Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၂၈.၁၀.၂၀၁၂

ဘာသာပြန်သတင်းများ

  1. တာချီလိတ်သို့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်လာရန်စီစဉ်

(Bangkok Post မှ 27 October 2012 ရက်စွဲပါ “ Thatsin plans trip to Tachilck ” သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံတွင် မည်မျှလျင်မြန်စွာ ပြောင်းလဲနိုင်မည်လဲ

(26 October 2012 ရက်စွဲပါ Business Insider တွင် Simmon Black နှင့် Soverign Man တို့ရေးသားသော Myanmar:How quickly things can change ကိုဘာသာပြန်ဆိုသည်)

***********************************************

ဘာသာပြန်သတင်းများ

တာချီလိတ်သို့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်လာရန်စီစဉ်

(Bangkok Post မှ 27 October 2012 ရက်စွဲပါ “ Thatsin plans trip to Tachilck ” သတင်းကို ဘာသာပြန်ဆိုသည်)

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာသည် ချင်းရိုင်ခရိုင်၊ မယ်ဆိုင်နှင့် မျက်နှာချင်းဆိုင်မြန်မာနယ်စပ် တာချီလိတ်မြို့သို့ လာမည့် လဆန်းတွင် သွားရောက်မည်ဖြစ်ပြီး ရက်အတိအကျ မသတ်မှတ်ရသေးဟု ၎င်းအားထောက်ခံသူများက ပြောကြားသည်။

ဝန်ကြီးချုပ်ဟောင်းသည် တာချီလိတ်တွင် ၄ ရက်၊ ၅ ရက်ခန့်နေထိုင်ရန်စီစဉ်ထားပြီး တာချီလိတ်မှ ရွှေတိဂုံပုံစံတူဘုရားကိုလည်း ဖူးမျှော်မည်ဟု အာဏာရှင်ဆန့်ကျင်ရေး ဒီမိုကရေစီ ရှပ်နီညီညွတ်ရေးတပ်ဦး UDD သတင်းရပ်ကွက်က ဆိုသည်။

သက်ဆင်၏ညီမ ဝန်ကြီးချုပ်ယင်လပ်က သက်ဆင်မိသားစုနှင့် အလွမ်းသင့်သူများပါဝင်လာမည့် အစိုးရအဖွဲ့ရာထူး အပြောင်းအလဲပြုလုပ်ရေး အတွက် ထိုင်းဘုရင်၏ထောက်ခံမှုရရန် ကြိုးစားခဲ့ပြီး ရက်ပိုင်းအကြာတွင် ယခုခရီးစဉ်ပေါ်ထွက်လာခြင်း ဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ်သို့ သက်ဆင်လာရောက်မည့် သတင်းပျံ့နှံ့သွားသောကြောင့် မြောက်ပိုင်းချင်းရိုင်ပြည်နယ်မှ သက်ဆင်ထောက်ခံသူ ရှပ်နီ အုပ်စုဝင်များက ၎င်းအားတွေ့ဆုံနှုတ်ဆက်ဖို့ တာချီလိတ်သို့သွားရောက်ရန် ပြင်ဆင်နေကြသည်ဟုသိရှိရသည်။

ယခု တာချီလိတ်ခရီးစဉ်သည် သက်ဆင်ကိုရှပ်နီအဖွဲ့ဝင်များ၊ ဖြူထိုင်းပါတီဝင်လွှတ်တော်အမတ်များ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တွေ့ဆုံခွင့် ရရန်ရည်ရွယ်ခြင်းဖြစ်ပြီး၊ ၎င်းအတွက် စီစဉ်ကျင်းပပေးမည့် ဘာသာရေးဆုတောင်းပွဲ အခမ်းအနားသို့လည်း သက်ဆင်တက်ရောက်လိမ့်မည်ဟု အမည် မဖော်လိုသော ဖြူထိုင်းပါတီ သတင်းရပ်ကွက်က ပြောသည်။

                                                                    ******************************************

မြန်မာနိုင်ငံတွင် မည်မျှလျင်မြန်စွာ ပြောင်းလဲနိုင်မည်လဲ

(26 October 2012 ရက်စွဲပါ Business Insider တွင် Simmon Black နှင့် Soverign Man တို့ရေးသားသော Myanmar:How quickly things can change ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသည် မနေ့ကမိစ္ဆာဝင်ရိုးစွန်းမှ တရားမဝင်အစိုးရတစ်ခုဖြစ်ခဲ့သည်။ ထိုစဉ်က စစ်အစိုးရသည် အစိုးရဆန့်ကျင်သူအားလုံးကို ထောင်ချ ခဲ့သည်။ မြန်မာနိုင်ငံအပေါ်အရေးယူ ပိတ်ဆို့မှုများလည်း ကြီးစွာချမှတ်ခံရသည်။ အသက်ကြီးနေသော Sylvester Stallone ကိုရိုက်ကူးသော Rambo ရုပ်ရှင်ကပင် မြန်မာနိုင်ငံကို အခြေခံရိုက်ကူးခဲ့ဘူးသည်။

Rambo ဇာတ်လမ်းတွင် အချို့အစိတ်အပိုင်းများကမှန်ကန်သည်။ အမေရိကန်အထူးတပ်ဖွဲ့များသည် ကာလကြာရှည်ကပင် သူပုန်များအား လေ့ကျင့်ပေးခြင်း၊ အစိုးရဆန့်ကျင်သူများအား အားပေးခြင်းများရှိခဲ့သည်။

ယနေ့အချိန်တွင်မူ အခြေအနေမှာ လုံးဝခြားနားသွားပြီ ဖြစ်သည်။

အရေးယူမှုများလည်း ဖြေလျော့သွားခဲ့သည်။ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည်လည်း ရွေးကောက်တင်မြှောက်ခံရသော ပုဂ္ဂိုလ်တစ်ဦးဖြစ်နေပြီ။ မြန်မာနိုင်ငံကို ကမ္ဘာ့အသိုင်းအဝိုင်းက ပြန်လည်ကြိုဆိုခဲ့ကြသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် ဗြိတိသျှ ဝန်ကြီးချုပ် David Cameron တို့သည် မြန်မာနိုင်ငံသို့သွားရောက်ကြပြီး ချစ်ကြည်ရေးအသစ်ကို ခိုင်မာအောင်လုပ်ဆောင်ခဲ့ကြသည်။

နောက်ဆုံးတော့ ထိုအချက်များကို မြန်မာနိုင်ငံသည် စီးပွားရေးအတွက် တံခါးဖွင့်ခဲ့ပြီဟု အဓိပ္ပါယ်ဖွင့်ဆိုရမည် ဖြစ်သည်။

Tom Hanks နှင့်ရိုက်သော Big ဆိုသည့်ရုပ်ရှင်ကို ကြည့်ဘူးသူများရှိပါက သတိရပါလိမ့်မည်။ လူငယ်တစ်ဦးသည် တစ်နေ့ကြီးလာပါက လောကကြီးနှင့်ထိတွေ့ရတော့မည် ဖြစ်သည်။ ထိုနည်းတူစွာပင် မြန်မာနိုင်ငံသည်လည်း ကမ္ဘာကြီးနှင့်ထိတွေ့ရတော့မည် ဖြစ်သည်။

မြန်မာနိုင်ငံသည် ခေတ်နောက်ပြန်ဆွဲနေသောနိုင်ငံ၊ အပယ်ခံနိုင်ငံဖြစ်နေခြင်းကြောင့်၊ လွန်ခဲ့သောလအနည်းငယ်ကအထိ ATM စက်များကို မြန်မာနိုင်ငံတွင် မတွေ့နိုင်သေးပေ။ မြန်မာနိုင်ငံသည် ငွေသားကိုသာကိုင်သုံးသော လူ့အဖွဲ့အစည်းဖြစ်နေသည်မှာ ကာလရှည်ကြာနေပြီဖြစ်ပြီး၊ နိုင်ငံတကာ ငွေကြေးစနစ်ဖြင့် ငွေသွင်း၊ ငွေထုတ်ပြုလုပ်ခြင်းမှာ ဝေးကွာလွန်းပြီး ထူးဆန်းလွန်းနေပေသည်။

ထိုအရာများအားလုံး စတင်ပြောင်းလဲနေပြီဖြစ်သည်။ တဖြည်းဖြည်းချင်း ဖြစ်သည်။ Hanks ရုပ်ရှင်ကားထဲကအတိုင်း ဖြစ်သည်။ တိုင်းပြည်နှင့် ယဉ်ကျေးမှုသည် ကမ္ဘာကြီးနှင့်ထိတွေ့ရာ၌ အစပထမတွင် အံဝင်လိမ့်ဦးမည်မဟုတ်ပေ။ အချိန်တော့ ယူရမည်ဖြစ်သည်။ ၎င်းတို့တွင် တယ်လီဖုန်း ဆက်သွယ်ရေးနှင့် IT အခြေခံအဆောက်အဦးများတွင် ဆိုးရွားစွာလိုအပ်ချက်များရှိနေသည်။ ထို့အပြင် မြန်မာနိုင်ငံသည် ငွေပေး၊ ငွေယူနှင့် ကုန်သွယ်ရေးအတွက် သင့်တင့်လျောက်ပတ်သော ငွေကြေးစနစ်တစ်ခု လိုအပ်နေသည်။ အဆိုပါ အခြေခံလိုအပ်ချက်များမရှိဘဲနှင့် အမှန်တကယ် စီးပွားရေးလုပ်ရန် ခက်ခဲလိမ့်မည် ဖြစ်သည်။

သို့သော် ယခုအချိန်တွင်မူ ကြက်မနှင့်ကြက်ဥ ကစားပွဲသာဖြစ်နေသေးသည်။ ကုမ္ပဏီကြီးများသည် မြန်မာနိုင်ငံသို့ ခုန်ဝင်လာမည့်အချိန်ကို စောင့်ကြည့်နေကြသည်။ အဘယ့်ကြောင့်ဆိုသော် အရေးယူမှုများသည် ဖြေလျော့သွားပြီး၊ ဈေးကွက်ကတံခါးဖွင့်ပေးခဲ့ပြီ ဆိုသော်လည်း၊ ၎င်းသည် ခြေခင်းလက်ခင်းသာသော စီးပွားရေးဝန်းကျင်အခြေအနေ ဖြစ်သည်ဟုဆိုလိုခြင်း မဟုတ်သေးသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သဘောတူညီမှုများမှာ နှေးကွေးနေဆဲ ဖြစ်သည်။

ရေရှည်တွင်မူ ရင်းနှီးမြှုပ်နှံရန်အကောင်းဆုံးနေရာတစ်ခု ဖြစ်လာမည် ဖြစ်သည်။ မြန်မာနိုင်ငံသည် လူဦးရေသန်း(၆၀) ရှိပြီး၊ သယံဇာတ ကြွယ်ဝသော နိုင်ငံတစ်ခုဖြစ်သည်။ တိုင်းပြည်အရွယ်အစားမှာ အိမ်နီးချင်း ထိုင်းနိုင်ငံနှင့်တူညီနီးပါးရှိသော်လည်း တစ်ဦးချင်း GDP မှာ အရွယ်အစားနှင့်စာလျှင် နည်းပါးနေသည်။ အများကြီးတိုးတက်ကြီးထွားလာနိုင်သည့် အနေအထားတွင်ရှိသည်။ လာမည့်နှစ်အနည်းငယ်အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ သွန်ချလိုက်သလိုစီးဝင်လာမည်ဟု မျှော်လင့်နိုင်သည်။

စတော့အိတ်ချိန်းအသစ်ကလည်း ၂၀၁၅ တွင်စတင်ရန် စီစဉ်ထားကြောင်း သိရသည်။ ၎င်းသည် မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ သယ်ဆောင်လာပြီး အရင်းအနှီးများတိုးမြှင့်နိုင်ရန် များစွာအထောက်အကူ ဖြစ်သည်။ သို့သော် ယခုအချိန်တွင် စောစောနေရာရရန် ရောက်ရှိပြီးနေသူ များလည်း ရှိသည်။

အကယ်၍သင်သည် မြန်မာနိုင်ငံအကြောင်းကိုသိလိုပါက မြန်မာနိုင်ငံတွင် ပမာဏကြီးကြီးလုပ်ကိုင်လျက်ရှိသော စင်္ကာပူစာရင်းဝင်ကုမ္ပဏီ တစ်ချို့ရှိသည်။ ဥပမာအားဖြင့် မြန်မာနိုင်ငံ ကုန်းတွင်းရေနံရှာဖွေခွင့်ရထားသော Interra Resources နှင့်မြန်မာ့ကျွန်းစိုက်ပျိုးရေးတွင် ကြီးစွာ ရင်းနှီး မြှုပ်နှံထားသော Ginnacle Import-Export တို့ ရှိသည်။

ကျွန်ုပ်သည် အများပိုင်ကုမ္ပဏီများအကြောင်း များများစားစားမသိရှိဘဲ မြန်မာနိုင်ငံတွင် ပုဂ္ဂလိကလုပ်ကိုင်နေသူ အနည်းငယ်သာသိရှိသည်။ ထို့ကြောင့် စိတ်ဝင်စားပါက ဟောင်ကောင်ရှိ Boom Securities တွင် account ဖွင့်၍ ဝင်ရောက်ကြည့်ရှုနိုင်သည်။

 *********************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle2011 Op-Ed
Document yangonchronicle2011 Op-Ed

Snapshot of the item below:
yangonchronicle2011 Op-Ed

၂၈.၁၀.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. လူငယ်တံခါး၊ လူဦးရေတံခါး

*****************************************

ဆောင်းပါးကဏ္ဍ

လူငယ်တံခါး၊ လူဦးရေတံခါး

ဇေယျသူ

(အောက်တိုဘာလ ၂၇ရက်နေ့ထုတ်  The Voice Weekly အတွဲ ၈ အမှတ် ၄၃ မှ ထုတ်ယူဖော်ပြချက်။)

မြန်မာနိုင်ငံတွင် “ပြုပြင်ပြောင်းလဲရေး တံခါးဖွင့်ချိန်” သည် “လူဦးရေ အခွင့်အလမ်း တံခါး” ပွင့်ချိန်နှင့် ကံကောင်းထောက်မစွာ တိုက်ဆိုင် နေသည်။ အလုပ်လုပ်နိုင်သော လူဦးရေ (၁၅ နှင့် ၆၄ ကြား) ကို တည်ပြီး စုစုပေါင်း လူဦးရေနှင့် စားထားသော ရလဒ်၊ အချိုးမြင့်မားခြင်းသည် လူဦးရေ အခွင့်အလမ်း (demographic dividend) ပင်ဖြစ်သည်။ မှီခိုလူဦးရေထက် အလုပ်လုပ်နိုင်သည့် လူဦးရေကများလျှင် လူဦးရေ အခွင့်အလမ်းပင်။ အလွယ် ပြောရလျှင် ထိုင်စားမည့် သူနှင့် စားစရာ ရှာမည့် သူတို့တွင် စားစရာရှာမည့် သူကများလျှင် ကြီးပွား တိုးတက်ရန် အခွင့်အလမ်း ရှိနေပြီ။

သက်ကြီးလူဦးရေ ၆၅ နှင့် အထက် အချိုးအစားသည် အလုပ် လုပ်နိုင်သည့် လူဦးရေ၏ ၇ဒသမ၄ ရာခိုင်နှုန်း သာ ရှိပြီး တရုတ်ပြည် (၁၁ ဒသမ ၅ ရာခိုင်နှုန်း)နှင့် ထိုင်း (၁၂ ဒသမ ၉ ရာခိုင်နှုန်း)တို့အောက် များစွာနိမ့်နေကြောင်း အာရှဖွံ့ ဖြိုးရေးဘဏ်က မကြာသေးမီက ထုတ်ဝေခဲ့သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ မြန်မာတစ်နိုင်ငံလုံး လူဦးရေကို အသက်အလိုက် ကြီးစဉ်ငယ်လိုက် အပေါ်ဆုံးမှစကာ စီစဉ်လိုက်လျှင် ငှက်ပျောဖူးအသွင် အလယ်တွင် ဖောင်းနေ (လုပ်နိုင်ကိုင်နိုင်သူက များနေ) သောကြောင့် မြန်မာနိုင်ငံတွင် လူဦးရေ အခွင့်အလမ်း ပေါ်ထွန်းနေပြီ။

လူဦးရေ အချိုးအစားအရ နိုင်ငံဖွံ့ဖြိုးရန် အခြေအနေကောင်းများ ပေါ်ထွက်ချိန်နှင့် ဆုံဆည်းချိန်တွင် ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်သော နိုင်ငံတို့သည် ထိုးတက်သွားမြဲ ဖြစ်သည်။ ကမ္ဘာတွင် အမြင့်မားဆုံး အရှိန်ဖြင့် တရုတ်နိုင်ငံ တောက်လျှောက် တိုးတက်ခဲ့သည့် ကာလများသည် လူဦးရေအခွင့်အလမ်း ပေါ်ပေါက်ချိန်နှင့် တိုက်ဆိုင်နေပြီး ထိုအားသာချက်ကို တရုတ်က ထိထိရောက်ရောက် ဖမ်းဆုပ်နိုင်ခဲ့သောကြောင့် ယခုကဲ့သို့ အများအောချဖွယ် တိုးတက်မှုနှုန်းကို ရခဲ့ခြင်း ဖြစ်သည်။

ယနေ့ မြန်မာနိုင်ငံ လူဦးရေတွင် လူငယ်ထု၏ အချိုးအစားသည် ကြီးမားစွာ ရှိနေသောကြောင့် နိုင်ငံအား ရှေ့သို့ တွန်းပို့နိုင်မည့် အားသာ ချက်များ ရှိသည့်အနက် “လူငယ်ထု” ကို ထိပ်ဆုံးမှထား အားကိုးလာကြသည်။ အသက် ၁၅ နှစ် နှင့် ၂၈ နှစ်ကြား လူဦးရေသည် ၁၃ သန်းရှိသည့်အတွက် အလုပ် လုပ်နိုင်သော လူဆယ်ယောက် ရှိလျှင် လေးယောက်မှာ လူငယ်ဖြစ်သည်။ ၁၅ နှင့် ၃၄ ကြား လူဦးရေကို တွက်လိုက်လျှင် အချိုးအစား ပိုမြင့်သွားမည်။ အလုပ် လုပ်နိုင်သော အရွယ်အောက် လူဦးရေသည်လည်း စုစုပေါင်း လူဦးရေ၏ လေးပုံတစ်ပုံ ရှိနေပြန်ရာ နိုင်ငံ့အနာဂတ်သည် လူငယ်တို့ လက်တွင်းတွင် ရှိနေကြောင်း သေချာလှသည်။

 

အခွင့်အလမ်းလော၊ ကျိန်စာလော

လူဦးရေ အခွင့်အလမ်းကို နိုင်ငံအများအပြား ကြုံခဲ့ရသော်လည်း မသိသူကျော်သွား၊ သိသူဖော်စား ဆိုသကဲ့သို့ လက်တွေ့ အကောင်အထည်ဖော် နိုင်သည့် နိုင်ငံများသာ ဖွံ့ဖြိုးရေး လှေကားကို ခုန်ပျံကျော်လွှား တက်သွားကြပြီး ကျန်နိုင်ငံများမှာ ဒုံရင်းဒုံရင်းသာ ကျန်ခဲ့သည်။ လူဦးရေ အခွင့်အလမ်းမှ သည် လူဦးရေ ကျိန်စာသို့ ပြောင်းလဲသွား (Demographic Curse) လျှင် ဒုံရင်းထက်ပင်ဆိုးသော အခြေအနေများကို ရင်ဆိုင် ကြရသည်။ မြန်မာနိုင်ငံတွင် သန်းနှင့် ချီသော လူငယ်များသည် အလုပ်လုပ်နိုင်သည့် အရွယ်ဖြစ်သော်လည်း အလုပ် လုပ်နိုင်သည့် အရွယ်တိုင်း အလုပ်အလိုလို မရကြောင်း လူတိုင်းအသိ။ အလုပ်မရှိ အကိုင်မရှိ ဖြစ်နေလျှင် ကိုယ့်အားကိုယ်မကိုးနိုင်သူများ ဖြစ်သောကြောင့် တိုင်းပြည်၊ တစ်နည်းအားဖြင့် မိဘဆွေမျိုး များက တင်ကျွေးထားရမည်။ ထိုအခါ နဂိုကတည်းက ဝင်ငွေနည်းသော တိုင်းပြည် ဖြစ်သောကြောင့် ဆင်းရဲတွင်း ပိုနက်လာမည်။ စိတ်နှစ်မြုပ်စရာ အလုပ်အကိုင် မရှိခြင်း၊ ပညာရေး အားနည်းခြင်း၊ အချိန် ပိုခြင်း၊ စဉ်းစား ဆင်ခြင်ဉာဏ် ဗဟုသုတ အားနည်းခြင်းနှင့် သွေးသား အားကောင်းသည့် အရွယ်တို့ ပေါင်းမိပါက လိင်မှ တဆင့် ကူးစက်တတ်သော AIDS စသည့် ရောဂါများ ပြန့်ပွားနှုန်း မြင့်မည်။ အဖေမပေါ်ဘဲ ကလေးဖျက်ချနှုန်းများလည်း တိုးလာနိုင်သည်။ လူငယ်ထုတွင်း စိတ်ကျရောဂါဖြစ်သူ များလာမည်။ မူးယစ်ဆေးဝါး၊ ရာဇဝတ်မှု၊ ရာဇဝတ် ဂိုဏ်းများ စသည်စသည် ဖြင့် တစ်နွယ်ငင် တစ်စင်ပါ ပြဿနာများ တိုးပွားလာမည်။ မိသားစုတွင်း လူမှုရေး၊ စီးပွားရေး ပြဿနာများ ရင်ဆိုင်နေရလျှင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကြည့်ပါက သန်း ဆယ်ဂဏန်းနှင့် ချီသော လူသားတို့၊ မိသားစုတို့ ပါဝင် ပတ်သက် နေသောကြောင့် တိုင်းပြည် မငြိမ်မသက်ဖြစ်မည်။ ထို နိုင်ငံမျိုးကို ရင်းနှီးမြှုပ်နှံသူများ ဝေးဝေးရှောင်မည်။ ထို လူငယ်တို့ ငယ်စဉ်က အလုပ်မလုပ်၊ မလုပ်နိုင်၊ လုပ်ခွင့်မရသောကြောင့် စုဆောင်း မထားခဲ့နိုင်လျှင် ယင်းတို့ အိုမင်းမစွမ်း သောအခါ အိုသောသူ အရေအတွက်က များနေသောကြောင့် တိုင်းပြည်က ကုန်းရုန်း ပေးဆပ်ရမည်။

 

ပညာရေး၊ ကျန်းမာရေး

မြန်မာနိုင်ငံ ဖွံ့ဖြိုးရေး ခရီးလမ်းတွင် အကြီးမားဆုံး အတားအဆီး ကြီးတစ်ရပ်မှာ စွမ်းရည် Capacity တွင် ဖြစ်သည်။ စီးပွားရေးလုပ်ငန်း များ၊ အစိုးရ ဌာနများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်း များတွင် ကျန်းမာကြံ့ခိုင်ပြီး လုပ်တတ်ကိုင်တတ် စဉ်းစားတတ်သူများ ရှိမှသာ နိုင်ငံကောင်းမွန်စွာ လည်ပတ်ပြီး ရှေ့ရောက်မည်။ လူသားအရင်း အမြစ်ကို အကောင်းဆုံး ဖော်ထုတ်နိုင်ရန်မှာ ပညာရေးနှင့် ကျန်းမာရေးတွင် ရင်းနှီးမြှုပ်နှံခြင်း ဖြစ်သည်။ ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ်ကို တိုးမြှင့်ရုံနှင့် မလုံလောက်၊ ထိုကဏ္ဍများကိုပါ တစ်ပါတည်း မြေလှန်သလို ပြုပြင်ပြောင်းလဲ မှသာ လူသား အခွင့် အလမ်းကို ဖော်ဆောင်နိုင်မည်။ အလုပ် လုပ်နိုင်သည့် လူငယ် ဘယ်နှသန်းပင် ရှိရှိ စဉ်းစားဉာဏ်နည်း၊ ရှူနာရှိုက် ကုန်းများ ဖြစ်နေပါက မည်သို့ အလုပ် လုပ်နိုင်မည်နည်း။ မည်သူက အလုပ်ခန့် မည်နည်း။ နိုင်ငံခြားမှ တိုက်ရိုက် ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းများ ဝင်ရောက်လာလျှင်လည်း အဆင့်နိမ့် ပညာသာ တတ်လျှင် အဆင့်နိမ့် နေရာများသာရပြီး အထက် အဆင့်များကို ပြည်ပသား များကသာ ယူသွားပေမည်။

 

အလုပ်အကိုင်

လွတ်နေသော လူငယ်များမှာ နိုင်ငံအတွက်၊ မိသားစုအတွက် မည်သို့မျှ မကောင်းသည့်အတွက် လူငယ်များကို အလုပ်အကိုင် ပေးနိုင်မည့် လုပ်ငန်းများ ဖော်ထုတ်ပေးရန် အရင်လိုသလို အရေးလည်းကြီးသည်။ မြန်မာတို့ စီးပွားရေး လုပ်ကြမှသာ ထိုလုပ်ငန်းတို့က ခန့်ထားသည့် စီးပွားရေး လုပ်ငန်းများ ပေါ်ပေါက်လာမည် ဖြစ်သောကြောင့် စီးပွားရေး ပတ် ဝန်းကျင် အခြေအနေကောင်း (Good Business Climate) ကို ဖန်တီးပေးရန် လိုသလို တရားသဖြင့် စီးပွားရေး လုပ်ခြင်း သည် ကုသိုလ်လည်းရ၊ ဝမ်းလည်းဝကြောင်း ပညာပေးရန် လိုသည်။

လူငယ်များကို အလုပ်အကိုင် ပေးနိုင်ရန် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု များများစားစား ဝင်လာရန် လိုသလို ပြည်တွင်းတိုင်းရင်းသား လုပ် ငန်းရှင် တို့၏ ရင်းနှီးမြှုပ်နှံမှု တိုးလာရန်လည်း လိုအပ်သည်။ ထို ရင်းနှီးမြှုပ်နှံမှုများသည် သဘာဝသယံဇာတများ ထုတ်ယူသုံးစွဲသည့် လုပ်ငန်းများ တွင်သာ ဝင်ရောက်လာခြင်း မဟုတ်ဘဲ အလုပ်အကိုင်အများအပြား ပေးနိုင်သည့် လုပ်ငန်းများတွင်ပါ ဝင်ရောက်လာ ရန်လည်း လိုသည်။ သဘာဝ သယံဇာတကို ထုတ်ယူရောင်းချသည့် လုပ်ငန်းများ (Extractive Industries) များသာမက လူအင်အား များများသုံးရသည့် ကုန်ထုတ် လုပ်ငန်းများ (Labour Intensive Productive) ဝင်ရောက်လာအောင် ဆွဲဆောင်ရန် လိုအပ်သည်။

 

ရိုးသား ကြိုးစားယဉ်ကျေးမှု

တစ်ချိန်တည်းတွင်ပင် လူသား အရင်းအမြစ်ကို နှစ်ရှည် အထိနာစေခဲ့သည့် “ရိုးသူခံ၊ လည်သူစား” ယဉ်ကျေးမှု ဝါ အရိုးစွဲ အမူအကျင့် တို့ကို ပြောင်းပစ်ရမည်။ ရိုးသားကြိုးစားသူ နောက်နားတွင် ပြားကပ် ကျန်ရစ်ပြီး မကြိုးစား၊ မရိုးသားဘဲ ကပ်တတ် ရပ်တတ်ရုံဖြင့် ရှေ့ရောက်နေသရွေ့ မရိုးသား မကြိုးစားအောင် အားပေးသလို ဖြစ်နေဦးမည်။ ရိုးသား ကြိုးစား ခြင်းဖြင့် ကြီးပွားနိုင်ကြောင်း မက်လုံးများ ပေါ်ပေါက်လာမှသာ လူငယ်တို့ ကြိုးစားအား ရိုးသားအား ရှိမည်ဖြစ်သည်။ ဘဝသင်ခန်းစာကို အဓိက စတင်ထိတွေ့ရသည်မှာ ကျောင်းများဖြစ်သည့်အတွက် အမှန်တကယ် ကြိုးစားသူ ထက်မြက်သူ များ စာသင်ခန်းတွင် အမှတ်ကောင်းရအောင် စီစဉ်ရမည်။ စာမေးပွဲနီးမှ ဆရာ ဆရာမကို ချဉ်းကပ်ပြီး အမှတ်ကောင်းနိုင်မှန်း ထိုကလေး ရိပ်မိသွားလျှင် ရေသာခို အချောင်လိုက်လိုစိတ် တစ်သက်လုံး ဝင်သွားမည်။ သန်းနှင့်ချီသော ကလေးတို့ အချောင်ရလိုစိတ် ဝင်သွားလျှင် နိုင်ငံ့ အနာဂတ်ကို မတွေးဝံ့စရာ။

 

မလွတ်တမ်း

အခြားခြားသော အခွင့်အလမ်းတို့သည် မြန်မာနိုင်ငံနှင့် ကြုံဆုံခဲ့ပြီး ဖြတ်ကျော်သွားသည်မှာ အကြိမ်ပေါင်း မနည်းတော့သောကြောင့် ယခု ရတောင့်ရခဲ လူဦးရေ အခွင့်အလမ်းကို မလွတ်တမ်း အသုံးချရန် လိုအပ်သည်။ အခြားခြားသော အခွင့်အလမ်းများနှင့် ကွဲပြားခြားနားသည်မှာ လူဦးရေ အခွင့်အလမ်းသည် အမြဲတည်ရှိနေမည် မဟုတ်။ တံခါးပွင့်လာချိန် ခဏလေးတွင် အသုံးမချနိုင်လျှင် ပျောက်ကွယ်သွားမည်။ ပျောက်ကွယ် သွားရုံ မကသေး၊ လူဦးရေ ကျိန်စာအဖြစ်လည်း ပြောင်းလဲသွားဦးမည်။ ပညာမတတ်၊ စဉ်းစား ဆင်ခြင်ဉာဏ်နည်း၊ အချိန်ပို၊ အလုပ်လက်မဲ့၊ အားကောင်းမောင်း သန် သန်းဆယ်ဂဏန်းကျော် လူငယ်များနှင့် မြန်မာနိုင်ငံကို မြင်ယောင် ကြည)