Transparency Myanmar

transparency.myanmar@gmail.com

AFP News, 22nd May 2010

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်သည် မြောက်ကိုရီးယား အပေါ် စွပ်စွဲထားသော တောင်ကိုရီးယား စစ်သင်္ဘော နစ်မြုပ်မှုကို အဓိက ဆွေးနွေးမည့် ဆွေးနွေးပွဲများ မတိုင်မီ ရှန်ဟိုင်း ကမ္ဘာကုန်စည်ပြပွဲသို့ စနေနေ့တွင် သွားရောက် လည်ပတ်ခဲ့သည်။

အရေးပါ အရာရောက်မှုကို ပြသရန် မျှော်လင့်ထားသည့် ဘီဂျင်း၌ ပြုလုပ်မည့် ဆွေးနွေးပွဲများ မတိုင်မီ တရုတ် ကုန်စည်ပြပွဲကို ကလင်တန် သွားရောက် လည်ပတ်ခဲ့ခြင်းကြောင့် သူမ အနေဖြင့် အေးဆေးသည့် လက္ခဏာ ပေါ်လွင်နေသည်။

လူပေါင်း ၄၆ ဦး သေဆုံးခဲ့သော တောင်ကိုရီးယား စစ်သင်္ဘော ချိုနန် နစ်မြုပ်မှုသည် မြောက်ကိုရီးယား ရေငုတ်သင်္ဘောမှ ပစ်လွှတ်သော တိုပီဒိုကြောင့် ဖြစ်သည်ဟု နိုင်ငံစုံ အဖွဲ့က ကြာသပတေးနေ့တွင် ကောက်ချက်ချခဲ့သည်။

ယခု ကိစ္စသည် အဘယ်ကြောင့် သွေးရိုးသားရိုး မဟုတ်သော အရေးကြီးသည့် ကိစ္စ ဖြစ်နေသည် ဆိုသော အချက်နှင့် အဘယ်ကြောင့် တရုတ်ထံမှ ထိရောက်သော ပူးပေါင်း ဆောင်ရွက်မှုကို လိုချင်သည် ဆိုသော အချက်တို့နှင့် ပတ်သက်၍ ကြီးကျယ်သော ကိစ္စတစ်ခု အဖြစ် ဆွေးနွေးရန် ကလင်တန်က ကြိုးစားလိမ့်မည်ဟု သူမနှင့် လိုက်ပါလာသော အမေရိကန် အရာရှိကြီး တစ်ဦးက ရှန်ဟိုင်းတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အနေနဲ့ တကယ် ဖြစ်ပျက်နေတာကို အသိအမှတ်ပြုဖို့နဲ့ မြောက်ကိုရီးယားရဲ့ အပြုအမူ ပြောင်းလဲလာအောင် ကြိုးစား ဆောင်ရွက်နေတဲ့ တောင်ကိုရီးယား၊ ဂျပန်၊ အမေရိကန် တို့ကို ပူးပေါင်း ကူညီတာကို ကျွန်တော်တို့ မြင်ချင်ပါတယ်ဟု အမည်မဖော်လိုသူ အရာရှိက သောကြာနေ့ ညပိုင်းတွင် ပြောကြားသည်။

စုံစမ်း စစ်ဆေး တွေ့ရှိချက်များကို ပြုံးယမ်းက အစောတလျှင် ပယ်ချလိုက်ပြီး အကယ်၍ နိုင်ငံတကာ အသိုင်းအဝိုင်းက အရေးယူမည် ဆိုပါက စစ်ပွဲ ဆင်နွှဲမည်ဟု ခြိမ်းခြောက်လိုက်သည်။

ပြုံးယမ်း၏ အဓိက ကျောရိုး မဟာမိတ် တရုတ်နိုင်ငံက သည်းခံ ထိန်းချုပ်ကြရန် တောင်းဆိုလိုက်ပြီး စုံစမ်း စစ်ဆေးရေး အစီရင်ခံစာကို ကိုယ်တိုင် အကဲဖြတ်မှု ပြုလုပ်ဦးမည်ဟု ပြောကြားလိုက်သည်။

မြောက်ကိုရီးယားကို ပစ်မှတ်ထားမည့် မည်သည့်နိုင်ငံတကာ ဆောင်ရွက်ချက်များမဆို ဘီဂျင်း၏ ထောက်ခံမှုက အရေးကြီးသည့် လက္ခဏာ ရှိသည်။ တရုတ်သည် ဗီတို အာဏာ သုံးစွဲခွင့် ရှိသော လုံခြုံရေး ကောင်စီ ၅ နိုင်ငံ အနက်မှ တစ်နိုင်ငံ ဖြစ်သည်။

သို့ရာတွင် အဆိုပါ ကိစ္စများမှာ သူမ၏ ဘီဂျင်း ခရီးစဉ် မပြီးမှီ ယတိပြတ် ပြော၍ မရသေးပါ။း သူမသည် စနေနေ့က ရှန်ဟိုင်း ကုန်စည်ပြပွဲမှ လူအများဆုံး လာရောက် ကြည့်ရှုကြသည့် အမေရိကန် ပြခန်းသို့ သွားရောက် လည်ပတ်ခဲ့ရာ တရုတ် လူမျိုး ၅၀၀ ခန့်က ဝိုင်း၍ ဆုမွန်ကောင်း တောင်းခဲ့ကြသည်။

ရှန်ဟိုင်းနှင့် အမေရိကန် ပြည်ထောင်စု ပုံရိပ်များကို ကြီးမားသော ဗီဒီယို ပိတ်ကားဖြင့် ပြသထားကာ "သူမ မရှိပါက အမေရိက ပြခန်းသည် အသက်ဝင်လိမ့်မည် မဟုတ်ပါ" ဟု အသံချဲ့ စပီကာများမှ တဆင့် ဂုဏ်ပြု ပြောကြားခဲ့ကြသည်။

အခွန်ထမ်း ပြည်သူများ၏ ဘဏ္ဍာငွေများဖြင့် ကုန်စည်ပြပွဲ ပြခန်း တည်ဆောက်ခြင်းကို တားမြစ်ထားသည့် အမေရိကန် ဥပဒေကြောင့် များစွာ နှောင့်နှေးကြန့်ကြာခဲ့ပြီးမှ ပြခန်းအတွက် ဒေါ်လာ ၆၁ သန်း ခွင့်ပြုရန် လှုံဆော် စည်းရုံးခဲ့သည့် ကလင်တန်ကို ဝိုင်းဝန်း ဂုဏ်ပြုခဲ့ကြသည်။

ကလင်တန်သည် ပြပွဲတွင် အမေရိကန်နှင့် တရုတ်ပြခန်း နှစ်ခုစလုံးကို လည်ပတ်ခဲ့ပြီး တရုတ်ကလေးငယ်များနှင့် အင်္ဂလိပ်ဘာသာဖြင့် နှုတ်ဆက်နေပုံကိုလည်း ဓာတ်ပုံ ရိုက်ကူးခဲ့သည်။

"ကလေးတို့ရဲ့ အင်္ဂလိပ်စကားက အရမ်းကောင်းလို့ အန်တီ မနာလိုတောင် ဖြစ်မိတယ်။ အန်တီက အင်္ဂလိပ်စကား တစ်မျိုးပဲ တတ်တယ်လေ" ဟု သူမက ပြောကြားခဲ့သည်။

"အစိုးရ အချင်းချင်း ဆက်ဆံရေးဟာ အရမ်း အရေးကြီးတယ် ဆိုပေမယ့် ပြည်သူ အချင်းချင်း ဆက်ဆံရေးက အရေးကြီးဆုံးပါပဲ" ဟု သူမက ဆိုသည်။

သူမသည် တနင်္ဂနွေနေ့က ဘီဂျင်းသို့ ရောက်ရှိပြီးနောက် တရုတ်နိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒ ချမှတ်သူ နိုင်ငံတော် ကောင်စီဝင် ဒိုင်ဘင်ဂူနှင့် ညစာ သုံးဆောင်ခဲ့သည်။

မြောက်ကိုရီးယားကိစ္စ၊ ကုန်သွယ်ရေး အငြင်းပွားမှု၊ ယွမ်ငွေတန်ဖိုး၊ အီရန် အပေါ် နိုင်ငံတကာ၏ သဘောထား စသည့် ကိစ္စများနှင့် ပတ်သက်၍ တရုတ် ခေါင်းဆောင်များနှင့် တနင်္လာ၊ အင်္ဂါ နှစ်ရက်ကြာ ဆွေးနွေးရာတွင် အမေရိကန် ကိုယ်စားလှယ် အဖွဲ့ကို ကလင်တန်နှင့်အတူ ဘဏ္ဍာရေး ဝန်ကြီး တင်ပိုသီ ဂိသ်နာက ဦးဆောင်မည် ဖြစ်သည်။

တကမ္ဘာလုံး ကျယ်ကျယ်ပြန့်ပြန့် စီးပွားရေး နာလံထူလာအောင် ကူညီလုပ်ဆောင်ရာမှာ လိုအပ်တဲ့ အရာတွေကို တရုတ်နဲ့ အမေရိကန် ပြည်ထောင်စုက ဆောင်ရွက်နေပါတယ်ဟု ဂိတ်သံနာက Xinhua သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

ငွေကြေး အကျပ်အတည်းကနေ ကမ္ဘာ့စီးပွားရေး တစ်ခုလုံး လွတ်မြောက်ဖို့ ကြိုးစားရာမှာ နှစ်နိုင်ငံစလုံးက အရမ်း အရေးကြီးတဲ့ ကဏ္ဍကနေ ပါဝင်နေပါတယ်ဟု ၎င်းက ဆိုသည်။

ကုန်သွယ်ရေး ကိစ္စ အဆင့်ဆင့်တွင် အဆက်မပြတ် ချောမွေ့စေရန် အမေရိကန် ပြည်ထောင်စုက ၎င်း၏ ဘဏ္ဍာရေး လိုငွေပြမှုနှင့် အစိုးရ ကြွေးမြီများကို လျှော့ချ ဖြတ်တောက်ရန် ကတိပြုသည်ဟု ဂိတ်သ်နာက ပြောကြားကြောင်း Xinhua က ဖော်ပြခဲ့သည်။ အမေရိကန်ထံမှ ကြွေးမြီ အများဆုံး ရရန်ရှိသော တရုတ်နိုင်ငံ အတွက် အမေရိကန် လိုငွေပြနေမှုသည် အကြီးအကျယ် စိုးရိမ်စရာ ဖြစ်ခဲ့သည်။

ကမ္ဘာ့ပြဿနာ အနည်းငယ်ကို အမေရိကန် ဒါမှမဟုတ် တရုတ် တစ်နိုင်ငံတည်းက ဖြေရှင်းနိုင်ပါတယ်။ တချို့ပြဿနာတွေကတော့ အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံ မပါပဲနဲ့လည်း ဖြေရှင်းနိုင်ပါလိမ့်မယ်ဟု ကလင်တန်က ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံပိုင် Global Times က သူမ မရောက်မှီ သောကြာနေ့တွင် ဖော်ပြခဲ့သည်။

      ဝါရှင်တန် နှင့် ဘီဂျင်းသည် ၂၀၁ဝ နှစ်ဆန်းမှစ၍ ထိုင်ဝမ်သို့ အမေရိကန် လက်နက်များ ရောင်းချမှု၊ အိမ်ဖြူတော်တွင် ဒလိုင်ဘားမားနှင့် တွေ့ဆုံမှု၊ တရုတ် ယွမ်ငွေ တန်ဖိုး ပြဿနာ၊ အင်တာနက် လွတ်လပ်ခွင့် စသည့် ကိစ္စများ အပေါ် နှစ်ဖက် သဘော ကွဲလွဲခဲ့ကြပြီး ခက်ခဲသော အနေအထားနှင့် အချိန်တို့ကို ဖြတ်ကျော်ခဲ့ရခြင်း ဖြစ်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment