Transparency Myanmar

transparency.myanmar@gmail.com

Inter Press service News Agency, By Marwaan Macan-Markar, 19th July 2010

ယခုအပတ် ဟနွိုင်းတွင် ကျင်းပပြုလုပ်မည့် အရှေ့တောင် အာရှနိုင်ငံများ၏ နိုင်ငံခြားရေး ဝန်ကြီးများ နှစ်ပတ်လည် လုံခြုံရေး ဆိုင်ရာ အစည်းအဝေးတွင် ဒေသတွင်း ဒုက္ခ အပေးဆုံး နိုင်ငံဖြစ်သည့် စစ်အစိုးရ အုပ်ချုပ်သော မြန်မာနိုင်ငံ၏ နျူကလီယာ ရည်မှန်းချက်များ ဆိုင်ရာ သတင်းများနှင့် ပတ်သက်၍ စုံစမ်း မေးမြန်း ကြဖွယ်ရာ ရှိသည်။

ပြီးခဲ့သည့် ဇွန်လဆန်းက အော်စလို အခြေစိုက် မြန်မာ သတင်းစာဆရာများ ထုတ်လွှင့်လျက် ရှိသော ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) အသံလွှင့်ဋ္ဌာနက မြန်မာ အစိုးရ၏ နျူကလီယာ အဆောက်အဦးများ ဆောက်လုပ်မှုနှင့် ပတ်သက်၍ လွှင့်ထုတ်ခဲ့ရာ အရှေ့တောင်အာရှ နိုင်ငံများ၏ မြို့တော်များတွင် အချက်ပေး ခေါင်းလောင်း မြည်ခဲ့သည်။

အာဆီယံတွင် အကြီးဆုံး တိုင်းပြည် ဖြစ်သော အင်ဒိုနီးရှားသည် ယခု ဟနွိုင်းတွင် ဇူလိုင်လ ၂၀-၂၃ ၌ ပြုလုပ်မည့် အစည်းအဝေးတွင် မြန်မာနိုင်ငံမှ ဖြေရှင်းချက် တောင်းခံရန် မျှော်လင့်ထားသော နိုင်ငံများတွင် တစ်ခု အပါအဝင် ဖြစ်သည်။

"ဂျာကာတာက အဲဒီကိစ္စအပေါ် အတော် စိုးရိမ် ပူပန်ပါတယ်'' ဟု အရှေ့တောင်အာရှ သံတမန် သတင်း တစ်ရပ်က ဆိုသည်။

မြန်မာနိုင်ငံသည် ဖိလစ်ပိုင်ထံမှလည်း ထိုသို့ စုံစမ်း မေးမြန်းမှုများ ပြုလုပ်လာနိုင်ကြောင်း မျှော်လင့်ထားပုံ ရသည်။ ဖိလစ်ပိုင် ကိုယ်စားလှယ် Libran Cabactulan သည် ပြီးခဲ့သည့် မေလက နယူးယောက်ရှိ ကုလသမဂ္ဂ ဋ္ဌာနချုပ်တွင် ပြုလုပ်သည့် ၂၀၁၀ နျူကလီယာ မပြန့်ပွားရေး စာချုပ် ပြန်လှန် သုံးသပ်ခြင်း ကွန်ဖရင့်တွင် သဘာပတိ တာဝန်ယူ ခဲ့သည်။

အဆိုပါ ပြန်လှန် သုံးသပ် အစည်းအဝေးတွင်  Cabactulan က ကိုယ်စားလှယ်များအား စာချုပ်၏ ရည်မှန်းချက်များ ဖြစ်သော လက်နက် ဖျက်သိမ်းရေး၊ နျူကလီယာ လက်နက် မပြန့်ပွားရေးနှင့် နျူကလီယာ နည်းပညာကို ငြိမ်းချမ်းစွာ အသုံးပြု ပိုင်ခွင့် ကိစ္စများကို အကောင်အထည် ဖော်ကြရန် တိုက်တွန်းခဲ့သည်။

အဆိုပါ စာချုပ်သည် ၁၉၇၀ မှ စတင် အသက်ဝင်ခဲ့သော်လည်း ကမ္ဘာလုံးဆိုင်ရာ နျူကလီယာ မပြန့်ပွားရေး အစိုးရများ ဖြစ်ပေါ်ရေး အဆောက်အအုံ အတွက် အရေးကြီးသော ကဏ္ဍမှ ပါဝင်နေဆဲ ဖြစ်သည်။

အာဆီယံတွင်လည်း နျူကလီယာ လက်နက် ကင်းမဲ့ဇုန် ဖြစ်ရေး သဘောတူညီချက် ရှိထားသည်။

အရှေ့တောင်အာရှ နျူကလီယာ လက်နက် ကင်းမဲ့ဇုန် စာချုပ် (The South-east Asian Nuclear Weapon Treaty) သည် ၁၉၉၇ ခုနှစ်မှ စတင် အသက်ဝင်ခဲ့သည်။ ယင်းနှစ်တွင်ပင် မြန်မာနိုင်ငံသည် အာဆီယံ အဖွဲ့ဝင် နိုင်ငံ ဖြစ်လာကာ အစိုးရ၏ ဖိနှိပ်မှုများ အတွက် နိုင်ငံတကာ ဝေဖန်မှုများကို အာဆီယံက အကာအကွယ် ပေးခဲ့သဖြင့် အကျိုးကျေးဇူး များစွာ ရသည်။ မြန်မာနိုင်ငံသည် ဒေသတွင်း နျူကလီယာ လက်နက် ရပ်ဆိုင်းရေး စာချုပ်ကို ၁၉၉၅ ဘန်ကောက်တွင် ပြုလုပ်သော အစည်းအဝေးတွင် လက်မှတ် ရေးထိုးခဲ့သည်။

မြန်မာနိုင်ငံ၏ နျူကလီယာ အစီအစဉ်များနှင့် ပတ်သက်သော သတင်းများကြောင့် အာဆီယံ၏ နျူကလီယာ လက်နက် စုဆောင်းခြင်းနှင့် ဆောက်လုပ်ခြင်း တားမြစ်ချက်များသည် ယခုအခါ အလေးအနက် ပြုရမည့် စိန်ခေါ်မှုကို ကြုံတွေ့နေရပြီ ဖြစ်သည်။ "ဒီကိစ္စနဲ့ ပတ်သက်၍ ခိုင်မာတဲ့ သက်သေ အထောက်အထားတွေ ရဖို့ ခက်ပေမဲ့ ဒီအစည်းအဝေးမှာ ဆွေးနွေးရမယ့် ကိစ္စတစ်ရပ် ဖြစ်လာပါလိမ့်မယ်။ ဒီကိစ္စဟာ ရည်ရွယ်ချက်တွေ ရှိတဲ့ကိစ္စပါ'' ဟု ထိုင်းနိုင်ငံ၏ The Nation သတင်းစာမှ ကော်လံစား သတင်းထောက် Kavi Chongkittavorn က ပြောကြားခဲ့သည်။

မီဒီယာ သတင်းများအရ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hilary Clinton လည်း အာဆီယံ လုံခြုံရေးဆိုင်ရာ ဖိုရမ်သို့ လာရောက်မည်ဟု သိရှိရပြီး၊ မြန်မာနိုင်ငံ၏ နျူကလီယာ ရည်မှန်းချက်များနှင့် ပတ်သက်၍ ရှင်းလင်းချက်များ အတွက် မျှော်လင့်နေပုံ ရသည်။ ဝါရှင်တန်သည် မြန်မာနိုင်ငံ၏ မြောက်ကိုးရီးယားနှင့် နီးကပ်သော ဆက်နွယ်မှုများအတွက် စိုးရိမ်ပူပန်မှုများကို ဖော်ပြခဲ့ပြီး ဖြစ်သည်။

မြောက်ကိုးရီးယား၏ မြေအောက် နျူကလီယာ စမ်းသပ်မှုများ အပြီးတွင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် ၁၈၇၄ ကို ချမှတ်ခဲ့ပြီး ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ အနေဖြင့် မြောက်ကိုးရီးယား ကုန်တင် သင်္ဘောများကို ရှာဖွေရန် တောင်းဆိုခဲ့သည်။ သို့သော် မြန်မာနိုင်ငံကမူ လိုက်နာခြင်း မရှိပေ။

DVB ၏ မြန်မာနိုင်ငံ၏ နျူကလီယာ ရည်မှန်းချက်များ စုံစမ်း စစ်ဆေးချက် အစီရင်ခံစာတွင် မြန်မာနိုင်ငံတွင် စစ်ရေးအတွက် အသုံးပြုရန် မြန်မာနှင့် မြောက်ကိုးရီးယား ပူးပေါင်း တည်ဆောက်နေသော ဥမင်လိုဏ် ကွန်ရက်များ  ကိစ္စကို အကျယ်ချဲ့ ပြောပြထားသည်။

အဆိုပါ အစီရင်ခံစာကြောင့် ဗီယင်နာ အခြေစိုက် IAEA အား မြန်မာအစိုးရထံ စုံစမ်း စစ်ဆေးမှု ပြုလုပ်ရန် စာပေးပို့ရန် ဖြစ်လာခဲ့သည်။ မြန်မာ အစိုးရက DVB ၏ တွေ့ရှိချက်များ မဟုတ်မမှန်ကြောင်း ငြင်းဆိုခဲ့သည်။ ထို့အပြင် မြန်မာ အစိုးရသည် ၎င်းတွင် နျူကလီယာ ရည်မှန်းချက်များ မရှိကြောင်း ကြေညာချက် နှစ်စောင် ထုတ်ပြန်ခဲ့သေးသည်။

သို့သော် အစိုးရ၏ ငြင်းဆိုမှုမှာ သိပ်အရာ မရောက်လှပေ။ အဆိုပါ အရေးကိစ္စတွင် ကျွမ်းကျင်သူ ပညာရှင်များက ဝင်ရောက်လာပြီး မကြာသေးမီက The Nation သတင်းစာတွင် "မြန်မာနိုင်ငံ၏ နျူကလီယာ ရည်မှန်းချက်များသည် သိသိသာသာ မှန်ကန်ပြီး၊ အချက်ပေး ခေါင်းလောင်းသံပင် ဖြစ်သည်'' ဟု ခေါင်းစဉ်ဖြင့် ဝေဖန်ချက် ဆောင်းပါး ထည့်သွင်း ဖော်ပြခဲ့သည်။

"မြန်မာနိုင်ငံ၏ နျူကလီယာ လက်နက်အတွက် ကြိုးပမ်းမှုများသည် ကောလာဟလ အဖြစ် ထွက်ပေါ်နေသည်မှာ ကြာပြီ ဖြစ်သော်လည်း၊ ယခု  DVB ၏ သတင်း မှတ်တမ်းတွင် မြန်မာနိုင်ငံမှ မကြာသေးမီက ထွက်ပြေးလာသူ၏ ဓါတ်ပုံများ၊ အထောက်အထားများနှင့် စစ်တပ် အတွင်းမှ လူများ၏ အမြင်များဖြင့် သတင်းအချက်အလက် အသစ်များ ပါဝင်ရာ မြန်မာနိုင်ငံ၏ နျူကလီယာ ရည်မှန်းချက် သံသယမှာ ရှင်းလင်းသွားပါသည်'' ဟု IAEA မှ အငြိမ်းစား ဒါရိုက်တာ Robert Kelly က အဆိုပါ ဆောင်းပါးတွင် ရေးသားထားသည်။

"သက်သေ အထောက်အထားများတွင် ယူရေနီယံ သတ္တုကို ဓာတုပစ္စည်းများဖြင့် သန့်စင်စေသော လုပ်ငန်းများ၊ ဓာတ်ပေါင်းဖိုနှင့် ဗုံးများတွင် အသုံးပြုရန်များ ပါဝင်သည်။ ထိုအကြောင်းအရာများကို ပေါင်းသော် ယူရေနီယံကို ပြောင်းလဲရေး အစီအစဉ်မှာ နျူကလီယာ လက်နက် အတွက် သုံးရန် ဟု ကောက်ချက် ဆွဲနိုင်သည်'' ဟု Kelly က ရေးသားထားသည်။

မြန်မာနိုင်ငံ၏ အဆိုပါ အရေးကိစ္စသည် အာဆီယံ အတွက် နောက်ဆုံး ဒုက္ခ အသစ် ဖြစ်စေပြီး အနောက် နိုင်ငံများနှင့် လူ့အခွင့်အရေး အဖွဲ့များ၏ ဖိအားပေးမှုများ ပိုမိုလာပြီး၊ မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ လွတ်လပ်၍ တရား မျှတစေရန် တိုက်တွန်းမှုများပါ ရှိလာသည်။

အာဆီယံသည် မြန်မာနိုင်ငံ၌ ခွဲထွက်ရေး သူပုန်များကို တိုက်ခိုက်မှုကြောင့် ထွက်ပြေးလာသော ထောင်ပေါင်းများစွာသော ဒုက္ခသည်များ ကိစ္စနှင့် ရင်ဆိုင်နေရသည်။ ထို့အပြင် တိုင်းပြည်၏ ဆိုးဝါးသော စီးပွားရေး အခြေအနေကြောင့် နှစ်သန်းခန့်သော ရွှေ့ပြောင်းလုပ်သားများ အရေးကလည်း ရှိနေပြန်သေးသည်။

အာဆီယံ အနေဖြင့် ထွက်ပြေးလာသော ဒုက္ခသည်များ ကိစ္စမှာ ဒေသတွင်း လုံခြုံရေးကို ခြိမ်းခြောက်သော ကိစ္စဟု မမြင်ပေ။ သို့သော် ယခု နျူကလီယာ ကိစ္စကြောင့် မြန်မာနိုင်ငံအပေါ် နှုတ်ဆိတ်နေမှု၊ ပူးပေါင်း ဆောင်ရွက်မှုများကို ရပ်သွားစေနိုင်သည်ဟု ဝေဖန်သူများက ပြေသည်။

"ဆယ်စုနှစ်များစွာကပင် မြန်မာနိုင်ငံမှာအစိုးရသည် ပြည်သူလူထု အတွက် အန္တရာယ်ကောင် အဖြစ်သာ ဖြစ်ခဲ့သည်။ သို့သော် ယခု မကြာခင်က သတင်းများအရ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ၏ ပထမဆုံး နျူကလီယာ နိုင်ငံ ဖြစ်ရန် ဆန္ဒရှိနေကြောင်း အတည်ပြုရမည် ဖြစ်ပြီး၊ ဒေသတွင်း တွင်ပါ အန္တရယ်ကောင် အဖြစ် ခြိမ်းခြောက် ထွက်ပေါ်လာနေပြီ ဖြစ်သည်'' ဟု ဧရာဝတီမှ အယ်ဒီတာ အောင်ဇော်က Bangkok Post သတင်းစာတွင် တနင်္လာနေ့က ရေးသားခဲ့သည်။

"မြန်မာနိုင်ငံသည် မြောက်ကိုးရီးယား မဟုတ်ပေ။ သို့သော် မြန်မာနိုင်ငံမှ စစ်သား အုပ်ချုပ်သူများသည် ပြုံးယမ်းရှိ အာဏာရှင်များထက် မလျော့သော စွမ်းဆောင်ရည်များ ရှိသည်။ ၎င်းတို့၏ ရှင်သန်မှု အတွက် မသေချာသော တစ်နေ့တွင် အိမ်နီးချင်းနိုင်ငံများကို ငွေနှင့် ခြိမ်းခြောက် အသုံးပြုနိုင်သည်။ ယခုအခါ ၎င်းတို့၏ နျူကလီယာ အိပ်မက် အတွက် ပထမခြေလှမ်း လှမ်းပြီးပြီ ဖြစ်ရာ၊ နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် မိမိတို့ အတွက် နျူကလီယာ အိပ်မက်ဆိုးကြီး ဖြစ်မလာအောင် ကာကွယ်ရတော့မည် ဖြစ်သည်'' ဟု အောင်ဇော်က ရေးသားထားသည်။

 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment