လာမည့် ၂၀၁၁ ခုနှစ် မှစ၍ လေယာဉ်စီး ခရီးသည်များအတွက် Inflight Wireless Internet ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း စင်ကာပူ လေကြောင်းလိုင်း (Singapore Airlines-SIA) အောက်တိုဘာလ ၄ ရက်နေ့တွင် သတင်း ထုတ်ပြန်သည်။ SIA အဆိုအရ အမြင့်ပေ ၃၅၀၀၀ (မီတာ ၁၀၆၀၀) အထိ WiFi Internet နှင့် မိုဘိုင်းလ်ဖုန်း ဝန်ဆောင်မှုကို လာမည့် ၂၀၁၁ ခုနှစ် ပထမ နှစ်ဝက်ခန့်မှစ၍ ပေးသွားရန် စီစဉ်ထားသည်။
"စင်ကာပူ လေကြောင်းလိုင်းကို စီးနင်းမည့် ကျွန်ုပ်တို့၏ ဖောက်သည် (Customer) များအနေဖြင့် မြေပြင်တွင် အသုံးပြုနေကျ အင်တာနက် နှင့် မိုဘိုင်းလ်ဖုန်းများကို ကောင်းကင်တွင် လေယာဉ်စီးနေရင်း အသုံးပြု သွားနိုင်တော့မည် ဖြစ်သည်" ဟု SIA က ကြေညာချက် ထုတ်ပြန်သည်။
SIA ၏ စီနီယာ ဒုတိယဥက္ကဌ Yap Kim Wah က "အပျော်ခရီးပဲ သွားသွား၊ အလုပ်ကိစ္စနဲ့ပဲ ခရီးသွားသွား ခရီးသည်တွေ အနေနဲ့ လေယာဉ်ပေါ်မှာ Click တစ်ချက်နှိပ်ပြီး ကမ္ဘာကြီးနဲ့ ဆက်သွယ်နိုင်ပါပြီ။ လက်ရှိဖြစ်နေတဲ့ သတင်း အချက်အလက်တွေ၊ လူမှုကွန်ယက် အဖွဲ့အစည်းတွေ၊ ပူပူနွေးနွေး သတင်းတွေကို ကြည့်ရှုနိုင်မှာပါ။ Inflight Shopping လည်း လုပ်နိုင်မှာပါ" ဟု ဆိုသည်။
ယခု အစီအစဉ်ကြောင့် စင်ကာပူ လေကြောင်းသည် အာရှတွင် Internet Wireless ဝန်ဆောင်မှုနှင့် မိုဘိုင်းလ်ဖုန်း ဝန်ဆောင်မှုမျိုး ပေးသည့် ပထမဆုံး လေကြောင်းလိုင်း တစ်ခု ဖြစ်သွားသည်။ ခရီးသည်များ အနေဖြင့် အင်တာနက် ဝန်ဆောင်မှု ရယူပါက ငွေပေးချေရမည် ဖြစ်ကြောင်း၊ အဆိုပါ ဝန်ဆောင်မှုများအတွက် ငွေကောက်ခံမှု အသေးစိတ်ကို အစီအစဉ် မစတင်မီ အသိပေး ကြေညာသွားမည် ဖြစ်ကြောင်း SIA က ဆိုသည်။
လေကြောင်း ခရီးသွားများက ပေးသော ဆန္ဒမဲများအရ SIA သည် ကမ္ဘာ့ထိပ်တန်း လေကြောင်း လိုင်းများထဲတွင် တစ်ခု အပါအဝင်ဖြစ်သည်။
AFP သတင်းကို ဘာသာ ပြန်ဆိုသည်။
--Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.