ထိုင်းနိုင်ငံအစိုးရကို ဆန့်ကျင်လျက်ရှိသော ရှပ်နီဆန္ဒပြခေါင်းဆောင် Sean Boonpracong က မေလ ၁၈ ရက်နေ့တွင် ယခုလိုပြောသည်။
"အစိုးရက စေ့စပ်ညှိနှိုင်းမှု မလုပ်ချင်ဘူး၊ အဲဒီတော့ ကျွန်တော့်အထင်ပြောရရင် ပြည်သူ တော်တော်များများ အသက်သေဆုံးကြရလိမ့်မယ်" ။
ဤဖြစ်ရပ်ကို ထိုင်းနိုင်ငံ၏ တိန်ယန်မင်ရင်ပြင်ဟု ဆိုနိုင်သလို ဘန်ကောက်၏ ရှစ်လေးလုံး (၈၈၈၈) ဟုလည်းဆိုနိုင်သည်။ ၁၉၈၉ ခုနှစ်၊ တရုတ်နိုင်ငံ တိန်ယန်မင်ရင်ပြင် ဒီမိုကရေစီ လှုပ်ရှားမှုတွင် ကွန်မြုနစ်အစိုးရ၏ ဖြိုခွင်းမှုကြောင့် လူပေါင်းများစွာ သေဆုံးခဲ့ရပြီး ၁၉၈၈ခုနှစ်၊ သြဂုတ်လ ၈ ရက် မြန်မာနိုင်ငံတွင်ဖြစ်ပွားသော ဒီမိုကရေစီလှုပ်ရှားမှု၌ စစ်တပ်က ပစ်ခတ်မှုကြောင့် လူပေါင်း ထောင်နှင့်ချီ၍ သေဆုံးခဲ့ရသည်။
မြန်မာစစ်တပ်သည် ထိုစဉ်မှစ၍ ယနေ့အချိန်အထိ တိုင်းပြည်အာဏာကို ရယူထားသလို မြန်မာပြည်သူများ ပုန်ကန်ထကြွမှုများ ပြုလုပ်သည့်အခါတိုင်း ရက်စက်ကြမ်းတမ်းစွာပင် နှိမ်နင်းလျက်ရှိသည်။ (နီးစပ်သောဥပမာပြရပါက ၂၀၀၇ ခုနှစ်တွင် ဖြစ်ပွားသော ရွှေဝါရောင် တော်လှန်ရေး)။ အာရှနိုင်ငံများမှ အာဏာရှင်အတော်များများ အကြမ်းမဖက် ဆန္ဒပြမှုများကြောင့် အာဏာလက်လွတ် ဖြစ်ခဲ့ကြပြီးနောက် မြန်မာစစ်တပ်က ဆန္ဒပြမှုများမှန်သမျှကို ကြမ်ကြမ်းတမ်းတမ်း နှိမ်နင်းခဲ့သည်။ အဆိုပါလုပ်ရပ်များကို ကြည့်ပြီး တရုတ်ကွန်မြူနစ် အစိုးရက တိန်ရန်မင်ရင်ပြင် ဆန္ဒပြမှုအပေါ် အကြမ်းနည်းဖြင့် နှိမ်နင်းခဲ့ခြင်း ဖြစ်ဟန်ရှိသည်။ သို့ရာတွင် ကျွန်တော့်အနေဖြင့် ထိုင်းနိုင်ငံကိုတော့ ထိုကဲ့သို့ ပြည်သူအပေါ် အကြမ်းဖက်နှိမ်နင်းသည့် နိုင်ငံများ စာရင်းထဲသို့ မည်သည့်အခါကမှ ထည့်သွင်းခြင်းမရှိခဲ့ပေ။
လွန်ခဲ့သည့် နှစ်လတာ အချိန်လောက်ကဆိုလျှင် ထိုင်းနိုင်ငံသည် အပြစ်အနာအဆာရှိသည် သို့သော် စစ်မှန်သော ဒီမိုကရေစီရှိသော နိုင်ငံဖြစ်သည် ဟု ကျွန်တော် ပြောကောင်း ပြောခဲ့ ပေလိမ့်မည်။ အထူးသဖြင့် ရှပ်နီဆန္ဒပြ အုပ်စုများက မြို့တော် ဘန်ကောက်၏ အထင်ကရ နေရာအတော်များများကို သိမ်းပိုက်ပြီး အကြမ်းမဖက်ရေး ဒီမိုကရေစီ လှုပ်ရှားမှုများဖြင့် ဒီမိုကရေစီ တိုက်ပွဲဝင်ခြင်းသည် ဇာတ်သိမ်းကောင်းသော နိုင်ငံရေးဇာတ်လမ်းတစ်ပုဒ်ကို မြင်ရလိမ့်မည်ဟု ကျွန်တော်ထင် မှတ်နေခဲ့သည်။
သို့သော် ဆန္ဒပြ ပြည်သူအတော်များများကို စစ်တပ်က ပစ်ခတ်မှုများပြုလုပ်ပြီး လူပေါင်းများစွာ သေကျေဒဏ်ရာရမှုများ အဆက်မပြတ် ဖြစ်ပေါ်လာသည်ကို တွေ့ရပြီးနောက် ကျွန်တော်၏ အတွေးထဲတွင် မရေရာမသေချာမှုများ ဖြစ်ပေါ်ခဲ့သည်။ "ထိုင်းနိုင်ငံ နိုင်ငံရေးဇာတ်သိမ်းခန်း ကောင်းနိုင်ပါ့မလား၊ Happy Ending ဖြစ်နိုင်ပါ့မလား" ။
ဖြစ်နိုင်ခြေရှိသည်မှာ ဘန်ကောက်တွင် ပစ်ခတ်သတ်ဖြတ်မှုများ ထပ်မံဖြစ်ပေါ်လာနိုင်သည်။ ထိုင်းစစ်တပ်က အရာရာကို ထိန်းချုပ်ထားမည်မှာ သေချာလှသည်။ အကြောင်းမှာ ထိုင်းစစ်တပ်၏ အခြေအနေမှာ ကျားတစ်ကောင်ကို တက်ခွစီးမိလိုက်သည့် အနေအထားမျိုး ဖြစ်နေသောကြောင့်ပင်။ ဘယ်သောအခါမှ ပြန်ဆင်း၍ ရမည်မဟုတ်။ ဤသို့ဖြင့် ထိုင်းနိုင်ငံတစ်ခုလုံးကို မြန်မာစစ်အစိုးရပုံစံ အာဏာရှင်စနစ်ဖြင့် ကိုင်တွယ်သွားရမည့် သဘောတွင်ရှိသည်။ သို့သော် ယခုချက်ချင်း မြန်မာပုံစံ အာဏာရှင် စနစ်မျိုး ဖြစ်လာမည် မဟုတ်သေးပေ။
မြန်မာနိုင်ငံသည် နှစ်ပေါင်း ၄၀ တာ ကာလအတွင်း အရှေ့တောင်အာရှတွင် အချမ်းသာဆုံး တိုင်းပြည်တစ်ခုဘဝမှ အဆင်းရဲဆုံးဘဝသို့ ရောက်ရှိခဲ့သည်။ ထိုင်း စစ်ဗိုလ်ချုပ်များမှာ မြန်မာစစ်ဗိုလ်များကဲ့သို့ အသိဉာဏ် နုံနဲ့သူများ မဟုတ်သည့်တိုင် မြန်မာစစ်ဗိုလ်များ နိုင်ငံရေးတွင် နေရာယူထားသည့် ပုံစံမျိုးကို လိုက်လံတုပကြလိမ့်မည်။ တိုင်းပြည်တစ်ခုလုံးကို အမြဲတမ်း သေနတ်ဖြင့် ချိန်ထားပြီး ဓားစာခံလုပ်ထားမည့် သဘောမျိုးကို ဆိုလိုခြင်းဖြစ်သည်။
ထိုသို့မဟုတ်ပါက နောင်တက်လာမည့် အစိုးရက ၎င်းတို့ကို လူသတ်မှုဖြင့် အပြစ်ပေးမည်မှာ သေချာသည်။
ယခု ဘန်ကောက် ရှပ်နီဆန္ဒပြပွဲတွင် ပါဝင်သူများမှာ စစ်တပ်မှ စနိုက်ပါသမားများ၏ ချောင်းမြောင်းပစ်ခတ်မှုကို ခံနေရသည်။ တစ်နေ့လျှင် စနိုက်ပါလက်ချက်ဖြင့် လူငါးဦး သို့မဟုတ် ၁၀ ဦးသေဆုံးပြီး ဒါဇင်နှင့်ချီ၍ ဒဏ်ရာရရှိကြသည်။
ထိုင်းစစ်တပ်က ၎င်းတို့သည် ဆန္ဒပြသမားများထဲတွင် ဝင်ရောက်နေသော အကြမ်းဖက် သမားများကို ပစ်ခတ်ခြင်းဖြစ်သည်ဟု ဆိုသော်လည်း ရုပ်သံမီဒီယာများ ရိုက်ကူးထုတ်လွှင့်ချက်များ၌ လက်နက်မကိုင်သူများပါ စနိုက်ပါလက်ချက် မိနေသည်ကို တွေ့ရသည်။ သေဆုံးသူအများစုမှာ အရပ်ဘက် ပြည်သူများသာ ဖြစ်သည်။
ယခု ထိုင်းနိုင်ငံရေး အကျပ်အတည်း၏ ဇစ်မြစ်မှာ ပြီးခဲ့သည့် ၂၀၀၆ ခုနှစ် စစ်တပ် အာဏာ သိမ်းပိုက်မှုမှ စတင်ခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ထိုင်းစစ်တပ်သည် ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက် တင်မြှောက်ခံထားရသော သက်ဆင်ရှင်နာဝပ် အစိုးရကို ဖြုတ်ချပစ်ခဲ့ခြင်းဖြစ်သည်။
ရဲအရာရှိဟောင်း၊ သန်းကြွယ်သူဋ္ဌေးဘဝမှ နိုင်ငံရေးလောကထဲသို့ ဝင်ရောက်လာသူ သက်ဆင်ဟူသည်ကား ထိုင်းနိုင်ငံအတွက် စံနမူနာပြ ထိုက်သော ဝန်ကြီးချုပ်တစ်ဦးတော့ မဟုတ်ခဲ့ပေ။ သူလုပ်ဆောင်ခဲ့သော မူးယစ်ဆေး နှိမ်နင်းရေး မူဝါဒကြောင့် မူးယစ်ဆေးစွဲသူနှင့် ရောင်းဝယ်ဖောက်ကားသူ ထောင်ပေါင်းများစွာ သေဆုံးခဲ့ရသည်။ ထို့အတူ မွတ်စလင်အများစု နေထိုင်ရာ ထိုင်းတောင်ပိုင်းရှိ မငြိမ်မသက်ဖြစ်မှုကို ဖြေရှင်းရာတွင်လည်း လူပေါင်းများစွာ သေဆုံးခဲ့သည်။
သို့သော် သက်ဆင်သည် ထိုင်းနိုင်ငံမှ ဆင်းရဲသားများနှင့် အစေးကပ်သည်။ အောက်ခြေ လူတန်းစားများက ချစ်ခင်လေးစားသော ဝန်ကြီးချုပ်တစ်ဦး ဖြစ်ခဲ့သည်။ ထိုင်းနိုင်ငံသည် ၁၉၉၂ ခုနှစ်မှစ၍ ဒီမိုကရေစီ ကျင့်သုံးသော နိုင်ငံတစ်ခုဖြစ်ခဲ့သော်ငြား ဝန်ကြီးချုပ် သက်ဆင်ရှင်နာဝပ် လက်ထက်ရောက်မှ ဆင်းရဲသားများ၏ အသံကိုကြားရတော့သည်။ သက်ဆင်သည် အခြားနိုင်ငံရေး သမားများလို ဆင်းရဲမွဲတေသော ကျေးရွာများမှ ခေါင်းဆောင်များကို လာဘ်ထိုးပြီး
ကျေးရွာလူထု၏ မဲရရှိအောင် ကြိုးစားခြင်းထက် ဆင်းရဲသားများ၏ အကျိုးစီးပွားကို တိုက်ရိုက် ဖော်ဆောင်ပေးသူ ပထမဆုံး နိုင်ငံရေးသမားတစ်ဦး ဖြစ်ခဲ့သည်။
ဆင်းရဲသားများ၏ ကြွေးမြီများ ဖယ်ရှားပေးပြီး အတိုးသက်သာသော နှုန်းထားဖြင့် ချေးငွေပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု အစီအမံကောင်းများပေးခြင်း အစရှိသည်တို့ကို လုပ်ဆောင်ပေးခဲ့သည်။ သို့သော် သူ၏ မူဝါဒများမှာ မြို့နေ ပညာတတ် အီလစ် (Elite) အလွှာများ ကြိုက်နှစ်သက်သည့် အခွန်ငွေအသုံးပြုသော ပုံစံမဟုတ်ခဲ့ပေ။
သို့အတွက်ကြောင့် မြို့နေအီလစ်အလွှာများက ရှပ်အဝါရောင်ဝတ် နိုင်ငံရေးလှုပ်ရှားမှုဖြင့် သက်ဆင်ရှင်နာဝပ်ကို စတင်ထိုးနှက်တော့သည်။ ဘန်ကောက်လမ်းများပေါ်တွင် ဆန္ဒပြမှုများ ပြုလုပ်သည်။ ကျေးရွာဒေသနေ အောက်ခြေလူတန်းစားများသည် အသိဉာဏ်ပါသော ရွေးချယ်မှုများ မရှိသောကြောင့် မဲပေးရာတွင် ကန့်သတ်မှုများ ပြုလုပ်ရမည်ဟု ရှပ်ဝါများက တောင်းဆိုကြသည်။
ဘန်ကောက်လမ်းမများပေါ်တွင် ရှပ်ဝါဆန္ဒပြအုပ်စုများ ပဋိပက္ခမျိုးစုံနှင့် ထိပ်တိုက်တွေ့မှု မျိုးစုံဖြစ်ပေါ်ပြီးနောက် ၂၀၀၆ ခုနှစ်၊ စက်တင်ဘာလတွင် စစ်တပ်က အာဏာသိမ်းပိုက်ကာ သက်ဆင်အစိုးရကို ဖြုတ်ချပစ်သည်။
၂၀၀၇ ခု နှစ်ကုန်ပိုင်းလောက်တွင် စစ်ဗိုလ်ချုပ်များက ရွေးကောက်ပွဲသစ်တစ်ရပ် ကျင်းပပြုလုပ်ပေးသည်။ ထိုရွေးကောက်ပွဲတွင် သက်ဆင်ရှင်နာဝပ်ကို ထောက်ခံသူ နိုင်ငံရေးသမားများ အနိုင်ရရှိပြန်သည်။
သို့အတွက်ကြောင့် သက်ဆင်ကိုဆန့်ကျင်သော နိုင်ငံရေးသမားများက တရားရုံးတော်များကို အသုံးချကာ ဝန်ကြီးချုပ် နှစ်ဦးကို ရာထူးမှနုတ်ထွက်အောင် ပြုလုပ်ခဲ့သည်။ အကျိုစီးပွားဆိုင်ရာ ပဋိပက္ခဟူသော စွပ်စွဲချက်ဖြင့် တရားရုံးတော်မှတစ်ဆင့် ဝန်ကြီးချုပ်ရာထူး ပြုတ်အောင် လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။
ဝန်ကြီးချုပ်တစ်ဦးဆိုလျှင် အခကြေးငွေယူကာ ရုပ်သံလိုင်းတစ်ခုတွင် ဟင်းချက်ပြခဲ့သော ကြောင့် ၎င်းအပါအဝင် ပါတီဝင်များပင် နိုင်ငံရေးလုပ်ပိုင်ခွင့် ပိတ်ပင်ခံလိုက်ရသည်။
ထို့နောက် ဆင်းရဲနွမ်းပါးသော ကျေးလက်ဒေသမှ ကိုယ်စားလှယ်များ မပါဝင်တော့သည့် ထိုင်းပါလီမန်က လက်ရှိဝန်ကြီးချုပ် အဘီဇစ်ဝိဇ္ဇာဝီရကို မဲပေးကာ ရာထူးတင်မြှောက်ခဲ့သည်။ သို့အတွက်ကြောင့် ရှပ်နီဝတ် ဆန္ဒပြသမားများက ဝန်ကြီးချုပ် အဘီဇစ်ကို ရာထူးမှ နုတ်ထွက်ပေးပြီး ရွေးကောက်ပွဲသစ်တစ်ရပ် ကျင်းပပြုလုပ်ပေးရန် တောင်းဆိုခဲ့ကြသည်။
သို့သော် ရှပ်နီတို့၏တောင်းဆိုမှုမှာ ယနေ့အချိန်အထိ အကောင်အထည်မပေါ်သေးပေ။ သို့သော် လွန်ခဲ့သည့် ရက်သတ္တပတ်များအတွင်း မစ္စတာ အဘီဇစ်က ရှပ်နီတို့၏ တောင်းဆိုမှုကို အပြည့်အဝနီးပါး လိုက်လျောပေးမည့် အနေအထားမျိုး ပြုလုပ်ခဲ့သေးသည်။
အဓိကအကြောင်းအရင်းမှာ မြို့နေအီလစ်များက ထိုင်းစစ်တပ်က ၎င်းတို့၏ ကိုယ်စား ဝင်ရောက် ဖြေရှင်းပေးမည် ဟူသော အချက်ကို အသေအချာ မသိသေးသောကြောင့် ဖြစ်သည်။
ထိုင်းစစ်ဘက် အရာရှိကြီးများမှာ များသောအားဖြင့် ဘန်ကောက်ကဲ့သို့ မြို့ကြီးပြကြီးများတွင် နေထိုင်ပြီး ရှပ်ဝါဆန္ဒပြ အုပ်စုများကို ထောက်ခံသူ အီလစ်အလွှာမှ လာသူများမဟုတ်ပေ။ စစ်ဗိုလ်အများစု၏ နောက်ကြောင်းရာဇဝင်ကို ကြည့်ပါက မိမိကိုယ်မိမိ နှိမ့်ချတတ်သည့် သဘောထားများ ရှိကြသည်။ သူတို့၏ တပ်ဖွဲ့များနှင့် နောက်လိုက် တပ်သားများသည်လည်း ရှပ်နီ ဆန္ဒပြသမားများ ကဲ့သို့ပင် ထိုင်းပြည်သူများ ဖြစ်သည်။
သို့အတွက်ကြောင့် ထိုင်းစစ်ဗိုလ်ချုပ်ကြီးများက ဘန်ကောက်မြို့ အချက်အချာကျသော နေရာများမှ ရှပ်နီများကို ရှင်းထုတ်ပစ်ရန် ဝန်လေးနေခဲ့ကြဟန်ရှိသည်။ ပစ်ခတ် သတ်ဖြတ်မှုများ ပြုလုပ်ပြီး နိုင်ငံရေးအာဏာဟူသော ထောင်ချောက်ထဲသို့ ထာဝရ ကျရောက်သွားမည်ကိုလည်း ထိုင်းစစ်ဗိုလ်ချုပ်ကြီးများ လိုလားဟန်မရှိပေ။
ထို့ပြင် သူတို့ပေးသည့် အမိန့်ကို တပ်ဖွဲ့ဝင်များ နာခံပါ့မည်လောဟုလည်း ဒွိဟ ဖြစ်ကောင်းဖြစ်နေခဲ့ဟန် ရှိသည်။
မည်သို့ပင်ဖြစ်စေ ယနေ့အချိန်အထိ မျှော်လင့်ချက်အချို့တော့ ရှိနေသေးသည်။ သို့သော် အခြေအနေမှာ စိုးရိမ်ရသည့် အဆင့်တွင်ပင် ရှိနေသည်။ နေ့စဉ်လိုလို ပြည်သူများ ပစ်ခတ် သတ်ဖြတ်ခံနေရသည်။ ဘန်ကောက်တွင် လူပေါင်းမြောက်မြားစွာ သေဆုံးပါက ပြည်တွင်းစစ် ဖြစ်မည်ဟူသော ဟောကိန်းများကလည်း ထွက်ပေါ်လျက်ရှိသည်။ ဤသို့သော အနေအထားတွင် စစ်တပ်က မည်သို့သောပုံစံဖြင့် ရှောင်ထွက်မည် ဟူသောအချက်ကို မည်သူမျှ သိနိုင်မဟုတ်ပေ။
သို့သော် ဘန်ကောက် အီလစ်များ အလိုရှိသည့်အတိုင်း ဥပဒေစိုးမိုးမှုများ အချိန်ကြာမြင့်စွာ ပေါ်ထွက်လာပြီ ဆိုပါက ထိုင်းနိုင်ငံမှာ မှောင်လွန်းသောညများမှ လွတ်မြောက်လာဖွယ်ရှိသည်။ ဤသို့မဟုတ်ခဲ့ပါက အခြားဖြစ်နိုင်ခြေရှိသည့် ကိစ္စတစ်ခုမှာ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံကဲ့သို့ပင် မှောင်လွန်းသော ညများကို ကာလကြာရှည်စွာ ဖြတ်သန်းရဖွယ်သာ ရှိပါတော့သည်။
The Japan Times သတင်းစာမှ Gwynne Dyer ၏ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။
--Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.