Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2010.googlegroups.com

စစ်အစိုးရက ဓာတုပစ္စည်းပါဝင်သော မော်တာများ ဖြည့်တင်းလျက်ရှိ

(By Mungpi) From Mizzima

9th Oct 2009

မြန်မာစစ်အစိုးရသည် ရှမ်းပြည်နယ်တွင် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ရင်ဆိုင်နိုင်ရန် တပ်များကို အင်အားဖြည့်တင်းလျက် ရှိနေစဉ်မှာပင် ဓာတုပစ္စည်းများ ပါဝင်သော မော်တာများကိုပါ ပေးပို့လျက် ရှိကြောင်း သတင်းများအရ သိရှိရပါသည်။ ထို့ကြောင့် ယခုအချိန်မှာ အန္တရာယ်ရှိသော အသွင်ကို ဆောင်နေပြီဟု ဆိုနိုင်ပါသည်။

ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသား Kachin News Group (KNG) ၏ အဆိုအရ စစ်အစိုးရတပ်များသည် ပြီးခဲ့သည့်လမှ စ၍ အနီ၊ အဝါနှင့် အစိမ်းရောင်များဖြင့် မှတ်သားထားသော ထူးခြားသော မော်တာ အမြောက်ဆန်များကို စုဆောင်းလျက် ရှိကြောင်း သိရှိရပါသည်။

"ကျွန်တော်တို့ဟာ မြန်မာစစ်တပ်အတွင်းမှာ သတင်းပေးတွေ ရှိပါတယ်။ သူတို့ အဆိုအရ မြန်မာစစ်တပ်ဟာ ဓာတုပစ္စည်းတွေပါတဲ့ မော်တာများစုဆောင်းနေပြီလို့ ဆိုပါတယ်။ ဒါပေမဲ့ အထက်က အမိန့်တစ်စုံတစ်ရာ မရဘဲ အဲဒီမော်တာတွေ မသုံးဖို့ တင်းကျပ်စွာ တားမြစ်ထားတယ်လို့ ဆိုပါတယ်။" ဟု KNG မှ အယ်ဒီတာ Naw Din က မြန်မာစစ်တပ်အတွင်းမှ လာသော သတင်းများကို ကိုးကား၍ ပြောပါသည်။

Naw Din က ဆက်လက်ပြောကြားရာတွင် အဆိုပါမော်တာများကို မြောက်ကိုရီးယားမှ တင်သွင်းလာခြင်း ဖြစ်ပြီး ဓာတုပစ္စည်းများ၏ သက်ရောက်မှုကြောင့် သေကြေပျက်စီးမှုများ ဖြစ်နိုင်ကြောင်း ဖော်ပြထားပါသည်။

"ဒီမော်တာတွေက ပစ်လိုက်ရင် လေထဲမှာ ကွဲသွားပြီးနောက်ပိုင်း လူတွေကို မေ့မျောသွားစေတယ်။ နှာခေါင်းသွေးယိုမှုဖြစ်ပွားပြီး အသက်ရှုကြပ်ပြီး အာရုံကို ဝေဝါးသွားစေပါတယ်" ဟု Naw Din က ဆက်ပြောပါသည်။

Naw Din က မြန်မာစစ်တပ်အတွင်းမှ လာသော သတင်းများကို ကိုးကား၍ ဆက်လက်ပြောကြားရာတွင် ပြီးခဲ့သော စက်တင်ဘာ လဆန်းပိုင်းကတည်းက ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း၊မုန်းကိုးဒေသအနီး တောင်ထိပ်ပေါ်ရှိ အမှတ်(၁) ညောင်ပင် အခြေချတပ်သို့ စစ်တပ်သုံး ထရပ်ကား အနည်းဆုံး နှစ်စီးတိုက်ခန့် အဆိုပါ မော်တော်ကားများကို ပို့ဆောင်ပေးခဲ့သည်ဟု ဆိုပါသည်။

တရုတ်- မြန်မာနယ်စပ်တွင် မြန်မာစစ်တပ်သည် အင်အားကို ထူထပ်စွာ အားဖြည့်လျက်ရှိပြီး အဆိုပါ ဓာတုပစ္စည်းပါဝင်သော မော်တာအသုံးပြုခွင့်ကိုမူ ၎င်းတို့အား ဆုံးဖြတ်ခွင့်ပေးမထားကြောင်း နယ်စပ်မှ လာသော သတင်းများအရ ကိုးကား၍ ဖော်ပြထားပါသည်။

ဩဂုတ်လကုန်ပိုင်း ကိုးကန့်နှင့် အရေးအပြီးတွင် မြန်မာစစ်တပ်သည် "ဝ" ပေါင်းစည်းညီညွတ်ရေး တပ်မတော် (United Wa State Army) နှင့် နယ်နိမိတ်ထိစပ်နေသော ဒေသများသို့ ဦးတည်၍ နေရာချထားလျက် ရှိပါသည်။ UWSA သည် အပစ်အခတ် ရပ်ဆိုင်းထားသော တိုင်းရင်းသားအဖွဲ့အစည်းများတွင် လက်နက်အင်အား အတောင့်တင်းဆုံး အဖွဲ့တစ်ခု ဖြစ်သည်။ မုန်းလဒေသတွင်မူ National Democratic Alliance Army (NDAA) က ခြေကုတ်ယူထားပါသည်။

ထိုင်းနိုင်ငံ အခြေစိုက် Shan Herald Agency for News (SHAN) မှ လက်ထောက်အယ်ဒီတာ စိန်ကြည်၏ အဆိုအရ စစ်အစိုးရသည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲများဖြင့် ဖိအားပေးလျက် ရှိစဉ် တစ်ဖက်မှလည်း ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် အရှေ့ပိုင်းတွင် စစ်အင်အားများ တိုးချဲ့ချထားလျက် ရှိကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်းက မြန်မာစစ်တပ်မှ အရာရှိကြီးများသည် UWSA မှ အဆင့်နိမ့် တာဝန်ခံများအား သွေးခွဲရန်အတွက် ရည်ရွယ်၍ တွေ့ဆုံရန် ပြောကြားလာခဲ့ကြောင်း သို့သော် ဝ တပ်မှ ဌာနချုပ်ကို ခွင့်တောင်းရမည် ဖြစ်ကြောင်း အကြောင်းပြန်ခဲ့သည်ဟု ဆိုပါသည်။

"အဲဒီဒေသတွေမှာ မြန်မာစစ်တပ်ရဲ့ လူအင်အားဖြည့်တင်းနေပုံတွေ၊ လက်နက်ရော ရိက္ခာပါ ဖြည့်တင်းနေပုံတွေကို ကြည့်ရင် ရင်ဆိုင်စစ်ပွဲအတွက် ပြင်ဆင်နေတာလို့ ယူဆရပါတယ်" ဟု စိန်ကြည်က ပြောပါသည်။

"ကျွန်တော့်အနေနဲ့တော့ ဓာတုပစ္စည်းပါတဲ့ မော်တာတွေ ဖြည့်တင်းနေတာနဲ့ ပတ်သက်လို့ လက်ရှိ ဘာသတင်းမှ မရရှိပါဘူး။ ဒါပေမဲ့ မြန်မာစစ်တပ်ထဲမှာရှိတဲ့ သတင်းပေးသူတွေက လွန်ခဲ့တဲ့ တစ်နှစ် နှစ်နှစ်လောက်ကတည်းက သူတို့တပ်ထဲမှာ မြောက်ကိုရီးယားလုပ် ဓာတုမော်တာတွေ ရှိနေပြီဆိုတာတော့ သတင်းရပါတယ်" ဟု စိန်ကြည်က ဆက်ပြောပါသည်။

စိန်ကြည်က ဓာတုမော်တာများ ဖြည့်တင်းခြင်းသတင်းကိုမူ မသိသော်လည်း မဖြစ်နိုင်ဟုမူ မပြောနိုင်ကြောင်း ဆက်လက် ပြောကြားပါသည်။

"ဒီမော်တာကို သုံးခဲ့ရင်တော့ အလွန်ကြောက်စရာ ကောင်းမှာပဲ။ သူ့ကြောင့် စစ်သားတွေသာမက ရွာသားတွေရော၊ အရပ်သားများပါ ဒုက္ခရောက်သွားနိုင်တယ်" ဟု စိန်ကြည်ကပင် ပြောပါသည်။

မြန်မာစစ်အစိုးရသည် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက် ပြန်ကြားရမည့် နောက်ဆုံးရက်မှာ အောက်တိုဘာလကုန်ဖြစ်ရာ၊ တိုက်ပွဲများ မုချဖြစ်လာလိမ့်မည်ဟု ခန့်မှန်းရသည်။

သို့သော် အင်အား ၂၀၀၀၀ ခန့်ရှိသော နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက် ဘာမျှ ပြန်ကြားလိမ့်မည် မဟုတ်ဟု ယူဆရသည် ဖြစ်ရာ နှစ်ဦးနှစ်ဖက်ကြား သွေးချောင်းစီးသော ဖြစ်ရပ် ဖြစ်ပေါ်လာနိုင်ပေသည်။

"စစ်တပ်ဟာ ဝ ကိုရော အခြားအဖွဲ့အစည်းတွေကိုရော အနှေးနဲ့ အမြန် တိုက်မှာပဲ။ ဒါပေမဲ့ ဘယ်တော့ တိုက်မှာလဲ။ ဘယ်လိုပုံစံနဲ့ တိုက်မှာလဲ။ ကိုးကန့်ကို လုပ်သလို နည်းလမ်းတွေရော သုံးလာနိုင်တယ်လို့ စဉ်းစားရမယ်" ဟု စိန်ကြည်ကပင် ပြောပါသည်။

သို့သော် သတင်းများ၏ အဆိုအရ စစ်အစိုးရသည် တရုတ်၏ အခြေအနေကို စောင့်ကြည့်နေသည်ဟု ထင်ရကြောင်း၊ ယခုကိစ္စသည် တရုတ်အပေါ်တွင် အများကြီးမူတည်နေကြောင်း၊ 'ဝ'ကို တရုတ်က အများကြီးကျောထောက် နောက်ခံပေးထားသည်ဟု ယူဆရကြောင်း သိရှိရပါသည်။




0 comments:

Post a Comment