Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၃၀.၃.၂၀၁၁

ဘာသာပြန်သတင်းများ

မြန်မာအစိုးရ အာဏာလွှဲရန် စီစဉ်

(29 March 2011 ရက်စွဲပါ Bangkok Post မှ Burma regime set to transter power ကို ဘာသာ ပြန်သည်)

မြန်မာနိုင်ငံတွင် နှစ်ရက်အတွင်း သမ္မတ အသစ် ကျမ်းသစ္စာ ကျိန်ဆိုမည် ဖြစ်ကြောင်း၊ လက်ရှိ စစ်အစိုးရမှ အရပ်သား အစိုးရဟု ခေါ်ဆိုသော အစိုးရသစ်သို့ အာဏာ လွှဲပြောင်းပေးမည် ဖြစ်ကြောင်း အစိုးရ တာဝန်ရှိသူများက အင်္ဂါနေ့ကပြောသည်။

ပြီးခဲ့သည့်နှစ်က လူပြောစရာများ ဖြစ်ခဲ့သည့် ရွေးကောက်ပွဲသို့ ယူနီဖောင်းချွတ်၍ ဝင်ရောက်ခဲ့သူ ဝန်ကြီးချုပ် ဦးသိန်းစိန်သည် ပြီးခဲ့သည့်လက ပါလီမန်သစ်က ထိပ်ဆုံးရာထူး ရရှိခဲ့သည်။ ပါလီမန်သစ်တွင် စစ်တပ်မှ လုံးဝအာဏာ ချုပ်ကိုင်ထားနိုင်သည်။

“မနက်ဖြန် သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပါမယ်။ မနက်ဖြန် မဟုတ်ခဲ့ရင် သန်ဘက်ခါပေါ့” ဟု အမည် မဖော်လိုသူ အစိုးရ တာဝန်ရှိသူ တစ်ဦးက AFP သို့ပြောသည်။

“သမ္မတ ကျမ်းသစ္စာ ကျိန်ပြီးရင် လက်ရှိ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (SPDC) ဟာ အစိုးရသစ်ကို အာဏာ လွှဲပေးမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

SPDC သည် ယခင်က နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (SLORC) ဟု အမည်တွင်ခဲ့ပြီး၊ ၁၉၈၈ တွင် အာဏာ သိမ်းခဲ့ခြင်း ဖြစ်သည်။ သို့သော် တိုင်းပြည်တွင် ၁၉၆၂ ကတည်းက စစ်တပ်က အုပ်ချုပ်ခဲ့သည်။

“အစိုးရသစ်ကို အာဏာ လွှဲပေးပြီးရင် SPDC က အလိုအလျောက် ပျက်သွားပါပြီ” ဟု အခြား အစိုးရ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ အာဏာ လွှဲပြောင်းမှု သောကြာနေ့တွင် ဖြစ်လိမ့်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

၁၉၉၂ ကတည်းက တင်းကြပ်စွာ အုပ်ချုပ်လာသူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဦးစီးချုပ် ဘဝတွင် ရှိနေပါသေးသည်။ ၎င်းသည် နိုင်ငံရေးအရ ထိပ်တန်း ရာထူးကို မယူခဲ့သော်လည်း၊ နောက်ကွယ်မှ ထိန်းချုပ်မှု ပြုလုပ်လိမ့်မည်ဟု ယုံကြည်ရကြောင်း သုံးသပ်သူ အများစုက ပြောသည်။

၎င်း၏ အဓိကလူ ဦးသိန်းစိန်မှာ မဲမပေးမီကပင် သမ္မတ ဖြစ်နိုင်ကြောင်း တစ်ပေးခံခဲ့ရသည်။ စစ်အစိုးရသည် နိုင်ငံရေး လုပ်ငန်းစဉ်များတွင် အရပ်သား မျက်နှာဖုံးစွပ်၍ စစ်တပ်မှ အာဏာ ကိုင်ထားမှုအား စိုးရိမ်မှုကို ပိုမို ခိုင်မာစေခဲ့သည်။

အသက် (၆၅) နှစ်ရှိ ဦးသိန်းစိန်သည် ပြီးခဲ့သည့်နှစ်က ရွေးကောက်ပွဲ ဝင်ရန် အစိုးရ နောက်ခံပြု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ခေါင်းဆောင် အဖြစ် အရပ်ဝတ် ပြောင်းခဲ့ပြီး USDP သည် ရွေးကောက်ပွဲတွင် အများစု အနိုင်ရခဲ့သည်။

“မြန်မာနိုင်ငံတွင်းက သတင်းတွေအရ သန်းရွှေဟာ စနေနေ့က အနားယူမယ့် ဝန်ကြီးတွေရော၊ အသစ်တွေရောကို မိန့်ခွန်း ခြွေရာမှာမှာ ပါတီရဲ့ ဦးဆောင်မှုကို လိုက်နာဖို့နဲ့ ပြောခဲ့ပါတယ်”ဟု အမေရိကန် အခြေစိုက် ဝေဖန်သုံးသပ်သူ ဝင်းမင်းက ပြောသည်။

“သူက ပါတီ မကွဲဖို့ အစွမ်းကုန် ကြိုးစားဖို့ တိုက်တွန်း သေးတယ်လို့ ဆိုပါတယ်။ သူက ပါတီကွဲမှာကို စိုးရိမ်တာတော့ စိတ်ဝင်စားဖို့ ကောင်းတယ်” ဟု ဝင်းမင်းက ပြောသည်။

ဇန်နဝါရီလကုန်ပိုင်းက နေပြည်တော်တွင် ကျင်းပသော ပထမဆုံး အကြိမ်လွှတ်တော် အစည်းအဝေးများသည် စစ်အစိုးရ၏ စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီသို့ လမ်းညွှန်မြေပုံ၏ နောက်ဆုံးအဆင့် ဖြစ်သည်။

အနှစ် နှစ်ဆယ် အတွင်း ပထမဆုံး ကျင်းပသော ရွေးကောက်ပွဲ မတိုင်မီကပင် ပါလီမန်၏ လေးပုံတစ်ပုံကို စစ်တပ်အတွက် ချန်ပေးထားခဲ့ရသည်။ ရွေးကောက်ပွဲတွင် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့် မရပဲ၊ လိမ်ညာမှုများ၊ ခြိမ်းခြောက်မှုများ ရှိသည်ဟု ပြောခဲ့ကြသည်။

အမတ် ၄၉၃ နေရာ ရှိသည့်အနက် USDP သည် ၃၈၈ နေရာ အနိုင် ရရှိခဲ့သော ပါတီ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည်လည်း ပါလီမန်အသစ်တွင် ပြောရေးဆိုခွင့် မရရှိပေ။ သူမ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က သူမအား ပါဝင်ခွင့် မရအောင် လုပ်ထားသော ရွေးကောက်ပွဲအား သပိတ်မှောက်ခဲ့၍ ပါတီအဖြစ်မှ ဖျက်သိမ်းခံခဲ့ရသည်။

အမေရိကန် ပြည်ထောင်စုနှင့် ဥရောပ သမဂ္ဂတို့က မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အစိုးရအပေါ် ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှုများနှင့် ပတ်သက်၍ ရွေးကောက်ပွဲနှင့် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးပြီး နောက်ပိုင်းတွင် စကား အခြေအတင် ပြောမှုများ ပြန်လည် ဖြစ်လာခဲ့သည်။

အီးယူက ဧပြီလတွင် sanction များ ဆက်ရှိ သင့်မသင့်နှင့် ပတ်သက်၍ ဆုံးဖြတ်မည် ဖြစ်ပြီး၊ နိုင်ငံတကာ ဥာဏ်ကြီးရှင် အဖွဲ့တစ်ခု ဖြစ်သော International Crisis Group က sanction များ အလုပ် မဖြစ်ကြောင်း ဝေဖန်ခဲ့သည်။

ကုန်သွယ်ရေးနှင့် ငွေကြေးဆိုင်ရာ sanction များကို ထောက်ခံသူများက နိုင်ငံရေး အကျဉ်းသား ၂၂၀၀ ခန့် ရှိသော မြန်မာအစိုးရအား ဖိအားပေးရန် sanction များသည် တစ်ခုတည်းသော နည်းလမ်း ဖြစ်ကြောင်း ပြောဆို ခဲ့ကြသည်။

*********************************************************************************************

မြန်မာကို ဖြတ်သွားသော တရုတ်ပိုက်လိုင်းများသည် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖြစ်စေဟုဆို

(29 March 2011 ရက်စွဲပါ Reuters ၏ Chinese pipelines in Myanmar cause rights abuses, graft report ကို ဘာသာ ပြန်သည်)

မြန်မာနိုင်ငံကို ဖြတ်၍ တရုတ်နိုင်ငံသို့ ဖောက်လုပ်မည့် ရေနံနှင့် ဓါတ်ငွေ့ပိုက်လိုင်း များသည် လူ့အခွင့်အရေးအရ ထိခိုက်မှုများ ကြီးမားစွာ ဖြစ်ပေါ်မည် ဖြစ်ပြီး၊ အကျင့်ပျက် ခြစားမှု အတွက် လောင်စာသဖွယ် ဖြစ်ကြောင်း၊ ပါဝင်မည့် ကုမ္ပဏီများ အနေဖြင့် ရင်းနှီးမြှုပ်နှံမှုကို ပြန်လည် စဉ်းစားရန် လူ့အခွင့်အရေး အုပ်စု တစ်ခုက အင်္ဂါနေ့က ပြောကြားခဲ့သည်။

PetroChina ၏ မူရင်း ကုမ္ပဏီဖြစ်သော တရုတ်၏ ထိပ်တန်းရေနံနှင့် သဘာဝကုမ္ပဏီ CNPCသည် မြန်မာ ဘက်ခြမ်းမှ လုပ်ငန်းများကို ပြီးခဲ့သည့် ဇွန်လမှ စတင်ခဲ့ပြီး၊ တရုတ်ဘက်ခြမ်းမှ ပိုက်လိုင်းများကို စက်တင်ဘာလတွင် တရားဝင် စတင်ခဲ့ပြီး ဖြစ်သည်။

ယခု စီမံကိန်းသည် တရုတ်၏ စွမ်းအင် တင်သွင်းမှု လမ်းကြောင်း ပြောင်းလဲပေးမည် ဖြစ်ပြီး၊ သင်္ဘောများ အန္တရာယ်များသော မလက္ကာ ရေလက်ကြားကို ဖြတ်သန်းရမှုကို မှီခိုရခြင်းအား ဖြတ်တောက် နိုင်မည် ဖြစ်သည်။ ယခုအခါ တရုတ်သည် ၎င်း၏ ရေနံ တင်သွင်းမှု၏ ၈၀% မှာ မလက္ကာ ရေလက်ကြားကို ဖြတ်သန်းနေရသည်။

ပိုက်လိုင်း တည်ဆောက်ရာတွင် လူများအား အတင်းအကြပ် ပြောင်းရွှေ့စေမှုများ၊ မလိုက်နာသူ များအား ထောင်ချခြင်းနှင့် အတင်းအဓမ္မ လုပ်အားပေး စေခိုင်းမှုများ ရှိကြောင်း ဝါရှင်တန် အခြေစိုက် EarthRights International က အစီရင်ခံစာ တစ်စောင်တွင် ပြောသည်။

ပိုက်လိုင်း တည်ဆောက်ရေးတွင် လုံခြုံရေး တာဝန်ယူပေးသော မြန်မာစစ်တပ်သည် ပိုက်လိုင်းအား ဆန့်ကျင်သူများကို ကိုယ်ထိ လက်ရောက် နှိမ်နင်းကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

“ကျွန်တော်တို့ စကား ပြောကြည့်သမျှ ဒီစီမံကိန်း ဖက်ကနေ အကောင်း မြင်ပေးတဲ့လူ တစ်ဦးမှ မတွေ့ပါဘူး။ ပရောဂျက် လမ်းကြောင်း တလျှောက်နေကြတဲ့ တစ်ဦးချင်းတွေ အသိုင်း အဝိုင်းတွေရဲ့ ရပိုင်ခွင့်၊ အခွင့်အရေးတွေကို နေရာတကာမှာ တမင် ရည်ရွယ်ပြီး မလေးမစား လုပ်နေတာကတော့ အံ့သြစရာတော့ မကောင်းလှပါဘူး” ဟု အဆိုပါ အုပ်စု၏ မြန်မာ ပရောဂျက် ညှိနှိုင်းရေးမှူး နိုင်ထူးက ပြောသည်။

“ဒီဗြောင်ကျကျ ချိုးဖောက်မှုတွေဟာ ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျနဲ့ တိုးတက်နေပါတယ်။ ကုမ္ပဏီတွေကလည်း ဘာတွေ ဖြစ်ပျက်နေတယ် ဆိုတာ သိပေမယ့်၊ တားဆီးဖို့ မကြိုးစားပါဘူး” ဟု ၎င်းက ပြောသည်။

CNPC တာဝန်ရှိသူ များအား တယ်လီဖုန်းဖြင့် မေးမြန်းရာ၊ အစီရင်ခံစာကို ၎င်းကို မတွေ့ရ သေးကြောင်းနှင့် ဆက်လက်၍ မည်သို့မျှ မှတ်ချက်ပေးခြင်း မရှိကြပေ။

“တရုတ်ဟာ အိမ်နီးချင်းများနဲ့ ဘက်ပေါင်းစုံ ဆက်ဆံရေး ကောင်းမွန်ရေး မူဝါဒကို လိုက်နာခဲ့ပါတယ်။ ချစ်ကြည် ရင်းနှီးမှု တိုးတက်အောင် အစဉ်တစိုက် လုပ်ဆောင်ခဲ့ပါတယ်။ အိမ်နီးချင်း နိုင်ငံများနဲ့ ပူးပေါင်း ဆောင်ရွက်ရေးကိုလည်း လုပ်ခဲ့ပါတယ်” ဟု တရုတ်နိုင်ငံခြားရေး ဌာန ပြောခွင့်ရ အမျိုးသမီး Jiang Yushe က ပုံမှန်သတင်း တင်ပြမှုတွင် ပြောခဲ့သည်။

EarthRights ကပြောကြားရာတွင် CNPCမှ မြန်မာအစိုးရသို့ ပေးငွေများသည် ပွင့်လင်း မြင်သာမှု မရှိခြင်းကြောင့် လာဘ်ပေးသည်ဟု ပြောရမည့် အန္တရာယ် ရှိကြောင်း ဆိုသည်။

“EarthRights International က ပိုက်လိုင်းမှာ ပါဝင် ပတ်သက်နေတဲ့ ကုမ္ပဏီတွေကို သူတို့ရဲ့ လုပ်ငန်းတွေ ချက်ခြင်း ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်” ဟု အဆိုပါ အုပ်စုက ထည့်သွင်းပြောကြားခဲ့သည်။

တရုတ်သည် မြန်မာနိုင်ငံတွင် အထူးသဖြင့် စွမ်းအင် စီမံကိန်းများတွင် ဒေါ်လာ ဘီလျံချီ၍ အသုံးပြုခဲ့သည်။ တရုတ်သည် မြန်မာအစိုးရ၏ ငွေမာ လိုအပ်မှုနှင့် ၎င်းတို့အား လူ့အခွင့်အရေးနှင့် ပတ်သက်၍ ဝေဖန်သော အနောက်နိုင်ငံ ကုမ္ပဏီများ မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ရန် မလိုလားမှုကို အခွင့်ကောင်း ယူနိုင်ခဲ့သည်။

ဆော်ဒီအာရေဗျ နိုင်ငံ၏ Aramco က ယခုလ ပြောကြားရာတွင် ၎င်းသည် တရုတ် အနောက်တောင် ဖက်တွင် ဆောက်လုပ်မည့် ရေနံချက် စက်ရုံအတွက် ရေနံစိမ်းများ ပေးသွင်းရန် MoU ရေးထိုးပြီးကြောငိး ဆိုခဲ့သည်။ အဆိုပါ ရေနံစိမ်းများအား မြန်မာနိုင်ငံမှ ဖြတ်သွားသော ပိုက်လိုင်းများမှ တဆင့် ပို့မည် ဖြစ်သည်။

************************************************************************************************

MATRADE ဦးဆောင်သော မလေးရှား စီးပွားရေး ကိုယ်စားလှယ်အဖွဲ့ မြန်မာသို့ လာမည်

(Bernama News မှ 28 March 2011 ရက်စွဲပါ “MATRADE tolead Business Dellegation to Myanmar” သတင်းကို ဘာသာ ပြန်ဆိုသည်)

မလေးရှား ပြည်ပ ကုန်သွယ်မှု ဖွံ့ဖြိုး တိုးတက်ရေး ကော်ပိုရေးရှင်း MATRADE မှ Proffesional and Business service ဌာနခွဲ ဒုတိယ ညွှန်ကြားရေးမှူး Haridass Nagalingam သည် အဖွဲ့ဝင် ၁၁ ဦးပါ ဈေးကွက် မြှင့်တင်ရေး မစ်ရှင်အဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံ ရန်ကုန် မြို့တော်သို့ မတ်လ ၂၈ မှ ၃၀ အထိ လာရောက်မည်ဟု သိရှိရသည်။

ကြိုတင် စီစဉ်ထားသော စီးပွားရေး တွေ့ဆုံ ဆွေးနွေးပွများ ပါဝင်သည့် ၃ ရက်ကြာ မစ်ရှင် ခရီးစဉ်တွင် မလေးရှား ထွက်ကုန်များနှင့် ဝန်ဆောင်မှု လုပ်ငန်း မြောက်မြားစွာကို ကိုယ်စားပြုသည့် မလေးရှား ကုမ္ပဏီများလည်း ပါဝင် ဆင်နွှဲကြမည်ဟု ဆိုသည်။

အဆိုပါ မစ်ရှင်သည် မြန်မာနိုင်ငံမှ မလေးရှား ကုမ္ပဏီများကို အားပေးရန် လာရောက်ခြင်း ဖြစ်ပြီး၊ စီစဉ်ထားသော ဆွေးနွေးပွဲတွင် ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှု လုပ်ငန်းရှင်များ အသင်းမှ အထွေထွေ အတွင်းရေးမှူး၏ ဆွေးနွေး တင်ပြမှုနှင့် မလေးရှား-မြန်မာ အဖွဲ့အစည်း ဥက္ကဋ္ဌနှင့် အမှာစကား ပြောကြားမှု အစီအစဉ်များ ပါဝင်သည်ဟု သိရှိရသည်။

မြန်မာနိုင်ငံတွင် လက်ရှိ လုပ်ကိုင်နေသော မလေးရှားကုမ္ပဏီ ၄၀ ကျော်ခန့်ရှိပြီး ရေနံနှင့် သဘာဝ ဓါတ်ငွေ့၊ မော်တော်ယာဉ်၊ ဆီအုန်း၊ အိမ်သုံးပစ္စည်း ထုတ်လုပ်မှု၊ စားသောက်ကုန်နှင့် ဆောက်လုပ်ရေး ပစ္စည်း စသော ကဏ္ဍများတွင် ပါဝင် လုပ်ကိုင် နေကြသည်ဟု Haridass က တနင်္လာနေ့တွင် ပြောကြားသည်။

၂၀၁၀ ခုနှစ် အတွင်း မလေးရှား-မြန်မာ အပြန်အလှန် ကုန်သွယ်မှု တန်ဘိုး အမေရိကန် ဒေါ်လာ သန်း ၆၃၀ ကျော်ရှိခဲ့ရာတွင် မလေးရှားမှ မြန်မာသို့ အမေရိကန်သန်း ၃၉၀ တန်ဖိုး တင်ပို့ခဲ့ပြီး မြန်မာနိုင်ငံ ထံမှ အမေရိကန် ဒေါ်လာ သန်း ၂၄၀ တန်ဖိုး ပြန်လည် တင်သွင်းခဲ့သည်။

မလေးရှား၏ ပို့ကုန် အားကောင်းမှုကို အဓိက တွန်းအား ပေးခဲ့သည့် အချက်မှာ စားအုန်းဆီ၊ ရေနံထွက်ပစ္စည်း၊ ဓာတုပစ္စည်းနှင့် ဓာတုထွက်ကုန်များ၊ သံနှင့် သံမဏိ၊ စက်ပစ္စည်းနှင့် စည်သွပ် စားသောက်ကုန် စသော အမျိုးအမည်များတွင် မြန်မာနိုင်ငံက ဝယ်လိုအား ကြီးမားခဲ့သည့် အချက်ပင် ဖြစ်သည်။

၂၀၁၁ ဇန်နဝါရီလတွင် မလေးရှားမှ မြန်မာနိုင်ငံသို့ ပို့ကုန်တန်ဖိုး ယခင်နှစ် ဇန်နဝါရီလ ကထက် ၈၄.၇ ရာခိုင်နှုန်း မြင့်တက်ကာ အမေရိကန်ဒေါ်လာ ၄၄ သန်းသို့ ရောက်ရှိခဲ့သည်ဟု သိရှိရသည်။


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment