Transparency Myanmar

transparency.myanmar@gmail.com

www.business-standard.com, 19th July 2010

တရုတ် ဝန်ကြီးချုပ် ဝမ်ကျားပေါင်က မြန်မာနိုင်ငံသို့ သွားရောက်၍ စစ်ဖက် ခေါင်းဆောင်များနှင့် တွေ့ဆုံကာ ဆွေမျိုးပေါက်ဖော် ရင်းနှီးမှုကို ခိုင်မြဲစေခဲ့ပြီးနောက် တစ်လခွဲ အကြာတွင် အဆိုပါ နိုင်ငံ၏ ထိပ်သီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အိန္ဒိယနိုင်ငံသို့ ဇူလိုင် ၂၅ မှ ၂၉ အထိ ချစ်ကြည်ရေး ခရီး သွားရောက်တော့မည် ဖြစ်သည်။

စိတ်ဝင်စားစရာ ကောင်းသည်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၎င်း၏ ခရီးစဉ်ကို ဗုဒ္ဓဂါယာတွင် စတင်မည် ဖြစ်ကာ ဗုဒ္ဓ ပွင့်တော်မူခဲ့ရာ ဒေသတွင် ဘုရားဖူး၊ တရားထိုင်မည့် အစီအစဉ် ဖြစ်သည်။ ထို့နောက် ၎င်းသည် ဝန်ကြီးချုပ် မန်မိုဟန်ဆင်း ခေါင်းဆောင်သော အိန္ဒိယ ခေါင်းဆောင်ပိုင်းနှင့် တွေ့ဆုံရန် နယူးဒေလီသို့ ၂ ရက် ကြာသွားရောက်မည် ဖြစ်ကာ ထိုမှတဆင့် ဟိုက်ဒရာဘတ်သို့ သွားရောက်၍ ၎င်း၏ တိုင်းပြည် အတွက် အိန္ဒိယက ကူညီပေးစေလိုသော သတင်း နည်းပညာ (IT) ဆက်စပ် စီမံကိန်းများနှင့် ဆေးဝါး၊ ဆေးပစ္စည်း စီမံကိန်းများကို ကြည့်ရှု လေ့လာမည် ဖြစ်သည်။

နိုဝင်ဘာလ မြန်မာနိုင်ငံ ရွေးကောက်ပွဲများ မတိုင်မီ ပေါ်ထွက်လာသည့် ဗိုလ်ချုပ်မှူးကြီး၏ ခရီးစဉ်သည် ပြီးခဲ့သော ဆယ်စုနှစ် အတွင်း အိန္ဒိယနှင့် မြန်မာနိုင်ငံ အကြား အဆင့်မြင့် ခေါင်းဆောင်များ အပြန်အလှန် သွားရောက်ကြသည့် ခရီးစဉ် တသီကြီးအနက် နောက်ဆုံး ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အိန္ဒိယသို့ ၂၀၀၄ ခုနှစ်တွင် သွားရောက် လည်ပတ်ခဲ့ပြီး ယခင် အိန္ဒိယ သမ္မတ အေပီဂျေ အဗ္ဗဒူကလန်က မြန်မာနိုင်ငံသို့ ၂၀၀၆ တွင်၊ ထို့နောက် မြန်မာ အစိုးရ အဖွဲ့ နံပါတ် ၂ ဗိုလ်ချုပ်ကြီး မောင်အေးက ၂၀၀၈ တွင် အိန္ဒိယ ဒုတိယ သမ္မတ ဟာမစ်အန်ဆာရီက နေပြည်တော်သို့ ၂၀၀၉ တွင် အသီးသီး အပြန်အလှန် လည်ပတ်ခဲ့ကြသည်။

နယူးဒေလီ အနေဖြင့် "ဖြစ်ချင်တာထက် ဖြစ်နေတဲ့ အတိုင်း" အိမ်နီးချင်းနိုင်ငံ အားလုံးနှင့် ဆက်ဆံရမည် ဟူသော ယုံကြည်ချက်ဖြင့် လုပ်ဆောင်ခဲ့သော "အိန္ဒိယ နိုင်ငံခြားရေး မူဝါဒ လက်တွေ့ကျကျ ပြန်လည် ထိန်းညှိမှု" ကို ယခု ခရီးစဉ်က အတည်ပြုလိုက်ခြင်း ဖြစ်သည်။

Washinton Post နှင့် Newsweek တို့၏ လုပ်ငန်းခွဲ ဂုဏ်သိက္ခာကြီး "Foreign Policy" မဂ္ဂဇင်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား ကင်ဂျုံအီးနှင့် မူဂါဘီတို့ ပြီးလျှင် "ကမ္ဘာ့ တတိယ အဆိုးဆုံး အာဏာရှင်" အဖြစ် အဆင့် သတ်မှတ်ထားခြင်းကို အိန္ဒိယ နိုင်ငံခြားရေးဌာနက အလေးအနက် မထားသည့် သဘော သက်ရောက်သည်။

"အိန္ဒိယ ဆက်စပ် အကြမ်းဖက်မှုတွေကို အရေးယူဖို့ နှောင့်နှေးနေတဲ့ စစ်အာဏာရှင် လက်က လွတ်မြောက်စ ပါကစ္စတန်ကိုတောင် အိန္ဒိယက ဆက်ဆံနိုင်တယ်ဆိုရင် အခု အိန္ဒိယနိုင်ငံရဲ့ မဟာဗျူဟာဆိုင်ရာ စီးပွားရေးဆိုင်ရာ အကျိုးစီးပွားတွေကို လိုလိုလားလား လာကြည့်မယ့် အရှေ့ဖက်က အာဏာရှင်ကို အိန္ဒိယက သေချာပေါက် လက်ခံစကား ပြောရမှာပေါ့" ဟု အမည် မဖော်လိုသော တရားဝင် သတင်းရပ်ကွက်က ဆိုသည်။

ဒေါ်လာ သန်း ၂၀ ချေးငွေ အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည့် တာတာ ထရပ်ကားများ ထုတ်လုပ်မှုမှသည် ရူပီငွေ ၅၃၅ ကုဋေ ကုန်ကျမည့် ကုလားတန်မြစ် ဘက်စုံ စီမံကိန်း အထိ ပါဝင်သော အိန္ဒိယ၏ "မြန်မာသို့ ခြေလှမ်းများ" သည် လက်ရှိနှစ်များ အတွင်း သိသာ ထင်ရှား များပြား လာခဲ့သည်။ ကုလားတန်မြစ် ဘက်စုံ စီမံကိန်းအရ အိန္ဒိယသည် ရခိုင် ကမ်းရိုးတန်း စစ်တွေ ဆိပ်ကမ်းကို "တည်ဆောက်၊ လုပ်ကိုင်၊ အသုံးပြု" ခွင့် ရရှိမည် ဖြစ်ပြီး မီဇိုရမ် ပြည်နယ် ဖွံ့ဖြိုးရေး အတွက် ကုလားတန် မြစ်ကြောင်းကို သင်္ဘောများ သွားလာနိုင်ရန် ပြုပြင်မည် ဖြစ်သည်။

၂၀၁၃ တွင် အဆင်သင့်ဖြစ်ရန် မျှော်လင့်ထားသော ကုလားတန်မြစ် စီမံကိန်းသည် ဘင်္ဂလား ပင်လယ်အော်တွင် အိန္ဒိယ၏ ရပ်တည်မှုကို ဖြစ်ပေါ်စေမည် ဖြစ်သလို ဘင်္ဂလားဒေ့ရှ် ရိုတ်ဟက်ဆီနာ အစိုးရကလည်း စစ်တကောင်း ဆိပ်ကမ်း ဖွံ့ဖြိုးရေး စီမံကိန်းကို အိန္ဒိယအား လုပ်ကိုင်ခွင့် ပေးခဲ့ရာ ၎င်းဒေသရှိ အိန္ဒိယနိုင်ငံ၏ ရပ်တည်မှု တိုးတက် မြင့်မားလာမည့် အလားအလာ ရှိနေသည်။

အိန္ဒိယနိုင်ငံရှိ ဓာတ်ငွေ့ စီမံကိန်း မှန်သမျှထက် ကြီးမားသည့် ရွှေ ဓာတ်ငွေ့ စီမံကိန်းမှ ဓာတ်ငွေ့ ပိုက်လိုင်း သွယ်တန်းမည့် အစီအစဉ်ကို ၂၀၀၄ တွင် ဘင်္ဂလားဒေ့ရှ်က ဖြတ်သန်းခွင့် ငြင်းပယ်ခဲ့မှုကြောင့် တရုတ်နိုင်ငံထံ လက်လွှတ် ဆုံးရှုံးခဲ့ရသည်။ ထို့နောက် မြန်မာနိုင်ငံက တရုတ်နိုင်ငံပိုင် ရေနံကုမ္ပဏီသို့ အနှစ် ၃၀ သွယ်တန်း ဝယ်ယူခွင့် ပေးခဲ့ရာ အိန္ဒိယ ONOC က ယခုအခါ ၎င်းစီမံကိန်းတွင် ၃၀ % ပါဝင် ရင်းနှီး မြှုပ်နှံလျက် ရှိသည်။

"အိန္ဒိယ၊ မြန်မာ၊ တရုတ် အကြားက ဆက်ဆံရေးဟာ တစ်ယောက်တည်း နိုင်တဲ့ ကစားပွဲ မဟုတ်ပါဘူး" ဟု နိုင်ငံခြားရေး ဌာန အရာရှိက ထောက်ပြသည်။ ရွှေဓာတ်ငွေ့ကိစ္စတွင် အိန္ဒိယ ရှုံးနိမ့်ခဲ့သည်ဟု ၎င်းက ဝန်ခံ ပြောကြားသော်လည်း "ရွှေစီမံကိန်းက ဓာတ်ငွေ့ကို ဘင်္ဂလား ပင်လယ်အော် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းက တဆင့် တရုတ် ယူနန်ပြည်နယ်ကို စလွှတ်ပြီဆိုရင် တစ်နှစ်ကို ကုဗမီတာ ၁၂ ဘီလျံလောက် ပို့မှာပါ။ ONGC က တဆင့် ဒေါ်လာ ၁ ဘီလျံ ရင်းနှီးမြှုပ်နှံထားတဲ့ အိန္ဒိယနိုင်ငံက သေချာပေါက် အမြတ်ရမှာပါ" ဟု ထောက်ပြ သုံးသပ်သည်။

၎င်းက ပြုံးလိုက်ပြီးမှ ဆက်လက်၍ "တကယ်လို့ မြန်မာဟာ အိန္ဒိယ "အရှေ့မျှော် မူဝါဒ" ရဲ့ ဝင်ပေါက် ဖြစ်မယ်ဆိုရင်၊ တကယ်လို့ သန်းရွှေရဲ့ ခရီးစဉ်ဟာ တရုတ်ကို ချိန်ခွင်လျှာ ထိန်းဖို့ အိန္ဒိယကို အသုံးချတဲ့ မြန်မာရဲ့ အကျိုးစီးပွား တစ်ခု ဖြစ်နေတယ်ဆိုရင်၊ အိန္ဒိယနဲ့ တရုတ်တို့ ဆုံနိုင်မယ့် "win-win partnership" မှာ မြန်မာလည်း ညီတူမျှတူ ပါဝင်တာပဲပေါ့ဗျာ"  ဟု ပြောဆိုသည်။

တဖန် ချင်းတွင်းမြစ်ပေါ်မှ ထမံသီ ရေအား လျှပ်စစ် စီမံကိန်း တည်ဆောက်ရန် အိန္ဒိယအား ကမ်းလှမ်းပြီးမှ မြန်မာက ရုတ်သိမ်းခဲ့ခြင်းမှာ အိန္ဒိယ NHPC ၏ အလွန်အမင်း ကြန့်ကြာမှုကြောင့်သာ ဖြစ်သည်။ ထို့နောက် မြန်မာက ဆွစ်ဇလန်နှင့် တောင်ကိုရီးယားတို့ကို ကမ်းလှမ်းခဲ့သော်လည်း ၎င်းတို့က ငြင်းပယ်လိုက်ပြီးနောက် NHPC ကို မနှစ်က ပြန်လည် ကမ်းလှမ်းခဲ့ရာ စီမံကိန်း အသေးစိတ် အစီရင်ခံစာကို ၁၂ လ ခန့် ကြာမှသာ တင်ပြနိုင်လိမ့်မည် ဖြစ်သည်။

ထို့အပြင် နယူးဒေလီသည် မီဇိုရမ်နှင့် နာဂနယ်မြေ အကြား ပို့ဆောင်ရေး လမ်းကြောင်းများ တည်ဆောက်ရန် ဆက်လက် တွန်းအား ပေးနေသေးသည်။ (ကလေးမြို့ကို ဖြတ်၍ တမူး-ကလေးဝလမ်း အပြင် ရိဒ်-ဖလမ်၊ ရိဒ်-တီးတိန်လမ်းများ ပါဝင်သည်။) မန္တလေးမှ ရန်ကုန်သို့ ဖန်မျှင်နန်းကြိုး ဆက်ကြောင်းကိုလည်း သွယ်တန်း ပြီးခဲ့၍ နောက်ဆုံး IT Centre ထူထောင်ထားသော ကာလကတ္တားသို့ ဆက်လက် သွယ်တန်းမည် ဖြစ်သည်။

ပြောရန် ကျန်သေးသည်မှာ အိန္ဒိယ-မြန်မာ နှင့် မြန်မာ-အိန္ဒိယ အကြား ရှေးဟောင်း ဆက်ဆံရေး လမ်းကြောင်း အကွာအဝေးကို ပေါင်းကူး ဆက်သွယ်ပေးခဲ့သည့် မုံရွာတွင် တာတာ ထရပ်ကားများ ထုတ်လုပ်ရန် စက်ရုံတစ်ခု တည်ဆောက်နေခြင်း ဖြစ်သည်။

လက်ရှိ ဆယ်စုနှစ်များ အတွင်း တရုတ်လုပ် ထရပ်ကားများ လွှမ်းမိုးခဲ့သည့် မြန်မာ ပို့ဆောင်ရေးကဏ္ဍ (စစ်တပ်တွင်သာ အသုံးပြု၍ ပြင်ပတွင် သိပ်မသုံးပါ) တွင် ပထမဆုံး အကြိမ် အဖြစ် အိန္ဒိယလုပ် ထရပ်ကားများ ဝင်ရောက်လာတော့မည် ဖြစ်သည်။

ပြီးခဲ့သော ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံ တံခါးဖွင့်ထားခြင်းကို အားသာချက် အဖြစ် ရယူရန် အစိုးရက ပျက်ကွက်ခဲ့သည်ဟု အိန္ဒိယ အရာရှိများက ဝန်ခံခဲ့သော်လည်း "လုံးဝ မလုပ်တာထက် နောက်ကျတာက တော်သေးတာပေါ့" ဟု ခုခံ ပြောကြားခဲ့ကြသည်။

တစ်ချိန်တည်းတွင် နိုင်ငံတကာ အစိုးရများ နည်းတူ နယူးဒေလီက မြန်မာနိုင်ငံ၏ နိုဝင်ဘာလ ရွေးကောက်ပွဲများကို အနီးကပ် စောင့်ကြည့်နေခြင်းမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဗိုလ်ချုပ်ကြီး မောင်အေးတို့ နှစ်ဦး အနားယူမည်ဟု သတင်ပြန့်နေခြင်းကြောင့် သာမကပဲ SPDC အတွင်းမှ အပြောင်းအလဲများက အနာဂါတ် အာဏာပိုင်မည့် သူများကို ညွှန်ပြနေခြင်းကြောင့်လည်း ဖြစ်သည်။

International Crisis Group ၏ အရှေ့တောင် အာရှ စီမံကိန်း ဒါရိုက်တာ Jim Della Giacoma က "ရွေးကောက်ပွဲ ရလဒ်များ အပြစ် ပြောစရာ အလွန်များလိမ့်မည်" ဟူသော အချက်ကို သဘောတူသော်လည်း "အနှစ် ၂၀ လောက် တိတ်ဆိတ် ရပ်တန့်နေတဲ့ တိုင်းပြည် အတွက်တော့ ရွေးကောက်ပွဲ လုံးဝ မရှိတာထက် ခပ်ညံ့ညံ့ ရွေးကောက်ပွဲ တစ်ခု ရှိတာက တော်သေးတာပေါ့" ဟု ထောက်ပြ သုံးသပ်လိုက်သည်။ "ဘယ်သူ အာဏာရမှာလဲ ဆိုတာကို မစဉ်းစားပဲ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ ရွေးကောက်ပွဲကို အားသာချက်အဖြစ် ယူနိုင်ဖို့ အဆင်သင့် ဖြစ်ရပါမယ်" ဟု ၎င်းက ဆက်လက် ပြောကြားသည်။

အဆိုပါ ကိစ္စကို နယူးဒေလီက တိကျ မှန်ကန်စွာ လုပ်ဆောင်နေသည်ဟု အိန္ဒိယ အရာရှိများက ဆိုသည်။ လွန်ခဲ့သည့် အနှစ် ၂၀ က ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ အနိုင်ရသည့်အခါ သူမနှင့် ပါတီကို ဘေးဖယ်ထားရန် စစ်ခေါင်းဆောင်များက ဆုံးဖြတ်ကာ သူမအား နေအိမ်တွင် အကျယ်ချုပ် ဖမ်းဆီးထားခဲ့သော်လည်း နိုင်ငံတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၈ ဖွဲ့အနက် ၁၇ ဖွဲ့နှင့် ငြိမ်းချမ်းရေး သဘောတူညီချက် ရယူနိုင်ခဲ့ကြသည်။ ၎င်း သူပုန် အများစုမှာ အိန္ဒိယနိုင်ငံတွင်လည်း နေထိုင်ကြသည်။

"အိန္ဒိယလိုပဲ မြန်မာနိုင်ငံဟာလည်း နယ်စပ်ဒေသ ပြဿနာတွေ ရှိနေပါတယ်။ သူတို့ လုပ်တာကို ကျွန်တော်တို့ နားလည်ပေးနိုင်ပါတယ်" ဟု အိန္ဒိယ အရာရှိများက ဖြည့်စွက် ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment