Transparency Myanmar

transparency.myanmar@gmail.com

Earth Times, 26th May 2010

ဥရောပ သမဂ္ဂနှင့် အာဆီယံ အဖွဲ့တို့သည် တစ်ဖွဲ့နှင့် တစ်ဖွဲ့၏ စုစည်းရေး အားထုတ် ကြိုးပမ်းမှုများကို ထောက်ခံ အားပေးရန်နှင့် ကမ္ဘာ့စီးပွားရေး အကျပ်အတည်းမှ ပြန်လည်နိုးထရန် ရည်ရွယ်၍ ၎င်းတို့၏ ပူးပေါင်း ဆောင်ရွက်မှုများကို တိုးမြှင့်သွားကြရန် ဗုဒ္ဓဟူးနေ့က ကတိပြုခဲ့ကြသည်။

နှစ်ဖွဲ့စလုံးမှ နိုင်ငံခြားရေး ဝန်ကြီးများက ၎င်းတို့၏ တရားဝင် ဆက်ဆံရေး နှစ်၃၀ ပြည့် အထိမ်းအမှတ် အဖြစ် မက်ဒရစ် ညီလာခံကို ကျင်းပခဲ့ခြင်းကြောင့် ဘရူနိုင်း နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် ဘိုကီးယား က "ကျွန်တော်တို့ နှစ်ဖွဲ့စလုံး တိုးတက် ပြောင်းလဲနေတာ သိပ်မြန်ပါတယ်'' ဟု ပြောကြားခဲ့သည်။

"ဥရောပနဲ့ အရှေ့တောင်အာရှ တစ်ဦးကို တစ်ဦး အပြန်အလှန် လိုအပ်တာက ဒီ့ အရင် မတိုင်ခင် ကတည်းကပါ" ဟု ဘိုကီးယားက ဆိုသည်။

နှစ်ဖွဲ့စလုံး၏ ဒေသတွင်း စုစည်းရေး မြှင့်တင်သည့် အပြောင်းအလဲ တိုးတက်မှုများ ဖြစ်သော အီးယူ၏ လစ်ဘွန်း သဘောတူစာချုပ်၊ အာဆီယံ၏ ပဋိဥာဉ် အသစ် စသည်တို့နှင့် စီးပွားရေး အကျပ်အတည်းကို ကိုးကား၍ ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကုန်သွယ်ရေး အတားအဆီးများ တိုက်ဖျက်ရေး၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှုင့်ရေး၊ ကမ္ဘာ့ငွေကြေး စနစ် ပြုပြင်ပြောင်းလဲရေး စသည့် ကိစ္စများတွင် အီးယူကို ကူညီရန် ဥရောပသမဂ္ဂ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားသူ စပိန်နိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီး မီဇွယ် အိမ်ဂျယ် မိုရာတီနိုက အာဆီယံကို တိုက်တွန်းလိုက်သည်။

ယခု အစည်းအဝေးသို့ အာဆီယံ ၁၀ နိုင်ငံမှ ထိုင်းနိုင်ငံနှင့် အာဆီယံ ၇ နိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီးများ တက်ရောက်ခဲ့ပြီး ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားမှ ဝန်ကြီး အဆင့် မဟုတ်သော ကိုယ်စားလှယ်များ စေလွှတ်ခဲ့သည်။

အီးယူ ၂၇ နိုင်ငံ အနက် ၁၀ နိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီးများနှင့် အတူ အီးယူ နိုင်ငံခြားရေး မူဝါဒ ဆိုင်ရာ ညွှန်ကြားရေးမှူး  Catherine Ashton  တက်ရောက်ခဲ့သည်။

အစည်းအဝေး အစီအစဉ်တွင် မြန်မာနိုင်ငံမှ ရက်မသတ်မှတ်ရသေးသော ရွေးကောက်ပွဲ ကိစ္စလည်း ပါဝင်သည်။

ရွေးကောက်ပွဲ ကိစ္စ ဆွေးနွေးရန် အတွက် မြန်မာနိုင်ငံသို့ မစ်ရှင် အဖွဲ့ စေလွှတ်ရေးကို အီးယူက မျှော်လင့်နေသည် ဟု စပိန်ဝါရင့် သံတမန်က ပြောကြားခဲ့ပြီး အကယ်၍ မြန်မာအစိုးရက ဒီမိုကရေစီ စံနှုန်းများကို လေးစားသည် ဆိုပါက ရွေးကောက်ပွဲများသို့ အကဲခတ် လေ့လာသူများ စေလွှတ်ပေးရန် အီးယူက ဆန္ဒရှိနေသည် ဟု ၎င်းက ရှင်းလင်း ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံ အနေဖြင့် အတိုက်အခံ ပါတီကို ရွေးကောက်ပွဲ ဝင်ခွင့်ပြုရန်နှင့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန် လိုအပ်ကြောင်းကို အလေးအနက် ပြောကြားရန် Ashton က မျှော်လင့်ထားသည် ဟုလည်း သိရှိရသည်။

မြန်မာနိုင်ငံကို ရှင်းရှင်းလင်းလင်း အလွယ်တကူ ပစ်ပယ်ထားခြင်းသည် အနည်းငယ်မျှသော ရလဒ်သာ ထွက်ပေါ်ခဲ့ခြင်းကြောင့် အီးယူက မြန်မာနိုင်ငံကို ဆက်လက် အရေးယူ ပိတ်ဆို့ထားစဉ် ကာလတွင် မြန်မာအစိုးရနှင့် တွေ့ဆုံညှိနှိုင်းမှုကို အရှိန်မြှင့်သွားမည်ဟု သတင်းများအရ သိရှိရသည်။

ဂျာမနီနိုင်ငံခြားရေး ဝန်ကြီး Guido Westerwelle ကတောင်နှင့် မြောက်ကိုးရီးယား အကြား တင်းမာမှု ကြီးထွားလာခြင်းနှင့် ပတ်သက်၍ မှတ်ချက်ပေးရာတွင် မတ်လ အတွင်းက တောင်ကိုးရီးယား စစ်သင်္ဘော နစ်မြုပ်မှုသည် မည်သို့မျှ တရားမျှတမှု မရှိသည့် စစ်ရေး ကျူးကျော် ရန်စမှုသာ ဖြစ်သည်ဟု တင်ပြ ဆွေးနွေးသွားသည်။

"တောင်ကိုးရီးယားဟာ အားလုံးရဲ့ ထောက်ခံမှုကို အမှန်တကယ် ရရှိထားပါတယ်" ဟု ဝန်ကြီးက ပြောကြားခဲ့ပြီး သင့်မြတ် လျော်ကန်သော တုန့်ပြန်ဆောင်ရွက်မှု ပြုလုပ်ရန် နိုင်ငံတကာ အသိုင်းအဝိုင်းကို တောင်းဆိုလိုက်သည်။

ထိုင်းနိုင်ငံ၏ နိုင်ငံရေး အရှုပ်အထွေးမှာမူ ထိုင်း၏ ပြည်တွင်းရေး ကိစ္စဟု ယူဆသဖြင့် အစည်းအဝေးတွင် ဆွေးနွေးရန် ထည့်သွင်းထားခြင်း မရှိသော်လည်း ပြည်တွင်းမှ အနေအထားကို အီးယူသို့ အသိပေး တင်ပြရန် ဘန်ကောက် အစိုးရက မျှော်လင့်ထားသည်။

ဝန်ကြီးများ ဆွေးနွေးခဲ့သော ကိစ္စပေါင်း မြောက်မြားစွာ အနက် ရာသီဥတု အပြောင်းအလဲ၊ အကြမ်းဖက်ဝါဒ၊ ပင်လယ်ဓါးပြ ပြဿနာ၊ နျူကလီယာ  မပြန့်ပွားရေး သဘာဝ ဘေးအန္တရာယ်များ၊ တရုတ်နိုင်ငံနှင့် အီးယူ၊ အာဆီယံတို့၏ ဆက်ဆံရေး စသော ကိစ္စများလည်း ပါဝင်သည်။

အာဆီယံနှင့် အီးယူသည် တစ်ဖွဲ့နှင့် တစ်ဖွဲ့၏ တတိယ အကြီးဆုံး ကုန်သွယ်ဖက်များ ဖြစ်သည်ဟု မိုရာတီခို တင်ပြသော စာရင်းဇယားများ အရ သိရှိရသည်။

အာဆီယံ အဖွဲ့တွင် ဘရူနိုင်း၊ မြန်မာ၊ အင်ဒိုနီးရှား၊ လာအို၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ မလေးရှား၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံများ ပါဝင်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment