Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံတွင် ၁၉၉၀ ပြည့်နှစ်က နောက်ဆုံး ကျင်းပခဲ့သည့် ဒီမိုကရေစီ ရွေးကောက်ပွဲ နှစ် ၂၀ ပြည့် အထိမ်းအမှတ်ကို ဂုဏ်ပြုသည့် အနေဖြင့် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့တစ်ခုက ယခုနှစ် ရွေးကောက်ပွဲ ကာလတွင် ယုံကြည် စိတ်ချရသော နိုင်ငံရေး ဖြစ်စဉ်တစ်ခုကို ဖော်ဆောင်ပေးရန် စစ်အစိုးရကို တောင်းဆိုလိုက်သည်။

မေလ ၂၇ ရက်နေ့သည် ၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ကျင်းပခဲ့ခြင်း နှစ် ၂၀ ပြည့်သည့် နေ့ဖြစ်ရာ ထိုနေ့တွင် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ (Human Rights Watch) က စစ်အစိုးရကို ယခုနှစ်အတွင်း လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပပေးရန်နှင့် ယုံကြည် စိတ်ချရသော နိုင်ငံရေးဖြစ်စဉ် တစ်ရပ် ဖော်ဆောင်ပေးရန် တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

"၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲက ဘာကို ဖော်ပြနေသလဲ ဆိုရင် မြန်မာပြည်သူတွေဟာ စစ်တပ် အာဏာရတာကို မလိုလားဘူး ဆိုတာပါ" ဟု အမေရိကန် ပြည်ထောင်စု၊ နယူးယောက် အခြေစိုက် Human Right Watch အဖွဲ့မှ အာရှရေးရာ ဒါရိုက်တာ Elaine Pearson က ပြောကြားသည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၊ ၁၉၉၀ ပြည့်နှစ် မေလ ၂၇ ရက်နေ့တွင်ကျင်းပသည့် ဒီမိုကရေစီ ရွေးကောက်ပွဲတွင် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ ပါတီ (NLD) က အနိုင် ရရှိခဲ့သည်။ သို့သော် မြန်မာစစ်ဗိုလ်များက ဒေါ်အောင်ဆန်းစုကြည်၏ ပါတီအား အာဏာ လွှဲပြောင်းပေးခြင်း မပြုခဲ့ပေ။

"မြန်မာ စစ်ဗိုလ်ချုပ်ကြီးတွေက အမှားတစ်ခုကို နှစ်ခါ ထပ်လုပ်မှာ မဟုတ်ဘူး။ အဲဒါကြောင့် အနာဂတ်မှာ ပေါ်လာမယ့် ပါလီမန်ကို စစ်တပ်က သေသေချာချာ ထိန်းချုပ်နိုင်အောင် နှစ် ၂၀ ကာလလုံး အကွက်ချ စီစဉ်ခဲ့တာ" ဟု မစ္စ Elaine Pearson က ပြောကြားသည်။

၁၉၉၀ ပြည့်နှစ် နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်လာမည့် ရွေးကောက်ပွဲကို ယခု ၂၀၁၀ ပြည့်နှစ်အတွင်း ကျင်းပရန် စစ်အစိုးရက စီစဉ်လျက် ရှိသည်။ NLD ပါတီမှာ စစ်အစိုးရက ထုတ်ပြန်သော ရွေးကောက်ပွဲ ဥပဒေများအရ ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည် ဆိုပါက ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပယ်ရမည် ဖြစ်နေရာ နောက်ဆုံးတွင် ရွေးကောက်ပွဲကို သပိတ် မှောက်ရန် ဆုံးဖြတ်ပြီး တရားဝင် ပါတီအဖြစ်မှ ရပ်စဲခဲ့ရသည်။

ယခုနှစ်အတွင်း ကျင်းပမည့် ရွေးကောက်ပွဲသည် စစ်ဘက်အုပ်ချုပ်ရေးကို အရပ်သား အုပ်ချုပ်ရေး အသွင်ဖြင့် ပြုပြင် ပြောင်းလဲရုံ သက်သက်သာ ဖြစ်ကြောင်း၊ စစ်တပ်အာဏာ ပိုမို ကြီးထွားရန်သာ ဦးတည်ထားကြောင်း Human Rights Watch အဖွဲ့က ဆိုသည်။

တရုတ်၊ အိန္ဒိယ၊ ရုရှား နှင့် စင်ကာပူ ကဲ့သို့သော နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် မြန်မာ စစ်အစိုးရကို ဖိအားပေးရန် မစ္စ Pearson က ပြောကြားသည်။ "၉၀ ရွေးကောက်ပွဲ နှစ် ၂၀ ပြည့်တဲ့ အချိန်မှာ မြန်မာနိုင်ငံရဲ့ မိတ်ဆွေတွေ အနေနဲ့ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့၊ ယုံကြည် စိတ်ချရတဲ့ နိုင်ငံရေး ဖြစ်စဉ်တစ်ခု ပေါ်ပေါက်အောင် လုပ်ဖို့ ဝိုင်းဝန်း လုပ်ဆောင်ပေးသင့်ပါတယ်" ဟု ၎င်းက ဆိုသည်။

ထို့ပြင် နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် မြန်မာ စစ်အစိုးရနှင့် ၎င်း၏ စီးပွားရေး လုပ်ဖော်ကိုင်ဖက်များ အပေါ် ပိုမို ထိရောက်မှု ရှိသော ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ရန် ထပ်မံ တောင်းဆိုခဲ့သည်။

Bangkok Post သတင်းစာမှ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment