Transparency Myanmar

transparency.myanmar@gmail.com

(၁၉ ဇန်နဝါရီ ၂၀၁၁ ရက်စွဲပါ Associated Press မှ Grant Peck ရေးသားသော Group says survay confirms Myanmar rights abuses ကို ဘာသာ ပြန်သည်)

မြန်မာ့ တပ်မတော်၏ ပြောင်ကျကျ၊ ကျယ်ကျယ် ပြန့်ပြန့် နှိပ်စက် ညှဉ်းပမ်းမှုများကို ဖော်ထုတ်ထားသည့် အစီရင်ခံစာသည် အဆိုပါ နိုင်ငံမှ စစ်ဖက် အုပ်ချုပ်သူများကို လူသားထု အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြင့် တရား စွဲဆိုရန် အထောက် အထားအဖြစ် အသုံးပြု နိုင်လိမ့်မည်ဟု လူ့အခွင့် အရေး အုပ်စုများက ပြောကြားလိုက်သည်။

မြေမြှုပ် မိုင်းများကို ဆန့်ကျင် ကန့်ကွက်သည့် လှုပ်ရှားမှုများ အတွက် ၁၉၉၇ ခုနှစ်က ငြိမ်းချမ်းရေး နိုဘယ်ဆုကို ပူးတွဲ ရရှိခဲ့ကြသည်။ "Physicians Human Rights" က ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်သော အစီရင်ခံစာတွင် တင်ပြရာ၌ ချင်းပြည်နယ်ရှိ တိုင်းရင်းသား လူနည်းစုများ အပေါ် သတ်ဖြတ်ခြင်း၊ ရိုက်နှက်ခြင်း၊ အဓမ္မ ခိုင်းစေခြင်း၊ ဘာသာရေး ခွဲခြားခြင်း၊ လူများ ပျောက်ဆုံးခြင်း၊ နှိပ်စက် ရိုက်နှက်ခြင်း၊ မတရား ပြုကျင့်ခြင်း၊ နေရာအနှံ့ လုယက်ခြင်း စသည့်တို့ အပါအဝင်  ညှင်းပမ်း နှိပ်စက်မှုများကို အထောက် အထား မှတ်တမ်း တင်ခဲ့သည်ဟု ဆိုသည်။

အစောပိုင်းက ထုတ်ပြန်ခဲ့သော အစီရင်ခံစာများကို အထောက်အကူ ပြုရန် အတွက် မြန်မာနိုင်ငံမှ လူသားထု အပေါ် ရာဇဝတ် ကျူးလွန်မှုများ၏ ပမာဏနှင့် အတိုင်းအတာကို ပထမဆုံး အကဲဖြတ်သည့် အနေဖြင့် လေ့လာ အစီရင်ခံ ထားသည့်ဟု ၎င်းအစီရင်ခံစာက ဖော်ပြသည်။

"ချင်းလူမျိုးတွေ ခံစားနေရတဲ့ ကြောက်မက်ဖွယ် ဒုက္ခတွေကို ဒီအစီရင်ခံစာက မီးမောင်း ထိုးပြထားတာ ဖြစ်ပါတယ်၊ အချက် အလက်တွေကို လိမ်ညာ တင်ပြခြင်း မရှိပါဘူး" ဟု Physicians of Human Rights အမှုဆောင် ဥက္ကဋ္ဌ Frank Donaghue က ကြေညာချက်တွင် ပြောဆိုလိုက်သည်။

ကျယ်ကျယ် ပြန့်ပြန့် နှိပ်စက် ညှင်းပမ်းမှု စွပ်စွဲချက်များ ယခင်က ငြင်းဆိုလျက် ရှိလေ့ ရှိသော မြန်မာ အစိုးရက လတ်တလော မှတ်ချက် ပေးခြင်း မရှိသေးပါ။

အမေရိကန် အခြေစိုက် လူ့အခွင့်အရေး အုပ်စုက ၎င်း၏ ၆၄ မျက်နှာ အစီရင်ခံစာတွင် "စစ်အစိုးရ လက်အောက်မှ ဘဝ ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ ချင်းပြည်နယ်မှ လူသားထု အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ အထောက် အထားသည် နိုင်ငံတကာ ရာဇဝတ် ခုံရုံးသို့ တင်ပြနိုင်သည့် လူ့အခွင့်အရေး ချိုးဖောက်မှု အနည်းဆုံး ၈ ခု ၏ အထောက် အထားကို တင်ပြထားသည်ဟု ဖော်ပြထားသည်။

၎င်းအစီရင်ခံစာက မြန်မာနိုင်ငံမှ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်သည့် အစီရင်ခံစာများကို စစ်ဆေးရန် အတွက် စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရန် ကုလ သမဂ္ဂကို တိုက်တွန်းထားသည်။

"စုံစမ်း လေ့လာသူတွေ အသုံးပြုတဲ့ လေ့လာ ချဉ်းကပ်ပုံကြောင့် ညှင်းပမ်း နှိပ်စက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့်၊ စနစ်တကျ ကျူးလွန်တဲ့ သဘာဝကို ကျွန်တော်တို့ မြင်တွေ့ခွင့် ရခဲ့ပါတယ်။ အဆုံးစွန် ကြောက်မက်ဖွယ်ကောင်းတဲ့ ရလဒ်တွေပါပဲ" ဟု နိုဘယ်ဆုရှင် တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စမွန်တူးတူး က အဆိုပါ အုပ်စုက ထုတ်ပြန်သော အစီရင်ခံစာတွင် ပြောကြား ထားသည်။

မြန်မာအစိုးရ ကျူးလွန်သော ရာဇဝတ်မှုများကို နိုင်ငံတကာ ခုံရုံးတွင် ကြားနာရန်နှင့် ကုလ လုံခြုံရေး ကောင်စီက စုံစမ်းရေးကော်မရှင် ဖွဲ့စည်းရန် တိုက်တွန်းသည့် လှုပ်ရှားမှုကို ပြီးခဲ့သော နှစ်အတွင်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများက အရှိန်မြင့် ခဲ့ကြသည်။

နိုဝင်ဘာ ရွေးကောက်ပွဲများ အပြီး နှစ် ၂၀ အတွင်း ပထမဆုံး လွှတ်တော်ကို ယခုလကုန် ခေါ်ယူ စည်းဝေးရန် စီစဉ်ခြင်းနှင့်အတူ မြန်မာအစိုးရက ကိုယ့်ကိုကိုယ် အာဏာ ပြန်လည် အပ်နှင်းသည့် ဒီမိုကရေစီ အသွင် ကူးပြောင်းမှုကို ပြုလုပ်နေသည့် အတွက် လူ့အခွင့်အရေး အုပ်စုများ၏ ဖိအားပေးမှုများ ပေါ်ထွက်လာခြင်း ဖြစ်သည်။ စစ်တပ်က ဆက်လက် အုပ်ချုပ်ရေး အတွက် တရားဝင် မျက်နှာဖုံး တပ်ပေးသည့် လှည့်စားထားသည့် လုပ်ငန်းစဉ်သာ ဖြစ်သည်ဟု နိုင်ငံတကာ ဝေဖန် ဆန်းစစ်သူများက စွပ်စွဲထားသည်။

မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးစုများသည် တိုင်းပြည်၏ (၅၆) သန်းသော လူဦးရေ၏ ၃၀-၄၀% ရှိပြီး၊ နယ်စပ်ဒေသများတွင် နေထိုင်သူများက များသည်။ ၎င်းတို့သည် ဆယ်စုနှစ်များစွာ ဗဟိုအစိုးရထံမှ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရရေး ကြိုးပမ်းလာခဲ့ရာ၊ တခါတရံ လက်နက်ကိုင် ဆန့်ကျင်မှုများ ရှိခဲ့သဖြင့် စစ်တပ်၏ ပြင်းထန်သော ဖိနှိပ်မှုများကို ကြုံတွေ့ကြရသည်။

ထိုင်းနိုင်ငံ နယ်စပ် တလျှောက်ရှိ လူဦးရေ များပြားသော အုပ်စုများ ဖြစ်သည့် ကရင်နှင့် ရှမ်းလူမျိုးများ၏ ဆိုးဝါးလှသော အခြေအနေများကို လူအတော် များများ သိရှိကြသော်လည်း ခရစ်ယာန် ဘာသာ ကိုးကွယ်သော ချင်းလူမျိုးများမှာမူ လျစ်လျူရှု ခံထားကြရသည်။

အစီရင်ခံစာသစ် အတွက် ချင်းပြည်နယ်တွင် မြို့နယ်ကိုးခု၌ အိမ်ထောင်စု (၆၂၁)စုအား လက်တန်း ရွေးချယ်၍ မေးခွန်း (၈၇)ခုပါ စစ်တမ်းကို ၂၀၁၀ ဇန်နဝါရီလ မှ မတ်လထိ လွန်ခဲ့သည့် (၁၂) လအတွင်း ၎င်းတို့၏ ဘဝများကို မေးမြန်းခဲ့သည်။

ဖြေဆိုသူများ၏ ၉၂% က ၎င်းတို့တွင် အနည်းဆုံး အဓမ္မ လုပ်အားပေးစေခြင်း အဖြစ်အပျက် တစ်ခုစီ ရှိကြောင်း တင်ပြကြသည်။ စစ်သုံးပစ္စည်းများ ထမ်းပို့စေခြင်း၊ လမ်းဖောက်ခြင်းများကို ခိုင်းစေကြကြောင်း ဆိုသည်။ ထိုဒေသများတွင် အစိုးရ အာဏာပိုင် ဆိုသူများမှာ အဓိကအားဖြင့် စစ်သားများသာ ဖြစ်ပြီး ၎င်းတို့သည် လူ့အခွင့်အရေး ချိုးဖောက်မှုများ၏ ၉၈% ကျော်ကို ကျူးလွန်ကြသည်။ ထိုသို့ ကျူးလွန်ရာတွင် လူသတ်ခြင်း၊ အမျိုးသမီးများအား အဓမ္မပြုကျင့်ခြင်း၊ နှိပ်စက်ခြင်း၊ အတင်း ပြောင်းရွှေ့စေခြင်းများ ပါဝင်သည်ဟု အစီရင်ခံစာက ဆိုသည်။ မေးခွန်း မေးခံရသော မိသားစုများ အနက်မှ (၁၅%) က စစ်သားများ၏ နှိပ်စက်မှု သို့မဟုတ် ရိုက်နှက်မှုကို ခံကြရကြောင်း ပြောကြသည်။

Physicians for Human Rights က ပြောကြားရာတွင် တွေ့ရှိချက်များသည် လူသားချင်း မစာနာပဲ ကျူးလွန်သော ရာဇဝတ်မှုများနှင့် ပတ်သက်သော နိုင်ငံတကာ ဥပဒေကို ချိုးဖောက်မှုများ အတွက် သက်သေ အထောက် အထားများ ဖြစ်ကြောင်း ဆိုသည်။

၎င်းအဖွဲ့က ပြောကြားရာတွင် ကျူးလွန်မှုများသည် စစ်အစိုးရအား နိုင်ငံတကာ ရာဇဝတ်မှု တရားရုံး (ICC) သို့ တင်ပြရန် ခိုင်လုံကြောင်း၊ အဘယ်ကြောင့် ဆိုသော် ကျူးလွန်မှုများသည် ICC စတင် လုပ်ဆောင်သော ၂၀၀၂ နောက်ပိုင်းမှ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။ ထို့အပြင် ကျူးလွန်ခြင်းများသည် အစိုးရ အာဏာပိုင်များက အရပ်သားများအား ကျယ်ကျယ်ပြန့်ပြန့်၊ စနစ်တကျ တိုက်ရိုက် ကျူးလွန်ခြင်းလည်း ဖြစ်ကြောင်း ဆိုသည်။

နိုင်ငံတကာ ရာဇဝတ်မှု တရားရုံး (ICC) သည် နယ်သာလန် နိုင်ငံတွင် ရုံးစိုက်ပြီး၊ ကမ္ဘာ့ပထမဆုံး စစ်ရာဇဝတ်မှုများနှင့် ပတ်သက်၍ အထူး အာဏာရ တရားရုံး ဖြစ်သည်။ ICC မှာ ရောမစာချုပ် (Rome treaty)အရ ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး၊ လူမျိုးတုံး သတ်ဖြတ်ခြင်း၊ လူသားချင်း မစာနာသော ရာဇဝတ်မှုများ သို့မဟုတ် စစ်ရာဇဝတ်မှုများ ကျူးလွန်သော အစိုးရများသည် မိမိကိုယ် မိမိ တရား မစီရင်နိုင်ပါက ဝင်ရောက် ဆောင်ရွက်ပေးသော နိုင်ငံတကာ တရားရုံး ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment