(တရားဝင် ရွေးကောက်ပွဲ တစ်ခုထက် အတုအယောင် ရွေးကောက်ပွဲက မြန်မာပြည်သူများအတွက် အဘယ်ကြောင့် ပိုကောင်းသနည်း)
Foreign Policy, By Daron Acemoglu and James A. Robinson, 30th October 2010
နိုဝင်ဘာလတွင် မြန်မာ အစိုးရသည် ရှားရှားပါးပါး ရွေးကောက်ပွဲ ကျင်းပပေးမည် ဆိုသောအခါ ပြဿနာ ပေါင်းစုံနှင့် တိုင်းပြည်အတွက် စစ်အစိုးရသည် အမှန်တကယ် ပြောင်းလဲမှုများ လုပ်ပေးလေမလားဟု စိတ်ကူး ကြည့်မိကြမည်မှာ အမှန် ဖြစ်သည်။ ပြီးခဲ့သည့် သောကြာနေ့က ကုလ သမဂ္ဂတွင် မြန်မာအစိုးရ တာဝန်ရှိသူ တစ်ဦးသည် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ မဲပေးခွင့် ရရှိမည်ဟု အတည်ပြု ပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်မှာ မဲပေးခွင့် ရမည် ဖြစ်သော်လည်း သူမကို ပါတီတွင် ပါဝင်ခွင့် မရအောင် ပြုလုပ်ထားပြီး သူမ၏ နေအိမ် အကျယ်ချုပ်ကို ရုပ်သိမ်းခြင်း မပြုသေးပေ။ ထိုအကြောင်းအရာကို ကြည့်ခြင်းဖြင့် စစ်အစိုးရသည် နှစ်ပေါင်း(၄၈) နှစ် ကြာနေပြီ ဖြစ်သော အကြွင်းမဲ့ အာဏာရှင် စနစ်ကို နက်နက်ရှိုင်းရှိုင်း ပြုပြင်ရန် အစ ပြုလိုစိတ် မရှိဟု ညွှန်ပြနေသယောင် ရှိသည်။
အထက်ပါ အချက်များ ရှိသော်ငြားလည်း မြန်မာ နိုင်ငံ၏ စစ်သား အုပ်ချုပ်သူများ၏ ယင်းတို့၏ ကဏ္ဍ တဖြည်းဖြည်းသာ မှေးမှိန်သွားစေလို၍ ထိုလမ်းကို ကြောင်းပေးနေသည်လည်း ဖြစ်နိုင်ပေသည်။
ထို့ကြောင့် အလိမ်အညာ ဟူသော ရွေးကောက်ပွဲသည်ပင် မြန်မာပြည်သူများအတွက် အဓိပ္ပာယ် ရှိသော ခြားနားမှုများ ထွက်ပေါ်လာနိုင်သည်။ ပို၍ ဆိုးဆိုးရွားရွား ဖြစ်သွားရန်မူ ခဲယဉ်းလှသည်။ စစ်အစိုးရ အုပ်ချုပ်နေသည့် ကာလအတွင်း ကြောက်စရာ ကောင်းသော အစိုးရနှင့် အလုပ် မဖြစ်သော စီးပွားရေးကြောင့် မြန်မာ ပြည်သူများသည် ဒုက္ခပေါင်းစုံ ကြုံကြရသည်။ ပြည်သူများကလည်း စစ်ဗိုလ်ချုပ်များကို ခံစား သွားစေရအောင် ပြုလုပ်ခဲ့ကြသည်။ စစ်ဗိုလ်ချုပ်များသည် ယင်းတို့ အာဏာ ဆုပ်ကိုင်ထားရမှုအတွက် မလုံမခြုံ ခံစားနေရသော်လည်း ယင်းတို့ ချမ်းသာ ကြွယ်ဝမှုအတွက် သယံဇာတများ ဖြစ်သော သစ်နှင့်ဘိန်းတို့ မှတဆင့် ကောင်းကောင်း ရယူနိုင်ခဲ့ကြပါသည်။
မြန်မာ့ စီးပွားရေးမှာ ယခုကဲ့သို့ ဆိုးဆိုးရွားရွား အခြေအနေတွင် ရှိနေရခြင်းအတွက် အကြောင်း အချက်တစ်ခုမှာ စစ်အစိုးရက စီးပွားရေး ကြီးထွားလာမှုသည် ယင်းတို့ အုပ်စိုးမှုအတွက် အန္တရာယ် ဖြစ်သည်ဟု ယူဆသောကြောင့် ဖြစ်သည်။ နောက်ဆုံးသော် စစ်အစိုးရသည် ကိုယ့်တိုင်းပြည်ကို မင်းမဲ့ စရိုက်များ ထွန်းကားသော လူ့အဖွဲ့အစည်း ဖြစ်အောင် ပြုလုပ်ခဲ့ရုံမက အများ နှစ်သက်သော ဒီမိုကရေစီ နေရာ မရအောင် အာဏာသုံး၍ ပြုလုပ်ခဲ့ကြသည်။ စွမ်းအားများ ပြည့်ဝနေသော တိုင်းပြည်ကို အငတ် ဘေးဆိုက်အောင် ပြုလုပ်ပြီး စစ်တပ်အာဏာ သက်ရှည်အောင် စီမံခန့်ခွဲနည်း တစ်မျိုးကို အသုံးပြုခဲ့ပြီး တိုင်းရင်းသားများနှင့် ဖြစ်လာနိုင်သော စစ်များကိုလည်း ဖန်တီးထားသည်။
စစ်အစိုးရသည် ယခုအခါ အလွန် မပြင်းထန်သော လစ်ဘရယ် ပြုပြင် ပြောင်းလဲမှုကို ချပြပြီး လူအများကို အကျပ်အတည်း (crisis) များ အဆက်မပြတ် ဖြစ်စေသော စီမံခန့်ခွဲမှု စနစ်မှသည် လက်ရှိ စစ်အစိုးရ တည်ငြိမ်စွာနှင့် ရေရှည် တရားဝင်အောင် ပြုလုပ်ထားသည့် စနစ်တစ်ခုကို ပြောင်းလဲ အသက် သွင်းနေခြင်းပင် ဖြစ်တော့သည်။ ထိုအချက်သည် ယခု ရွေးကောက်ပွဲများသည် ဘာလဲ ဆိုသည်ကို ရှင်းရှင်းလင်းလင်း ပြသလိုက်ခြင်းပင် ဖြစ်သည်။ ယခင် ၁၉၉၀ ရွေးကောက်ပွဲနှင့် လုံးဝ မတူပေ။ ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်၏ အောင်မြင်မှုကို စစ်အစိုးရ အငိုက်မိသွားခဲ့သည်။ ထို့ကြောင့် စစ်အစိုးရသည် ရလဒ်ကို လုံးဝ အသိအမှတ် မပြုခဲ့ဘဲ တုန့်ပြန်ခဲ့ပြီး ထိုစဉ်က သန္ဓေတည်စ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများ အားလုံး ရပ်ဆိုင်းသွားခဲ့သည်။
ယခု တစ်ကြိမ်တွင်မူ စစ်ခေါင်းဆောင်များသည် ရွေးကောက်ပွဲ ရလဒ်ကို ယင်းတို့ ဖြစ်စေလိုသည့် အတိုင်း ဖြစ်စေရန် သေချာစေရန် ကြိုတင် စီမံခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲတွင် ပါဝင်ခွင့်ကို တားဆီးခြင်း၊ ဥပဒေပြု ပါလီမန်တွင် ၂၅ % သော နေရာအား စစ်တပ်အတွက် ချန်ထားခြင်း၊ အာဏာ အပြည့်အ၀ ရှိသော အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီကို တည်ထောင်ခြင်း စသည်ဖြင့် ပြုလုပ်ခဲ့ကြသည်။ စစ်တပ်မှ ထိပ်တန်း တာဝန်ရှိသူ (၂၀) ကျော်သည် စစ်တပ်ရာထူးမှ နုတ်ထွက်ပြီး အရပ်သား အမတ်လောင်း အဖြစ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အောက်မှ ရွေးကောက်ပွဲ ၀င်ကြဦးမည် ဖြစ်သည်။
စစ်အစိုးရသည် နိုင်ငံတကာ စင်မြင့်တွင် အပယ်ခံနိုင်ငံ ဖြစ်နေခြင်းအား တွန်းလှန်လိုခြင်းနှင့် နိုင်ငံတွင်း မကျေနပ်မှုများကို မဖြစ်အောင် ကာကွယ် ထားလိုခြင်းတို့နှင့် စာလျှင် ဒီမိုကရေစီ စနစ်တစ်ခု တည်ထောင်ရန် စိတ်မ၀င်စားလှဟူသော အချက်မှာ ထင်ရှားသည်။ အရေးယူ ပိတ်ဆို့မှုကြောင့် နစ်နာမှုများ၊ တိုင်းရင်းသားများ၏ ပြုပြင် ပြောင်းလဲလိုမှုများ သို့မဟုတ် စစ်တပ်တွင်း ငယ်ရွယ်သော မျိုးဆက်သစ် အရာရှိများ၏ မကျေနပ်မှုများက စေ့ဆော်မှုကြောင့် မြန်မာ စစ်ခေါင်းဆောင်များသည် ယင်းတို့၏ အာဏာ ဆုပ်ကိုင်ထားမှုကို ထိပါးခြင်း မရှိဘဲ၊ ယင်းတို့ တရားဝင် ဖြစ်ရေး အတွက် ပြုလုပ်လိုကြသည်။
သို့သော် အာဏာ ဆုပ်ကိုင်မှုကို တဖြည်းဖြည်းတော့ လျှော့ပေးလာရမည်သာ ဖြစ်သည်။ တဖြည်းဖြည်းချင်း စိတ်မပါ့တပါ ပြုလုပ်ရသော ပြုပြင် ပြောင်းလဲမှုနည်းသည်သာ အာဏာရှင်များ၏ ဒီမိုကရေစီသို့ အောင်မြင်စွာ အသွင် ကူးပြောင်းရေး ဖြစ်သည်ကို သမိုင်းက အတိအကျ ညွှန်းဆိုပြီး ဖြစ်သည်။ အာဏာရှင်များသည် ယင်းတို့၏ ရပိုင်ခွင့်များနှင့် အဆင့်အတန်းကို သေချာအောင် ပြုလုပ်ရင်း ဥပဒေများကို တဖြည်းဖြည်း ဖြေလျှော့ပေးရာ ဘာဖြစ်လာမည်ကို သိပြီး ဖြစ်သည်။ ဥပမာအားဖြင့် ချီလီနိုင်ငံ၏ ဒီမိုကရေစီသို့ သွားရာလမ်းတွင် အခြေခံ ဥပဒေသစ်ဖြင့် Pinochet နှင့် အခြား ဗိုလ်ချုပ်ကြီးများကို အကာအကွယ် ပေးထားခဲ့သည်။ ၁၉ ရာစု ဗြိတိန်နိုင်ငံ၏ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု လုပ်ငန်းစဉ်များမှာ ထိုအချိန်က အီလစ်များ၏ အရည်အချင်းကြောင့် ငြင်သာစွာ ဖြစ်ခဲ့သည်။ အီလစ်များသည် ယင်းတို့၏ အကျိုးစီးပွားကို House of Lords မှတဆင့် အကာအကွယ် ပေးထားသည်။ (House of Lords တွင် ပါဝင်သော ပါလီမန် အဖွဲ့ဝင်များသည် ပြည်သူများက ရွေးချယ် တင်မြှောက်ခြင်း မဟုတ်ပေ) ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး အခြေခံဥပဒေကို အခြေခံသော ဒီမိုကရေစီနိုင်ငံ အမေရိကန် ပြည်ထောင်စု၏ တည်ထောင်ခဲ့သော ဖခင်များသည် ဆီနိတ်တာများနှင့် သမ္မတကို တဆင့် ပြန်လည် ရွေးကောက် တင်မြှောက်ခြင်းသည် အရေးကြီးပြီး ပေါ်ပြူလာဖြစ်သော ပြုပြင် ပြောင်းလဲမှုများကို ဟန့်တားရာ ရောက်သည်ဟု ယုံကြည်ကြသောကြောင့် တိုက်ရိုက် ရွေးချယ်မှုကို စတင် အသုံးပြုခဲ့ကြသည်။ သို့သော် အထက်က ပြခဲ့သော ကိစ္စရပ်များတွင် တံခါးဖွင့်မှု အသစ်များသည် စီးပွားရေး ကြီးထွားလာမှုများကို လျင်မြန်စွာ ဖြစ်စေပြီး အုပ်ချုပ်သူ လူတန်းစားဟောင်းများ၏ သူ့လူအဖွဲ့အစည်းအပေါ် အသာစီး ယူထားမှုများကို တဖြည်းဖြည်း ဘေးသို့ ရောက်သွားစေသည်။
၁၉၅၀ ခုနှစ်များက အီဂျစ်နှင့် အီရက်တို့၏ အတွေ့အကြုံများကလည်း နှိုင်းယှဉ်မှုတွင် အသုံး ၀င်သော သတင်း အချက်အလက်များ ပေးပါသည်။ အီဂျစ်နိုင်ငံတွင် ဗိုလ်မှူးကြီး Nasser သည် အစဉ်အလာသစ် တစ်ခုကို စတင်ခဲ့သည်။ ထိုအစဉ်အလာအရ အုပ်စိုးသူများသည် စစ်တပ်မှ ထွက်လာသူများ ချည်းသာ ဖြစ်ပြီး အရပ်သား သမ္မတများအဖြစ် လုပ်ခဲ့ကြသည်။ ယင်းတို့၏ အုပ်စိုးမှု တရားဝင်ရေး အတွက် ကန့်သတ်မှု အကြီးအကျယ် ပြုလုပ်ထားသော ရွေးကောင်ပွဲများပင် ကျင်းပလိုက်သေးသည်။ အီရတ်ကမူ ထိုသို့ မပြုလုပ်ခဲ့ပေ။ ထို့ကြောင့် ၁၉၅၀ ခုနှစ်များ ကတည်းက အီဂျစ်သည် စီးပွားရေး မှန်မှန် တိုးတက်လာခဲ့သော်လည်း အီရတ်မှာမူ ထိုစဉ်ကထက် ယနေ့ထိ ပိုမို ဆင်းရဲလာခဲ့သည်။ ကံမကောင်းစွာပင် အီဂျစ်သည် ယနေ့တိုင် ဒီမိုကရေစီ အပြည့်အ၀ မရနိုင်သေးသော်လည်း ယင်း၏ ပြည်သူများသည် လွန်ခဲ့သော နှစ်ငါးဆယ်က နှင့်စာလျှင် ဆင်းရဲ မွဲတေသူများ နည်းပါးသွားသည်။ အီဂျစ် နိုင်ငံသား အများစုမှာလည်း ပညာတတ်များ ဖြစ်လာကြပြီ ဖြစ်သည်။
မြန်မာနိုင်ငံ၏ လက်ရှိ ပြုပြင် ပြောင်းလဲမှုများသည် အပြစ်၊ အနာ၊ အဆာများ လွန်းမှုကြောင့် တိုင်းပြည်၏ နောက်ဆုံး ပြောင်းလဲမှုအဖြစ် အဆုံးသတ်သွားမည့် လက္ခဏာ မရှိပါ။ Liberalization လုပ်ငန်းစဉ် တစ်ခုသည် တစ်စုသည် စတင်သည်နှင့် တပြိုင်နက် နှေးကွေးသော်ငြား အဆက်မပြတ် ပြောင်းလဲသည့် သဘာဝ ရှိပါသည်။ အကောင်းဆုံး ဥပမာ အဖြစ် ထိုင်ဝမ်ကို ကြည့်ပါ။ ချန်ကေရှိတ်၏ ကူမင်တန် ပါတီက ကျွန်းနိုင်ငံငယ်ကို တစ်ပါတီ စနစ်ဖြင့် ကြာမြင့်စွာ အုပ်စိုးခဲ့သည့် ၁၉၉၀ ခုနှစ်များ၏ အလယ်ခန့်တွင် တိုင်းပြည်၏ ပထမဆုံး စစ်မှန်သော ရွေးကောက်ပွဲများ စတင်ပြုလုပ်မည့် အခြေခံဥပဒေ ဆိုင်ရာ ပြောင်းလဲမှုများကို စတင် မိတ်ဆက်ရန် ကူမင်တန် အုပ်စုက ဆုံးဖြတ်ခဲ့သည်။ ကူမင်တန် ပါတီက အလွယ်တကူ ဆက်လက် အုပ်ချုပ်သွားနိုင်မည်ဟု ယုံကြည် စိတ်ချခြင်းကြောင့် ယင်းသို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
အမှန်တကယ်ပင် ပထမဆုံး ရွေးကောက်ပွဲတွင် ကူမင်တန်ပါတီ အလွယ်တကူ အနိုင် ရရှိခဲ့သော်လည်း ယှဉ်ပြိုင်မှု လုပ်ငန်းစဉ်က ပါတီအား တပ်မက် လိုလားသော အမြစ်တွယ်မှုများကို ဖယ်ရှားရန် အတင်းအကျပ် ဖိအားပေးခဲ့ပြီး နောက်ဆုံးတွင် အတိုက်အခံများ ရှင်သန် ဖွံ့ဖြိုးခွင့် ရရှိခဲ့ကြတာ ကူမင်တန် လက်ဝါးကြီး အုပ်မှုကို စိန်ခေါ်နိုင်ခဲ့သည်။ အဆင့်ဆင့် တိုးတက်လာသည့် လုပ်ငန်းစဉ်က အာဏာရနှင့် အတိုက်အခံ ပါတီတို့၏ ဆက်ဆံရေးကို ပုံမှန်အဆင့်သို့ ရောက်ရှိစေခဲ့သည်။ သို့ဖြစ်၍ ခေါင်းဆောင်သစ်များမှာ တော်လှန်ရေး စိတ်ဓာတ်ဖြင့် အားသစ် လောင်းခြင်း မခံရတော့သလို ခေါင်းဆောင် ဟောင်းများသည်လည်း ယင်းတို့၏ လုပ်ပိုင်ခွင့် ဆုံးရှုံးသွားခြင်းကို သည်းခံနိုင်ရန် ပြင်ဆင်ခဲ့ကြရသည်။
မြန်မာနိုင်ငံအတွက် အကောင်းဆုံး ဖြစ်နိုင်ခြေ ဇာတ်ညွှန်း၏ ပုံရိပ်ကို ထိုင်ဝမ် အတွေ့အကြုံများက ပြသနေသည်။ အခြေခံ ဥပဒေသစ်နှင့် လာမည့် ရွေးကောက်ပွဲများသည် စီးပွားရေးနှင့် နိုင်ငံရေးအရ ပါဝင် ဆင်နွှဲနိုင်မှုကို တိုးတက်စေမည့် အဆင့်ဆင့် ပြောင်းလဲမှု လုပ်ငန်းစဉ် တစ်ခု၏ တာထွက် စတင်မှု ဖြစ်လာနိုင်သလို တစ်ချိန်တည်းတွင် ရန်လိုတတ်သည့် စစ်ဗိုလ်ချုပ်များအပေါ် ပြင်းပြင်းထန်ထန် ပြန်လည် တုန့်ပြန်မှုများကိုလည်း ရှောင်ရှားနိုင်ပါလိမ့်မည်။ နိုင်ငံရေးအပြောင်းအလဲအတွက် နောက် ထပ် ရွေးချယ်စရာ လမ်းကြောင်းတစ်ခုဖြစ်သည့် အမြစ်လှန် ပြောင်းလဲရေးအတွက် တွန်းအားပေးမှုမှာ တိုင်းပြည်ကို တည်ငြိမ်မှု ပျက်ပြားစေနိုင်သလို ပြည်တွင်းစစ်ဖြစ်ရန် အလားအလာများပါ ရှိနေသည် ဖြစ်ရာ ပိုမို ရက်စက်ကြမ်းတမ်းသည့် လမ်းကြောင်း ဖြစ်သည်။ စိတ်မကောင်းစရာမှာ အားလုံး ယုတ္တိတန်၍ ညီညွတ်လွန်းခြင်းပင် ဖြစ်သည်။
--Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.