ခုလို ဖြစ်နေသည်။

မြန်မာ စစ်အစိုးရက အကွက်ဆင် ဒီဇိုင်းဆွဲထားသော နိုဝင်ဘာ ၇ ရက် ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲသည် နေပြည်တော်ကြီး အဓွန့်ရှည် တည်တံ့ရေးအတွက် လိုအပ်သော မဟာဗျူဟာများ အားလုံး ပိုမို အားကောင်းရုံသက်သက် အထောက်အပံ့ တစ်ခုမျှသာ ဖြစ်တော့သည်။

မြန်မာ စစ်ဗိုလ်ချုပ်များ၊ အထူးသဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့သည် နိုင်ငံတကာတွင် မည်သို့မည်ပုံ သူတော်ကောင်း ယောင်ဆောင်ရမည် ဟူသော နည်းနာများကို ထုံးလိုမွှေ၊ ရေလိုနှောက် နောကြေထားပြီး ဖြစ်သလို နိုင်ငံတကာ တရားစီရင်ရေး အားနည်းချက် ရှိသည် ဟူသော အချက်ကိုလည်း ကောင်းကောင်းကြီး သိထားကြသည်။ နိုင်ငံတကာနှင့် မည်သို့ အပေးအယူ လုပ်ရမည်၊ မည်သည့် အချိန်တွင် မည်သည့် ဗျူဟာခင်းရမည် ဟူသောအချက်ကိုလည်း သိထားပြီး ဖြစ်သည်။ လွန်စွာပင် ပါးနပ်သည်။ လတ်တလော ဥပမာကိုပြရလျှင် ရွေးကောက်ပွဲ ကျင်းပပြီး ရက်သတ္တ တစ်ပတ် အကြာခန့်တွင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် လုပ်ဆောင်ထားခြင်းပင် ဖြစ်သည်။

ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အကြောင်း ကောင်းကောင်းကြီး တရား ဟောတတ်သည့် အနောက် နိုင်ငံများသည်ပင် ယခုအခါ မြန်မာ့အရေးနှင့် ပတ်သက်၍ မရေရာ မသေချာသည့် အခြေအနေ ဆိုက်နေရပြီ ဖြစ်သည်။ အကြောင်းမှာ မြန်မာနိုင်ငံတွင် စစ်ယူနီဖောင်းချွတ်၊ စစ်တပ်မှ အငြိမ်းစားယူပြီး အရပ်ဘက် ဝတ်စုံ ဝတ်ထားသည့် စစ်ဗိုလ်များ အုပ်ချုပ်မည့် အစီအစဉ်သစ် စတင်တော့မည်ဖြစ်၍ပင် ဖြစ်သည်။ နှစ်ပေါင်း ၂၀ ကြာ စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော အနောက်နိုင်ငံများသည် ယခုအခါ မြန်မာနိုင်ငံနှင့် သက်ဆိုင်သော ကိစ္စများနှင့် ပတ်သက်၍ ပင်ပင်ပန်းပန်း ဖြစ်နေကြပြီ ဖြစ်သည်။ အာဆီယံဆိုလျှင် မြန်မာ့အရေး ဟူသည့် နွံအိုင်ကြီးထဲမှ မြန်နိုင်သမျှ အမြန်ဆုံး ရုန်းထွက်ချင်နေပြီ ဖြစ်သည်။

ဤအနေအထားတွင် အချစ်တရား၊ အမုန်းတရားများ အပါအဝင် ဝေဖန်မှုမျိုးစုံကို ဖန်တီးပေးနေသည့် ရွေးကောက်ပွဲက အားလုံးအတွက် မရှိမဖြစ် လိုအပ်သည့် ဆေးခါးကြီးတစ်ခွက် ဖြစ်လာသည်။ အမေရိကန်နှင့် ဥရောပတို့ကလည်း မြန်မာနိုင်ငံနှင့် စီးပွားရေး လုပ်ကိုင်လိုသလို စွမ်းအင် အခန်းကဏ္ဍ၌လည်း ဝင်ရောက် လုပ်ကိုင်လိုသည်။ နက်နက်နဲနဲ စဉ်းစားကြည့်လျှင် မြန်မာ စစ်ဗိုလ်ချုပ်ကြီးများ နျူကလီယာ ပြန့်ပွားရေးအတွက် လုပ်ကိုင် ကြိုးပမ်းနေမှုသည် အနောက်ကမ္ဘာမှ ပါဝါများကို စိုးရိမ်ထိတ်လန့်မှု ဖြစ်စေသောကြောင့် ဖြစ်သည်။

မြန်မာနိုင်ငံ စစ်အစိုးရသည် ဒေသတွင်းမှာရော နိုင်ငံတကာ အသိုင်းအဝိုင်းမှာပါ အကူအညီ အထောက်အပံ့ တစ်စုံတရာ မရရှိနိုင် ဟူသော အချက်ကို ကောင်းစွာ သဘောပေါက်ထားရာ အစစ်အမှန် နိုင်ငံရေး (Real Politics) ကစားကွက်များ အသုံးပြုနေသည်မှာ ယုံမှား သံသယဖြစ်ဖွယ် မရှိပေ။ စစ်အစိုးရက ရေးဆွဲလိုက်သော အဆင့် ခုနစ်ဆင့်ပါ လမ်းပြမြေပုံအရ စစ်ယူနီဖောင်းချွတ် အရပ်ဘက် ဝတ်စုံဝတ်ကာ အုပ်ချုပ်မည့် အစီအစဉ်မှာ ယခုနှစ်ကုန်တွင် စတင် အကောင်အထည် ဖော်နိုင်တော့မည် ဖြစ်သည်။ များစွာ နောင်တရစရာ ကောင်းသည့် အချက်မှာ နိုင်ငံတကာ အသိုင်းအဝိုင်းတွင် မြန်မာ စစ်ဗိုလ်ချုပ်ကြီးများကဲ့သို့ ရဲတင်း ပြတ်သားသော ရည်ရွယ်ချက်နှင့် ဇွဲလုံ့လမျိုး မရှိခြင်းပင်ဖြစ်သည်။

ရှိထားပြီးဖြစ်သော မဟာဗျူဟာများတွင် စိတ်ပျက်စရာ အကောင်းဆုံး တစ်ခုမှာ ရွေးကောက်ပွဲလွန် ကာလ မြန်မာနိုင်ငံအပေါ် ထားရှိသည့် ထိုင်းနိုင်ငံ၏ သဘောထားပင် ဖြစ်သည်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကာဆစ်ပီရိုမာက ထိုင်းနိုင်ငံတွင်းမှ မြန်မာပြည်ပြေး ဒုက္ခသည်များကို နေရပ်သို့ ပြန်ပို့ရန် အစီအစဉ်ရှိကြောင်း ဝါရှင်တန်မြို့၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

ဒီမိုကရေစီစနစ် တစ်ဝက် ကျင့်သုံးသော မြန်မာနိုင်ငံကို ထိုင်းနိုင်ငံ အစိုးရက ထောက်ခံသွားမည်ဟုပင် ဆိုလိုက်သေးသည်။ ထိုင်းနိုင်ငံရောက် မြန်မာ ဒုက္ခသည်များ အရေးကိစ္စနှင့် ပတ်သက်လာပါက ခိုင်ခိုင်မာမာ ရပ်တည်မှု ပေးသူတစ်ဦး ဖြစ်ခဲ့သူ မစ္စတာ ကာဆစ်ပီရိုမာက ယခုလို ဝါရှင်တန်ရှိ အမေရိကန်များအား ပြောဆိုလိုက်မှုမှာ နောက်ပြောင် ကျီစယ်နေသလို ဖြစ်သည်။

အမှန်တွင် မစ္စတာ ကာဆစ်က ထိုင်းနိုင်ငံတွင် အခြေအနေ၊ အဆင့်အတန်း၊ ပုံစံအမျိုးမျိုးဖြင့် နေထိုင်လျက် ရှိသော မြန်မာဒုက္ခသည် လေးသန်းခန့်၏ အနာဂတ်အပေါ် ပြည်တွင်းနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ သဘောထားကို စမ်းသပ်နေခြင်းပင် ဖြစ်သည်။ ထိုင်းနိုင်ငံသည် ဒုတိယ ကမ္ဘာစစ် ပြီးဆုံးချိန်ကတည်းက အိမ်နီးချင်း နိုင်ငံများမှ ဒုက္ခသည်များအတွက် နိဗ္ဗာန်ဘုံ တစ်ခုသဖွယ် ဖြစ်လာခဲ့သည်။ ၁၉၇၀ ပြည့်လွန် နှစ်များအတွင်းက ဖြစ်ပွားခဲ့သော အင်ဒို-တရုတ် အကျပ်အတည်း ပဋိပက္ခတွင် ထိုင်းနိုင်ငံသို့ ဒုက္ခသည် သုံးသန်းခန့် ဝင်ရောက်လာသည်။ မည်သို့ပင်ဖြစ်စေ အဆိုပါ ဒုက္ခသည် သုံးသန်း၏ အရေးကိစ္စကို ထိုင်းနိုင်ငံက ကောင်းစွာ စီမံခန့်ခွဲနိုင်ခဲ့သလို ၎င်းတို့အား နေရပ်သို့ ပြန်လည် စေလွှတ်မှုကို စင်းလုံးချော ဖြစ်အောင် လုပ်ကိုင်ပေးနိုင်ခဲ့သည့် အတွက် ထိုင်းမှာ ချီးမွမ်း ပြောဆိုမှုများစွာ ရရှိခဲ့သည်။

သို့အတွက်ကြောင့် ထိုင်းနိုင်ငံသည် ဒုက္ခသည်များ အားလုံးအပေါ် ဧည့်ဝတ် ကျေပွန်မှုကို ဆက်လက် ပြသသင့်သည်။ အဆိုပါ ဒုက္ခသည်များ၏ လူနေမှုဘဝ မြှင့်တင်ပေးရန် နှင့် နောက်ဆုံးတွင် ၎င်းတို့အနေဖြင့် မိခင်နိုင်ငံသို့ လွယ်ကူချောမွေ့စွာ ပြန်သွားနိုင်ရန် နည်းလမ်းများစွာ ရှိနေသည်မှာ သေချာသည်။ မည်သို့ပင်ဖြစ်စေ ဒုက္ခသည်များကို ရေရှည်ထိန်းသိမ်း စောင့်ရှောက်နိုင်မည့် အရင်းအမြစ်ကောင်းများ ထိုင်းအစိုးရတွင် မရှိပေရာ နိုင်ငံတကာ အသိုင်းအဝိုင်း၏ ကူညီထောက်ပံ့မှုများ မဖြစ်မနေ ရယူရမည် ဖြစ်သည်။

ဝန်ကြီးချုပ် အဖိဆစ်ဝိချာဝီရ အစိုးရကလည်း ထိုင်းနိုင်ငံတွင် နေထိုင်သူများ အပါအဝင် မည်သည့် လူ့အခွင်အရေး ကိစ္စကိုမဆို တလေးတစား ထားရှိသည်ဟု ရှင်းရှင်းလင်းလင်း ထုတ်ဖော်ထားပြီး ဖြစ်သည်။ ထိုင်းဝန်ကြီးချုပ် အနေဖြင့် အတိတ်ကာလတွင် ထုတ်ဖော် ကတိပေးခဲ့သော စကားများအတိုင်း လုပ်နေပါသည် ဟူသော အချက်ကို မဖြစ်မနေ ထုတ်ဖော်ပြသရမည် ဖြစ်သည်။ နိုင်ငံတကာနှင့် အာဆီယံက စောင့်ကြည့်နေမည် ဖြစ်သည့် နိုဝင်ဘာ ၇ ရက် ဒီမိုကရေစီ ရွေးကောက်ပွဲ မတိုင်မီ အောက်တိုဘာလ ၁၁ ရက် မြန်မာနိုင်ငံသို့ အလည်အပတ် သွားရောက်ရာတွင် ဝန်ကြီးချုပ် အဖိဆစ်အနေဖြင့် အဆိုပါ သဘောထားကို ထပ်မံ ထုတ်ဖော် ပြောဆိုသင့်သည်။ အဖိဆစ် အုပ်ချုပ်မှု လက်အောက်တွင် ရှိသော ထိုင်းနိုင်ငံ အနေဖြင့် နောက်ဆုံးတွင် နယ်စပ်ဖြတ်ကျော် ပြဿနာများကို ဖန်တီးပေးလာနိုင်သည့် မြန်မာနိုင်ငံတွင်းမှ ဒီမိုကရေစီ မဆန်သော လုပ်ကိုင် ဆောင်ရွက်မှုများကို မည်သို့မျှ လက်ပိုက် ကြည့်မနေသင့်ဟု The Nation က ယုံကြည်သည်။

The Nation သတင်းစာမှ ခေါင်းကြီးကို ဆီလျော်အောင် ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, By Claire Rosemberg, 4th October 2010

အာရှ၏ ကြီးထွားလာမှုသည် ကမ္ဘာပေါ်တွင် မြင့်မားသော ကဏ္ဍတစ်ခု ရရှိရေးအတွက် ဥရောပက တိုက်တွန်းလျက် ရှိရာ တနင်္လာနေ့က ဥရောပနှင့် အာရှနိုင်ငံများ အကြား ကုန်သွယ်ရေးမှသည် ရာသီဥတု ပြောင်းလဲရေး ဆိုင်ရာ အထိ ဆွေးနွေးကြသည်။ ဆွေးနွေးကြသော အာရှနှင့် ဥရောပ နိုင်ငံများသည် ကမ္ဘာ့လူဦးရေ တစ်ဝက်ကျော်ကို ကိုယ်စားပြုသူများ ဖြစ်သည်။

(၄၆) နိုင်ငံ ပါဝင်သော အာရှ-ဥရောပ အစည်းအဝေးသည် နှစ်ရက်ကြာ ကျင်းပခဲ့ပြီး အီးယူနှင့် တရုတ်၊ တောင်ကိုးရီးယား ထိပ်သီး အစည်းအဝေးကိုလည်း ဗုဒ္ဓဟူးနေ့တွင် သီးခြား ကျင်းပခဲ့သည်။ အစည်းအဝေး ကျင်းပသော အချိန်သည် East China Sea တွင် Beijing  နှင့် တိုကျိုကြားတွင် အငြင်းပွားဖွယ် ကျွန်းများနှင့် ပတ်သက်၍ တင်းမာမှုများ ဖြစ်ပွားနေချိန် ဖြစ်သည်။

တရုတ် ဝန်ကြီးချုပ် ဝမ်ကြားပေါင်သည် အဆိုပါ ကိစ္စတွင် အခရာ ကျသူ တစ်ဦး ဖြစ်ပြီး၊ တင်းမာမှု လျော့ပါးရေးအတွက် ဂျပန်ဝန်ကြီးချုပ် Nao Kan နှင့် မျက်နှာချင်းဆိုင် စကား ပြောနိုင်ကြောင်း သံတမန်များက ပြောသည်။

ဥရောပ သမဂ္ဂ အတွက်မူ ဘယ်လ်ဂျီယံ တော်ဝင်နန်းတော်၏ ရွှေရောင် လွှမ်းသော Goya-hung ခန်းမများတွင် ဒါဇင်ပေါင်း များစွာသော နိုင်ငံ အစိုးရများ၏ ခေါင်းဆောင်များ စုဝေးမှုသည် လျင်မြန်စွာ ပြောင်းလဲနေသော ကမ္ဘာကြီးတွင် အာရှ ဒေသနှင့် ခိုင်မာသော ဆက်ဆံရေးအတွက် အခွင့်အလမ်းပင် ဖြစ်သည်။

"အင်အားရှိတဲ့ ဥရောပဟာ အစားထိုး မရအောင် တန်ဖိုး ကြီးမားပါတယ်လို့ ကျွန်တော် ခံယူပါတယ်။ ဒါကြောင့် တရုတ်အနေနဲ့ ဥရောပ သမဂ္ဂနဲ့ မဟာဗျူဟာ ကျတဲ့ အဆက်အသွယ်များအား ကောင်းရေးနဲ့ တိုးမြင့်ရေးကို လိုလားပါတယ်" ဟု Wen က ဘရပ်ဆဲသို့ မရောက်မီ တစ်ရက်က ဂရိနိုင်ငံတွင် ပြောကြားခဲ့သည်။

တရုတ် ခေါင်းဆောင်သည် ကြွေးလည်ပင်း မြုပ်နေသည့် ဥရောပ သမဂ္ဂ အဖွဲ့ဝင်ဖြစ်သော ဂရိနိုင်ငံသို့ သွားရောက် လည်ပတ်စဉ် အတွင်း အဖွဲ့ဝင် (၂၇) နိုင်ငံရှိ ဥရောပ သမဂ္ဂနှင့် အလုပ်အတူ လုပ်လိုကြောင်း ခိုင်ခိုင်မာမာ ပြောဆိုခဲ့သည်။ ထို့အပြင် ယူရိုကို ဆက်လက် ထောက်ခံရန်နှင့် တရုတ် နိုင်ငံခြားငွေ လဲလှယ်မှု အရန်ငွေ၏ အစိတ်အပိုင်း ဖြစ်သော ဥရောပ ငွေတိုက်စာချုပ် များကိုလည်း ဆက်လက် ထိန်းသိမ်းရန် အစီအစဉ်များကို ပြောကြားခဲ့သည်။ တရုတ်၏ နိုင်ငံခြား အရန်ငွေသည် ကမ္ဘာပေါ်တွင် အကြီးဆုံး ဖြစ်သည်။

စီးပွားရေး ကိစ္စရပ်များမှာ ကမ္ဘာ့ လူဦးရေနှင့် ကုန်သွယ်ရေး၏ ၆၀ % ရှိသော SEM နိုင်ငံများ အစည်းအဝေးတွင် လွှမ်းမိုးလိမ့်မည် ဟုမျှော်လင့်ရသည်။

သို့သော် နှစ်နိုင်ငံ တွေ့ဆုံမှုများ အပါအဝင် ချစ်ကြည်ရေး တွေ့ဆုံမှုများ၊ NATO ဌာနချုပ်သို့ သွားရောက်မှုများနှင့် စီးပွားရေး ခေါင်းဆောင်များကြား အဆက်အဆံများတွင် ပင်လယ်ဓားကိစ္စများ၊ အကြမ်းဖက်မှုများ၊ နျူကလီယာ လက်နက်များ၊ လူ့အခွင့်အရေး ကိစ္စများနှင့် ရာသီဥတု ပြောင်းလဲခြင်း ဆိုင်ရာ ကိစ္စများကို ပြောဆိုကြလိမ့်မည် ဖြစ်သည်။

AFP မှရရှိသော သတင်း ထုတ်ပြန်ချက် မူကြမ်းအရ ASEM ခေါင်းဆောင်များသည် မြန်မာ စစ်ခေါင်းဆောင်များအား နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးနှင့် လူ့အခွင့်အရေး အုပ်စုများက အတုအယောင်ဟု ကန့်ကွက်ထားသော နိုဝင်ဘာ ရွေးကောက်ပွဲကို လွတ်လပ်၍ တရား မျှတရေး အတွက် တိုက်တွန်းထားကြောင်း သိရှိရသည်။

အဆိုပါ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်နေသော ဗြိတိသျှ ဒုတိယ ဝန်ကြီးချုပ် Nick Clegg ကလည်း မြန်မာပြည်သူများ မတရား ဖိနှိပ်ခံနေရမှုများကို ဆန့်ကျင်ကြောင်း တညီတညွတ်တည်း ပြောကြရန် ASEM  ခေါင်းဆောင်များကို တိုက်တွန်းထားသည်။

"မြန်မာ စစ်အစိုးရ သိသင့်သည်မှာ ၎င်းအနေဖြင့် နိုင်ငံတကာ၏ တောင်းဆိုမှုများကို ကျနပ် လက်သင့်ခံသည့်တိုင်၊ အရှေ့ကိုပဲ ကြည့်ကြည့် အနောက်ကိုပဲ ကြည့်ကြည့်၊ အားလုံးက ၎င်းတို့အား မကောင်းသောသူများ အဖြစ်သာ မြင်နေဦးမည် ဖြစ်သည်" ဟု Nick က International Herald Tribune  တွင် ရေးသားထားသည်။

ထိပ်သီး အစည်းအဝေးသည် အစ္စရေးတို့၏ နေရာချထားမှု ဆောက်လုပ်ရေး လုပ်ငန်းများ ရပ်ဆိုင်းသော်လည်း အစ္စရေးနှင့် ပါလက်စတိုင်းတို့၏ ငြိမ်းချမ်းရေး စကားပြောမှုများ ဆက်လက် ပြုလုပ်နေရန် တိုက်တွန်းလိမ့်မည်ဟု မျှော်လင့်ရသည်။

ASEM ထိပ်သီး အစည်းအဝေးမှာ နှစ်နှစ်တစ်ကြိမ် ကျင်းပပြီး EU အာဆီယံ၊ တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယား၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် မွန်ဂိုလီးယား၊ အဖွဲ့ဝင်သစ်များဖြစ်သော သြစတြေးလျ၊ နယူးဇီလန်နှင့် ရုရှားတို့ ပါဝင်သည်။

စီးပွားရေး မျက်နှာစာတွင်လည်း IMF အား ပြုပြင် ပြောင်းလဲရေး ကိစ္စမှာ အစည်းအဝေး အစီအစဉ်များတွင် ပါဝင်လာမည် ဖြစ်သည်။ ပြီးခဲ့သည့် အပတ်က EU  က နိုင်ငံတကာ ငွေကြေးအဖွဲ့မှ အာဏာအချို့ကို ကြီးထွားလာသော နိုင်ငံ အချို့ကို လွှဲပြောင်းပေးရန် ဆန္ဒရှိကြောင်း အရိပ်အမြွက် ပြောခဲ့သည်။

ဥရောပသည် ဆိုးလ်တွင် နိုဝင်ဘာ (၁၁) ပြုလုပ်မည့် G-20  အစည်းအဝေးတွင် သဘောတူညီချက် တစ်ခုရရန် အဆိုပြုရေးအတွက် ဖိအားများလျက် ရှိသည်။ အဖွဲ့ဝင် (၂၄) ဦးသာ ပါသော ဘုတ်အဖွဲ့တွက် ၎င်း၏နေရာ () နေရာအနက် ()နေရာကို ပြန်အပ်ရန် ဆွေးနွေးရေး အသင့်ဖြစ်နေပြီ ဖြစ်သည်။

သြစတြေးလျ ဝန်ကြီးချုပ် Julia Gillard သည် EU ကော်မရှင် ဥက္ကဋ္ဌ Jose Manuel Barroso နှင့် စကားပြောအပြီး ပြောကြားရာတွင် သြစတြေးလျအနေဖြင့် G-20 အစည်းအဝေးတွင် IMF ပြုပြင် ပြောင်းလဲရေးနှင့် ပတ်သက်၍ တိုးတက်မှုများ မြင့်တွေ့လိုကြောင်း ပြောကြားခဲ့သည်။

EU နှင့် တရုတ်တွေ့ဆုံမှုတွင် ဥရောပနှင့် အမေရိကန်က တရုတ်သည် ကုန်သွယ်ရေးတွင် အသာရစေရန် ယွမ်ငွေတန်ဖိုးအား လျော့၍ သတ်မှတ်ထားကြောင်း စွပ်စွဲထားမှုအတွက် တင်းမာမှုကို ဆွေးနွေးမည်ဖြစ်သည်။ EU သည် လူ့အခွင့်အရေးကိစ္စနှင့် ပတ်သက်၍ စိုးရိမ်မှုများကိုလည်း ပြောကြားမည်ဟု မျှော်လင့်ရသည်။

သတင်းထုတ်ပြန်ချက် မူကြမ်းအရ ရာသီဥတုပြောင်းလဲမှုနှင့် ပတ်သက်၍ ASEM ခေါင်းဆောင်များသည် ထိရောက်ပြီး အားလုံးနှင့် သက်ဆိုင်သော တရားဝင်ရလဒ်တစ်ခု အမြန်ဆုံးထွက်ပေါ်ရေး ရည်မှန်းချက်ကို ဆွေးနွေးကြပြီး ကမ္ဘာလုံးဆိုင်ရာ ဓါတ်ငွေ့ထုတ်လွှတ်မှုကို ဖြတ်တောက်ရန် လိုအပ်ပုံကို သဘောတူကြောင်း သိရသည်။

Cancun တွင် နိုဝင်ဘာလတွင် ပြုလုပ်မည့် ဆွေးနွေးပွဲတွင် ဖန်လုံအိမ် ဓါတ်ငွေ့ ထုတ်လွှတ်မှု ဖြတ်တောက်ရေး သဘောတူညီချက် ထွက်ပေါ်ရေးနှင့် ပတ်သက်၍ မျှော်လင့်ချက် နည်းပါးလျက်ရှိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.