Transparency Myanmar

transparency.myanmar@gmail.com

သတင်းစာလွတ်လပ်ခွင့်အပေါ် ကန့်သတ်ပိတ်ပင်မှုများ ပြုလုပ်သည့် အစိုးရများကို သတိပေး ခြိမ်းခြောက်ရာ ရောက်မည့် အမေရိကန်ပြည်ထောင်စု မီဒီယာဥပဒေသစ်တစ်ရပ်သည် မြန်မာနိုင်ငံအပေါ် အကျိုးသက်ရောက်မှု အနည်းငယ်သာ ရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတွင်းမှ မီဒီယာသမားများက သုံးသပ်ပြောကြားသည်။

အဆိုပါ မီဒီယာဥပဒေမူကြမ်းကို အမေရိကန်သမ္မတ ဘားရက်အိုဘားမားက မေလ ၁၈ ရက်နေ့တွင် လက်မှတ်ရေးထိုး အတည်ပြုလိုက်ပြီဖြစ်ရာ နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် သတင်းစာ လွတ်လပ်ခွင့်ကို ချိုးဖောက်သော အစိုးရများစာရင်းကို ပြုစုထုတ်ပြန်မည်ဖြစ်သည်။ ပါကစ္စတန်နိုင်ငံတွင် ၂၀၀၂ ခုနှစ်က အသတ်ခံခဲ့ရသော Wallstreet Journal သတင်းထောက် Daniel Pearl ကို ဂုဏ်ပြုသောအားဖြင့် အမေရိကန်အစိုးရက ယင်းဥပဒေကို ထုတ်ပြန်ခြင်းဖြစ်သည်။

သို့သော် သတင်းစာလွတ်လပ်ခွင့် အနည်းဆုံး စာရင်းတွင် နောက်ဆုံးပိုင်းနေရာ ရောက်နေသော မြန်မာနိုင်ငံထဲမှ သတင်းစာဆရာများက သတင်းစာလွတ်လပ်ခွင့်အတွက် ပြင်ပနိုင်ငံများ၏ စစ်အစိုးရအပေါ် ဖိအားပေးမှုသည် ထိရောက်မှု အနည်းငယ်မျှသာ ရှိသည်ဟု ဆိုသည်။

"သတင်းစာလွတ်လပ်ခွင့်ဆိုတာ နိုင်ငံတစ်ခုကို လွှမ်းမိုးတဲ့ နိုင်ငံရေးတစ်ရပ်အပေါ်မှာ မှီခိုနေပါတယ်။ တကယ်လို့ စစ်အစိုးရရဲ့ နိုင်ငံရေးကို ကြီးကြီးမားမား သက်ရောက်မှု ရှိမယ်ဆိုရင် သူတို့က ပိုနေမြဲကျားနေမြဲပုံစံ ပြန်ဖြစ်အောင် လုပ်ယူသွားမှာပဲ။ သတင်းစာလွတ်လပ်ခွင့်အတွက် မျှော်လင့်ချက် သိပ်မရှိပါဘူး" ဟု မြန်မာနိုင်ငံတွင်း ထုတ်ဝေသော သတင်းဂျာနယ်တစ်စောင်မှ အမည်မဖော်လိုသူ အယ်ဒီတာတစ်ဦးက DVB သတင်းဌာနသို့ ပြောကြားသည်။

ထိုင်းနိုင်ငံအခြေစိုက် မြန်မာမီဒီယာအသင်း (BMA) ဒုတိယဥက္ကဋ္ဌ ဦးဇင်လင်းက မြန်မာစစ်အစိုးရ၏ သဘောထားတင်းမာမှု (ခေါင်းမာမှု) များကြောင့် ကမ္ဘာပေါ်တွင် ဖိနှိပ်ချုပ် ခြယ်မှု အများဆုံး မီဒီယာဥပဒေများ ထွက်ပေါ်ခဲ့ကြောင်း၊ အမေရိကန်ပြည်ထောင်စု၏ မီဒီယာ ဥပဒေသစ်သည် အနည်းငယ်မျှသာ ထိရောက်မှုရှိမည်ဖြစ်ကြောင်း ပြောကြားသည်။

"နိုင်ငံတကာ အသိုင်းအဝိုင်းကတော့ မြန်မာစစ်ဗိုလ်ချုပ်တွေကို သတိပေးမယ်၊ ပြစ်တင်ပြောဆိုမယ်၊ နောက်ပြီး မြန်မာပြည်တွင်းက သတင်းစာဆရာတွေကို ဂုဏ်ပြုဆုတွေချီးမြှင့်ပြီး ခွန်အားသတ္တိတွေ ရှိလာအောင် လုပ်ပေးမယ် စတာတွေကိုလုပ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီစစ်အာဏာရှင် စနစ်ကြီးကို မပြောင်းလဲသေးသရွေ့ (ဒါမှမဟုတ်) စာပေစိစစ်ရေးဆိုတဲ့ အဖွဲ့ကို မပယ်ဖျက်သေးသရွေ့ သတင်းစာ လွတ်လပ်ခွင့်ဆိုတာ မြန်မာနိုင်ငံမှာ အလှမ်းဝေးနေအုံးမှာပဲ" ဟု ဦးဇင်လင်းက ပြောဆိုသည်။

DVB သတင်းဌာနမှ သတင်းထောက် မလှလှဝင်း၊ ကိုဝင်းဇော်နှင့် ကိုငွေစိုးလင်း အပါအဝင် သတင်းစာဆရာ ၁၅ ဦးခန့်မှာ ဖမ်းဆီးအကျဉ်းချ ခံထားရဆဲပင်ဖြစ်သည်။ သံဃာတော်များနှင့် အင်တာဗျူး လုပ်ခဲ့မှုကြောင့် မလှလှဝင်းမှာ ထောင်ဒဏ် ၃၅ နှစ် ပြစ်ဒဏ်ကျခံနေရပြီး မြန်မာ့ ဆိုင်ကလုန်း၏ မိဘမဲ့များ ခေါင်းစဉ်ဖြင့် ဗီဒီယိုမှတ်တမ်း ရိုက်ကူးခဲ့သူ ကို ငွေစိုးလင်းမှာ ထောင်ဒဏ် ၁၃ နှစ်ကျခံနေရသည်။

နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ထုတ်ပြန်သော သတင်းစာ လွတ်လပ်ခွင့် စာရင်းအရ မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၁၇၅ နိုင်ငံတွင် ၁၇၂ နေရာသို့ရောက်ရှိနေ သည်ကို တွေ့ရသည်။ မြန်မာနိုင်ငံ၏အောက်တွင် တာ့ခ်မင်နစ္စတန်၊ အီရစ်ထရီးယား၊ မြောက်ကိုရီးယားနှင့် အီရန် တို့ရှိသည်။

"သတင်းစာ လွတ်လပ်ခွင့်နဲ့ ပတ်သက်လာရင် နိုင်ငံခြားအစိုးရတွေ ဘယ်လိုလုပ်ကိုင်တယ် ဆိုတာကို ကျွန်တော်တို့ အမေရိကန် အစိုးရနဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနက အလေးအနက်ထား စောင့်ကြည့်နေတယ် ဆိုတဲ့အချက်ကို ပေါ်လွင်အောင် ဒီမီဒီယာဥပဒေသစ်က ရှင်းရှင်းလင်းလင်း အကြောင်းကြားလိုက်တဲ့ သဘောပါ" ဟု အမေရိကန် သမ္မတ ဘားရက်အိုဘားမားက AFP သတင်းဌာနသို့ ပြောကြားသည်။

သို့သော် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများ ဖြစ်ပေါ်လာရန် အမေရိကန်အစိုးရ၏ လတ်တလော ကြိုးပမ်းချက်များကို မြန်မာစစ်ဗိုလ်ချုပ်များက မသိကျိုးနွံပြုခဲ့သည်။ မြန်မာ စစ်ဗိုလ်ချုပ်များသည် စစ်တပ်အာဏာ ပိုမိုခိုင်မြဲရေးအတွက် အစီအစဉ်ဆွဲ အကွက်ချထားသည့် ရွေးကောက်ပွဲ ဖြစ်မြောက်ရန်သာ စိုင်းပြင်းလျက်ရှိသည်။

အခြားသော ပြည်တွင်း သတင်းစာဆရာတစ်ဦးကမူ အထူးသံတမန် Kurt Campbell ၏ လတ်တလော မြန်မာနိုင်ငံ ခရီးစဉ်အပါအဝင် အမေရိကန်ပြည်ထောင်စု၏ ကြိုးပမ်းချက်များကြောင့် မြန်မာနိုင်ငံတွင်း တစ်စုံတရာမျှ ပြောင်းလဲသွားခြင်း မရှိပါကြောင်း သုံးသပ်ပြောဆိုသည်။

"အခုဖြစ်နေတာက သတင်းထောက်တွေမှာ ဒီမှာဘာမှလုပ်လို့ကိုမရတာ။ အရေးကြီး ကိစ္စတစ်ခုဖြစ်တဲ့ (သတင်းဖြစ်တဲ့) နေရာကို သွားမိတာနဲ့ အဖမ်းခံရရောပဲ။ ဘာမှမပြောင်းလဲဘူး။ အခြေအနေက ပိုပြီးဆိုးလာတာကို တွေ့ရတယ်" ဟု ၎င်းကဆိုသည်။

DVB သတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment