Transparency Myanmar

transparency.myanmar@gmail.com

အနောက်ကမ္ဘာ၏ စီးပွားရေး ပိတ်ဆို့မှုများ ဖယ်ရှားရေးအတွက် နိုင်ငံအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံလိုပါသည် ဟူသော ဒေါ်အောင်ဆန်းစုကြည်၏ ကမ်းလှမ်းချက်မှာ ရိုးသားဖြောင့်မတ်မှု မရှိကြောင်း မြန်မာ တပ်မတော်အစိုးရပိုင် မီဒီယာများက ရေးသား ဖော်ပြသည်။

ယခုအခါ နေအိမ် အကျယ်ချုပ်ဖြင့် ဖမ်းဆီး ထိန်းသိမ်းခံထားရသော ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာအစိုးရ၏ ဂုဏ်သိက္ခာ ကျဆင်းအောင် ကြိုးပမ်းခဲ့ပြီး သူမ၏ အပြုအမူသည် များစွာ မေးခွန်းထုတ်စရာ ဖြစ်နေသည်ကို တွေ့ရကြောင်း မြန်မာအစိုးရပိုင် သတင်းစာ သုံးစောင်ဖြစ်သော ကြေးမုံ၊ မြန်မာ့အလင်းနှင့် New Light of Myanmar တို့က သုံးသပ်ချက် ဆောင်းပါးတစ်ပုဒ်ဖြင့် ရေးသားဖော်ပြသည်။

မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်စုကြည်သည် နိုဝင်ဘာလ ၁၁ ရက်နေ့ ရက်စွဲဖြင့် တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ စာတစ်စောင် ပေးပို့ခဲ့သည်။ အဆိုပါ စာတွင် သူမအနေဖြင့် မြန်မာနိုင်ငံ၏ အကျိုးစီးပွားအတွက် တပ်မတော် အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်လိုပါကြောင်း ရေးသားခဲ့သည်။

ထို့အတူ စက်တင်ဘာလ ၂၅ ရက်နေ့ကလည်း စီးပွားရေး ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားနိုင်ရေးအတွက် အနောက်ကမ္ဘာနိုင်ငံများနှင့် သော်လည်းကောင်း၊ မြန်မာတပ်မတော် အစိုးရနှင့် သော်လည်းကောင်း ပူးပေါင်း ဆောင်ရွက်လိုပါသည်ဟု စာတစ်စောင် ရေးသားခဲ့သေးသည်။ လေ့လာ သုံးသပ်သူများ၏ အဆိုအရ အနောက်ကမ္ဘာ၏ ပိတ်ဆို့ အရေးယူမှုမှာ တရုတ်နှင့် အိန္ဒိယတို့၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကြောင့် စစ်အစိုးရကို ဖိအားပေးနိုင်ခြင်း မရှိပေ။

"ဒေါ်အောင်ဆန်းစုကြည် ရေးသား ပေးပို့တဲ့ စာတွေဟာ သူမရဲ့ မရိုးသားမှုကို ဖော်ပြနေပါတယ်။ နောက်ပြီးတော့ အဲဒီစာတွေဟာ တပ်မတော် အစိုးရရဲ့ ဂုဏ်သိက္ခာ ကျဆင်းအောင် အကွက်ဆင်ထားတာကို တွေ့ရပါတယ်။ အစိုးရအပေါ် အပြစ်တွေ အားလုံး ပုံချနိုင်အောင် ပုံဖော်ပေးနေပါတယ်" ဟု အဆိုပါ ဆောင်းပါးက ဆိုသည်။

ယခုကိစ္စသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ပေးပို့သော ဒေါ်အောင်ဆန်းစုကြည်၏ စာနှင့် ပတ်သက်၍ စစ်အစိုးရက ပထမဆုံး တုံ့ပြန်မှု ပြုလုပ်ခြင်း ဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ မီဒီယာများသို့ စာကိစ္စ ပေါက်ကြားသွားသောကြောင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ပြစ်တင် ဝေဖန်လိုက်ခြင်းလည်း ဖြစ်သည်။

"ဒေါ်အောင်ဆန်းစုကြည်ရဲ့ စာနှစ်စောင်ဟာ သူမရဲ့ မရိုးသားမှုကို ထင်ဟပ် ပေါ်လွင်စေပါတယ်။ နိုင်ငံနဲ့ ပြည်သူ့အကျိုးကို အမှန်တကယ် လိုလားတယ်ဆိုရင်၊ ရိုးသားပြီး စိတ်ရင်း စေတနာလည်း အမှန်တကယ် ရှိတယ်ဆိုရင် ကိုယ့်ဘက်က ရပ်တည်မှုကို ပွင့်ပွင့်လင်းလင်း တင်ပြပြီး အစိုးရကို ရိုးရိုးသားသား ချဉ်းကပ်သင့်ပါတယ်" ဟု ဆောင်းပါးက ဆိုပါသည်။

ဒေါ်အောင်ဆန်းစုကြည် နောက်ဆုံး ရေးသား ပေးပို့ခဲ့သော စာတွင် အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကတ်ကမ်းဘဲလ်နှင့် တွေ့ဆုံခွင့် ပြုသည့်အတွက် တပ်မတော် အစိုးရကို အထူးပင် ကျေးဇူးတင်ရှိကြောင်း ရေးသားထားသည်။

ရိုက်တာသတင်းဌာန ၏ Myanmar Junta Labels Detained Suu Kyi Dishonest ကို ဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment