Transparency Myanmar

transparency.myanmar@gmail.com

နိုင်ငံတကာ လူ့အခွင့်အရေး နေ့ရက် (International Human Rights Day) ကို အထိမ်းအမှတ်ပြုသည့် အနေဖြင့် ကမ္ဘာတစ်ဝန်းရှိ ပါလီမန်အမတ် ၄၄၀ ကျော်က မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော စစ်ရာဇဝတ်မှုများနှင့် လူသားမဆန်သော ရာဇဝတ်မှုများကို စုံစမ်း စစ်ဆေးရန် ကုလသမဂ္ဂကို တောင်းဆိုလိုက်ကြောင်း သိရသည်။

ကမ္ဘာ့နိုင်ငံပေါင်း ၂၉ နိုင်ငံမှ ပါလီမန်အမတ် ၄၄၂ ဦးက မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်ပြီး စုံစမ်း စစ်ဆေးပေးရန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံသို့ စာတစ်စောင်ကို လက်မှတ် ပြိုင်တူ ရေးထိုးကာ ပေးပို့လိုက်သည်။ အဆိုပါစာတွင် "မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများသည် တရားလွန်သည့် အဆင့်သို့ရောက်ရှိနေသည်" ဟု ရေးသား ထားသည်။ မြန်မာတပ်မတော် အစိုးရအား တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် လက်နက် ရောင်းချခွင့် ပိတ်ပင်ပေးရန်လည်း အဆိုပါစာတွင် တိုက်တွန်း ထားသည်။

အဆိုပါ ပါလီမန်အမတ်များက ထိုင်း - မြန်မာ နယ်စပ်ဒေသမှ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတစ်ခု ဖြစ်သော Thailand Burma Border Consortium(TBBC) က ထုတ်ပြန်သော မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အစီရင် ခံစာကို ကိုးကား၍ ထိုစာကို ရေးသားခဲ့ခြင်း ဖြစ်သည်။ TBBC ၏ အဆိုအရ မြန်မာစစ်တပ်သည် ၁၉၉၆ ခုနှစ်မှ စ၍ မြန်မာပြည် အရှေ့ပိုင်း နယ်စပ်ဒေသများတွင် တိုင်းရင်းသား လူမျိုးစု ကျေးရွာပေါင်း ၃၅၀၀ ကျော်ကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။ ထို့ပြင် ၂၀၀၈ ခုနှစ် တစ်နှစ်တည်းတွင် လူပေါင်း ခုနစ်သောင်းခွဲ ခန့်အား ဖိအားပေး နေရာရွှေ့ပြောင်းစေခဲ့သည်ဟု TBBC က ဆိုသည်။

TBBC နှင့် နိုင်ငံတကာမှ အကြီးတန်း တရားသူကြီးများ ပါဝင်သည့် အဖွဲ့က ထုတ်ပြန်သော မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်ခဲ့သော ရာဇဝတ်မှုများဆိုင်ရာ အစီရင်ခံစာအရ မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသမှ လူ့အခွင့်အရေး အခြေအနေသည် ဒါဖာအရေးကိစ္စနှင့် တူညီမှု ရှိနေသည်။

"မြန်မာပြည်တွင်းမှ ကြောက်မက်ဖွယ်ရာ အခြေအနေများကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေဖြင့် အမြန်ဆုံး အရေးယူ ဆောင်ရွက်ရန် လိုအပ်နေပြီ ဖြစ်သည်" ဟု မစ္စတာ ဘန်ကီမွန်း ထံသို့ ပေးပို့သော စာတွင် ရေးသားထားသည်။

အဆိုပါစာကို ဂျပန်နိုင်ငံမှ စီနီယာ ပါလီမန် အမတ်ကြီး နှစ်ဦးဖြစ်သော Azuma Konno နှင့် Tadashi Inuzuka တို့က ဦးဆောင် ရေးသားခဲ့ခြင်း ဖြစ်သည်။ သူတို့နှစ်ဦးသည် လက်ရှိ အာဏာရပါတီ ဖြစ်သော ဂျပန် ဒီမိုကရက်တစ်ပါတီ (DPJ) မှ ဖြစ်သည်။

သမိုင်းကြောင်းအရ ဂျပန်သည် မြန်မာအစိုးရအား အကူအညီ အထောက်အပံ့ ပေးသော နိုင်ငံတစ်ခု ဖြစ်ပြီး စစ်အစိုးရအပေါ် ပြစ်တင် ဝေဖန်မှုများလည်း အနည်းငယ်သာ ပြုလုပ်လေ့ ရှိကြောင်း လူ့အခွင့်အရေး စောင့်ကြည့် လေ့လာသော အုပ်စုများက ထပ်ခါတလဲလဲ သုံးသပ် ဝေဖန်ခဲ့ကြသည်။

သို့သော် ယခု အာဏာရ ဂျပန် ဒီမိုကရက်တစ်ပါတီသည် ယခင် လစ်ဘရယ် ဒီမိုကရက်ပါတီ နှင့် မြန်မာတပ်မတော် အစိုးရအပေါ် ချဉ်းကပ်ပုံချင်း တူညီမှုရှိမည် မဟုတ်ကြောင်း ထင်ကြေးပေးမှုများ ထွက်ပေါ်ခဲ့သည်။ ထို့ပြင် DPJ ပါတီ ဦးဆောင်သော ဂျပန် အစိုးရအဖွဲ့သစ်က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ပါက မြန်မာနိုင်ငံသို့ အကူအညီ အထောက်အပံ့များ ပိုမို ပေးအပ်သွားမည် ဖြစ်ကြောင်း ထုတ်ဖော် ကြေညာခဲ့သည်။

အဆိုပါစာကို သဘောတူလက်မှတ် ရေးထိုးခဲ့သည့် နိုင်ငံများမှာ အာရှ၊ ဥရောပ၊ တောင်နှင့် မြောက်အမေရိက အပါအဝင် ဘရာဇီး၊ အမေရိကန်ပြည်ထောင်စု၊ ကမ္ဘောဒီးယားနှင့် အိန္ဒိယ အစရှိသည့် ဒေသများမှ ဖြစ်ကြောင်း သိရသည်။

အိန္ဒိယနှင့် ကမ္ဘောဒီးယားတို့သည် မြန်မာအစိုးရကို ဖိအားပေးရန် ပျက်ကွက်ခဲ့သောကြောင့် နိုင်ငံရေး Activist များ၏ ပြစ်တင် ဝေဖန်မှု များစွာ ခံခဲ့ရသော နိုင်ငံများ ဖြစ်ကြသည်။

လူ့အခွင့်အရေး ချိုးဖောက်မှု၊ စစ်ရာဇဝတ် ကျူးလွန်မှုများကို စုံစမ်း စစ်ဆေးရေးအတွက် ကွဲပြား ခြားနားသော မူဝါဒများ ရှိသော်လည်း အားလုံးသော ပါလီမန် အမတ်များက မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေများကို အထူးပင် စိုးရိမ် ကြောင့်ကြလျက် ရှိသည်ဟု အဆိုပါ စာက ဆိုသည်။

ကုလ လုံခြုံရေးကောင်စီ အနေဖြင့် ဒါဖာနှင့် ရဝမ်ဒါ အရေးကိစ္စတို့ကို အရေးတယူပြု ဆောင်ရွက်ခဲ့သလို မြန်မာ့ လူ့အခွင့်အရေး ကိစ္စကိုလည်း အမြန်ဆုံး အရေးယူ ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပါလီမန်အမတ်များက တိုက်တွန်း ရေးသားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလက ဗြိတိန်နိုင်ငံမှ ထိပ်တန်း ပါလီမန် အမတ်တစ်ဦးက မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေများကို စုံစမ်း စစ်ဆေးပေးရန် ကုလသမဂ္ဂကို တိုက်တွန်းခဲ့သေးသည်။

အဖွဲ့ဝင် ငါးနိုင်ငံ ပါဝင်သော ကုလ လုံခြုံရေးကောင်စီ (UNSC) မှာ မြန်မာ့ လူ့အခွင့်အရေးကိစ္စကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်ခြင်း မရှိသေးသောကြောင့် ပြင်းထန်စွာ ဝေဖန်ခံထားရသည်။

DVB သတင်းဌာန၏ Global MPs call for UN action on Burma ကို ဘာသာပြန်ဆိုပါသည်။  

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment