Transparency Myanmar

transparency.myanmar@gmail.com

သေမင်းတမန် ကုန်သည်ဟု ခေါ်ဆိုခံထားရသည့် ရုရှားလူမျိုး လက်နက် မှောင်ခိုသမား ဗစ်တာဘောက်အား အကြမ်းဖက်မှု ဟူသော စွဲချက်များဖြင့် အမေရိကန် ပြည်ထောင်စုသို့ လွှဲပြောင်းပေးမည့် ကိစ္စကို ဆုံးဖြတ်ရန် ထိုင်းတရားရုံးတော်က စတင် စစ်ဆေးနေပြီ ဖြစ်ကြောင်း သိရသည်။ သတင်းထောက်များက မျှတမှု ရှိသော တရားစီရင်မှုနှင့် ရင်ဆိုင်ရမည်ဟု မျှော်လင့်ပါလား ဟု အသက် ၄၃ နှစ် အရွယ်ရှိ ရုရှားလေတပ်မှ ပိုင်းလော့ဟောင်း မစ္စတာ ဗစ်တာဘောက်အား မေးမြန်းရာ ၎င်းက "လုံးဝ မထင်ပါဘူး" ဟု ဖြေကြားသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်း ဥပဒေရေးရာ ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာသောကြောင့် မစ္စတာ ဗစ်တာဘောက်အား အမေရိကန် ပြည်ထောင်စုသို့ လွှဲပြောင်းမည့် ကိစ္စကို ရွှေ့ဆိုင်းလိုက်ရသည်။ မစ္စတာ ဗစ်တာဘောက်အား ၂၀၀၈ ခုနှစ်အတွင်း အမေရိကန်-ထိုင်း ပူးတွဲ စစ်ဆင်ရေးတွင် ဖမ်းဆီးရမိခဲ့သည့် နောက်ပိုင်း ၎င်း၏ အမှုနှင့် ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုနှင့် ရုရှားနိုင်ငံတို့ အချင်းများခဲ့ကြသည်။

မစ္စတာ ဗစ်တာဘောက်သည် အာဖရိက စစ်ခေါင်းဆောင်များနှင့် အစ္စလာမ္မစ် စစ်သွေးကြွများကို နှစ်ပေါင်း ၁၅ နှစ်ကြာမျှ လက်နက် ထောက်ပံ့ပေးနေခဲ့သည်ဟု စွပ်စွဲခံထားရသည်။ သူသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဟိုတယ်တစ်ခုတွင် အမေရိကန် ထောက်လှမ်းရေး အေးဂျင့်များ၏ ဖမ်းဆီးခြင်း ခံခဲ့ရသည်။

ဖမ်းဆီးခံရချိန်တွင် ကိုလံဘီယာ သူပုန်များကို လက်နက် ရောင်းချရန် ကြိုးပမ်းနေခဲ့သည်ဟု စွပ်စွဲခံရသည်။

မစ္စတာ ဗစ်တာဘောက်အား ဗြိတိန် နိုင်ငံရေး သမား တစ်ဦးက သေမင်းတမန် ကုန်သည်ဟု သတ်မှတ် ပြောဆိုခဲ့သည်။ သို့သော် မစ္စတာ ဗစ်တာက ကိုလံဘီယာ သူပုန်များအား လက်နက် ရောင်းချသည် ဟူသော စွဲချက်အတွက် မိမိတွင် အပြစ် မရှိကြောင်း ကတိကဝတ်ပြု ပြောဆိုထားသည်။

အကယ်၍ ပြစ်မှု ထင်ရှားပါက ၎င်းအနေဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံရဖွယ် ရှိသည်။ မစ္စတာ ဗစ်တာဘောက်အား အမေရိကန်သို့ ပြည်ထောင်စုသို့ လွှဲပြောင်းပေးရန် တရားရုံးက သြဂုတ်လ ၂၀ ရက်နေ့တွင် အမိန့် ချမှတ်ခဲ့ပြီး အဆိုပါ ကိစ္စအား သုံးလအတွင်း လုပ်ဆောင်ရမည်ဟု ဆိုသည်။ သို့သော် အမေရိကန် ပြည်ထောင်စုက ၎င်းအား လိမ်လည်မှု၊ ငွေကြေးခဝါချမှု အပါအဝင် အခြားသော စွဲချက်များ ထပ်မံ စွဲဆိုခဲ့သောကြောင့် ဥပဒေအရ ရှုပ်ထွေးမှုများ ဖြစ်ပေါ်ခဲ့ပြီး လွှဲပြောင်းမည့် ကိစ္စကို ရွှေ့ဆိုင်းခဲ့ရသည်။

ထိုင်းရှေ့နေများနှင့် ဥပဒေသမားများက မစ္စတာ ဗစ်တာဘောက်အား ရှင်းရှင်းလင်းလင်း လွှဲပြောင်း ပေးအပ်နိုင်ရေးအတွက် အဆိုပါ စွဲချက်များကို ပြန်လည် ရုပ်သိမ်းပေးရန် အမေရိကန် ပြည်ထောင်စုကို တောင်းဆိုထားသည်။

"ကျွန်တော် နားလည်သလောက် ပြောရရင် တရားရုံးတော်က ဒုတိယအကြိမ် တင်လိုက်တဲ့ စွဲချက်တွေကို ရုပ်သိမ်းခွင့်ပြုဖွယ် ရှိပါတယ်" ဟု ထိုင်းရှေ့နေချုပ်ရုံး၏ နိုင်ငံတကာ ရေးရာဌာန ဒါရိုက်တာ Sirisak Tiyapan က ပြောကြားသည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment