Transparency Myanmar

transparency.myanmar@gmail.com

အမေရိကန် အစိုးရက မြန်မာတပ်မတော် အစိုးရနှင့် တိုက်ရိုက် စေ့စပ် ညှိနှိုင်းမည်ဟု ဆုံးဖြတ်ချက် ချမှတ်ခဲ့သော်လည်း မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြောင်းလဲမှုများ ထွက်ပေါ်မည့် အရိပ်အယောင် မတွေ့ရကြောင်း အမေရိကန် အဆင့်မြင့် သံတမန်တစ်ဦးက သုံးသပ် ပြောကြားလိုက်သည်။

အမေရိကန်နှင့် မြန်မာ နှစ်နိုင်ငံ အဆင့်မြင့် ခေါင်းဆောင်များအကြား နိုဝင်ဘာလအတွင်း ပြုလုပ်ခဲ့သော တွေ့ဆုံ ဆွေးနွေးမှုများသည် သတိပေးမှု သက်သက်မျှသာ ဖြစ်ပြီး အဖြေထွက်မည့် နည်းလမ်း အနည်းငယ်ကိုသာ ဆောင်ကြဉ်းနိုင်ခဲ့ပါကြောင်း အမေရိကန် ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Scot Marciel က ပြောကြားသည်။

"အဲဒီလို တွေ့ဆုံ ဆွေးနွေးမှုကြောင့် ကျွန်တော်တို့ စကားပြောခွင့်တော့ ရခဲ့ပါတယ်။ ဒါပေမဲ့ အဲဒါဟာ တိုးတက်မှု ဖြစ်စဉ် မဟုတ်ပါဘူး" ဟု ၎င်းက စင်ကာပူ Think Tank တစ်ခု ဖြစ်သော Institute of Southeast Asian Studies က ကြီးမှူး ကျင်းပသည့် ဆွေးနွေးပွဲတွင် ပြောကြားသည်။

"မြန်မာပြည်ထဲမှာ ပြောင်းလဲမှုတွေ ရှိလာတဲ့အခါကျမှ တိုးတက်မှုဆိုတာ ဖြစ်ပေါ်လာမှာပါ။ အခု အချိန်ထိတော့ ဘာမှ မဖြစ်ပေါ်သေးပါဘူး" ဟု မစ္စတာ Scot Marciel က ဆိုပါသည်။ မစ္စတာ Scot Marciel သည် အာရှပစိဖိတ် ဒေသဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Cambell ဦးဆောင်သော အမေရိကန် အထူးသံတမန်အဖွဲ့နှင့် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည်။

တိုးတက် ဖြစ်ထွန်းမှုများ နည်းပါးနေခြင်းကြောင့် ဝါရှင်တန် အစိုးရအနေဖြင့် မြန်မာနိုင်ငံ တပ်မတော် အစိုးရနှင့် တိုက်ရိုက် စေ့စပ်ညှိနှိုင်းမှု ပြုမည့် မူဝါဒကို ဆက်လက် အကောင်အထည်ဖော်ရန် ခက်ခဲလျက် ရှိကြောင်း၊ သို့သော် ဝါရှင်တန်သည် ရလဒ်ကောင်းများ ထွက်ပေါ်လာရေးအတွက် အချိန်ပေး စောင့်ဆိုင်းသွားမည်သာ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

"မြန်မာနိုင်ငံထဲမှာ တိုးတက်မှု တစ်စုံတရာ မရှိဘဲနဲ့ ကျွန်တော်တို့ အနေနဲ့ ဒိုင်ယာလော့ခ်လုပ်ဖို့ ခက်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကလည်း အခု ဒိုင်ယာလော့ခ် လုပ်ဖို့ အနေအထားမှာ မရှိပါဘူး။ ကျွန်တော်ထင်တယ်…။ ကျွန်တော်ပြောခဲ့တဲ့အတိုင်း အဲဒီ မြန်မာခရီးစဉ်အတွင်း ကျွန်တော်တို့ ဘာတစ်ခုမှ အကောင်အထည် မဖော်ခဲ့နိုင်ပါဘူး။ အကောင်အထည် ဖော်နိုင်မယ်လို့လည်း ကျွန်တော်တို့ လုံးဝ မမျှော်မှန်းခဲ့ကြပါဘူး။

မြန်မာနိုင်ငံအပေါ် ပြဋ္ဌာန်းခဲ့သော စီးပွားရေး ပိတ်ဆို့ အရေးယူသည့် မူဝါဒများက အကျိုးအမြတ် တစ်စုံတရာ မထုတ်ဖော်နိုင်ခဲ့သည့် နောက် အမေရိကန် သမ္မတ ဘားရက်အိုဘားမား ဦးဆောင်သည့် အစိုးရသည် မြန်မာအစိုးရနှင့် တိုက်ရိုက် စေ့စပ်ညှိနှိုင်းမည့် မူဝါဒကို ပြောင်းလဲ ကျင့်သုံးလာခဲ့သည်။

AFP သတင်းဌာန၏ No progress on Myanmar ကို ဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment