Transparency Myanmar

transparency.myanmar@gmail.com

CNN News, 25th May 2010

ကွန်မြူနစ် မြောက်ကိုရီးယားက ၎င်း၏ တောင်ဘက် အိမ်နီးချင်းနိုင်ငံနှင့် ဆက်ဆံရေး အားလုံးကို ဖြတ်တောက်လိုက်ကြောင်းနှင့် ကျူးကျော် ရန်စမှု မပြုလုပ်ရေး သဘော တူညီချက်ကို ရုတ်သိမ်းမည် ဖြစ်ကြောင်း မြောက်ကိုရီးယား သတင်းဌာနက အင်္ဂါနေ့တွင် ကြေညာခဲ့ခြင်းကြောင့် ကိုရီးယား ကျွန်းဆွယ်တွင် ကြီးထွားနေသော တင်းမာမှုများ ထပ်မံ မြင့်တက်သွားသည်။

မြောက်ကိုရီးယားနိုင်ငံ ကိုရီးယား ပေါင်းစည်းရေး ကော်မတီ ပြောရေးဆိုခွင့် ရှိသူက တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ်အား "ချိုနန် သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်၍ ပြုံးယမ်းကို လွဲမှားစွာ အပြစ်တင်ခဲ့သည်" ဟု စွပ်စွဲလိုက်ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ထုတ်ပြန်သည်။

ကွန်မြူနစ် မြောက်ကိုရီးယားက တိုပီဒိုဖြင့် သင်္ဘောကို ပစ်ခတ် နစ်မြုပ်မှုကြောင့် သင်္ဘောသား ၄၆ ဦး သေဆုံးခဲ့သည်ဟု တရားဝင် တောင်ကိုရီးယား အစီရင်ခံစာတွင် စွပ်စွဲထားသည်။

တစ်ချိန်တည်းတွင် မြောက်ကိုရီးယား စစ်ဖက် အရာရှိက တောင်ကိုရီးယားသည် ပင်လယ်ဝါရှိ မြောက်ကိုရီးယား ရေပြင်သို့ မေ ၁၄ မှ ၂၄ ရက် အတွင်း တရားမဝင် ဝင်ရောက်ခဲ့သည်ဟု စွပ်စွဲခဲ့ကြောင်း Yonhap သတင်းဌာနက ထုတ်ပြန်သည်။

သမ္မတ လီမြောင်ဘတ်ကလည်း မြောက်ကိုရီးယားနှင့် ကုန်သွယ်ရေးကို ရပ်ဆိုင်းလိုက်ကြောင်း မြောက်ကိုရီးယား သင်္ဘောများကို မိမိတို့ရေပြင်သို့ ဝင်ခွင့် မပြုတော့ကြောင်းနှင့် ပြုံးယမ်း၏ ကျူးကျော် ရန်စမှုကို စစ်ရေးအရ ဟန့်တားရန် ဆုံးဖြတ်ထားကြောင်း ကြေညာခဲ့ပြီး ဖြစ်သည်။

ချိုနန် သင်္ဘော နစ်မြုပ်မှုနှင့် စပ်လျဉ်းသည့် ဆိုးလ်၏ ဆုံးဖြတ်ချက်ကို အမေရိကန် ပြည်ထောင်စုက ထောက်ခံသည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က တရုတ်နိုင်ငံသို့ ရောက်ရှိနေခိုက် တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

သူမက မြောက်ကိုရီးယားအား "ကျူးကျော် ရန်စမှုနှင့် ပတ်သက်၍ သိသမျှကို ထုတ်ဖော် ပြောကြားရန်" တနင်္လာနေ့က တိုက်တွန်းလိုက်ပြီး အမေရိကန် ပြည်ထောင်စုက တောင်ကိုရီးယား၏ ကာကွယ်ရေးကို ထောက်ခံ ပံ့ပိုးမည့် အချက်မှာ ရှင်းလင်း တိကျကြောင်းနှင့် မြောက်ကိုရီးယား အနေဖြင့် ရန်လို ခြိမ်းခြောက်သည့် အပြုအမှုကို ရပ်ဆိုင်းသင့်ကြောင်း ဆက်လက် ပြောကြားခဲ့သည်။

အမေရိကန် သမ္မတ ဘာရက် အိုဘားမားကလည်း အနာဂတ်တွင် မြောက်ကိုရီးယား၏ ကျူးကျော်မှုများကို ဟန့်တားရန်နှင့် အဆင်သင့် ဖြစ်နေအောင် သေချာ ပြင်ဆင်ထားကြရန် စစ်ဖက် တပ်မှူးများကို ညွှန်ကြားထားသည်။

တောင်ကိုရီးယားနှင့် ဆက်ဆံရေးကို စီမံ ကွပ်ကဲရသည့် မြောက်ကိုရီးယားနိုင်ငံ ကိုရီးယား ပေါင်းစည်းရေး ကော်မတီက အင်္ဂါနေ့က ထုတ်ပြန် ကြေညာရာတွင် "သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်၍ တောင်ကိုရီးယား၏ သိက္ခာချ စွပ်စွဲမှုကို စစ်ကြေညာခြင်း" ဟု သတ်မှတ်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြောက်ကိုရီးယား အနေဖြင့် ညှာတာမည် မဟုတ်ဘဲ၊ ပြင်းထန်သော အရေးယူမှုဖြင့် တုန့်ပြန်မည်ဟု အဆိုပါ ကော်မတီက ပြောကြားကြောင်း KCNA သတင်းဌာနက ထုတ်လွှင့်ခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံ ပေါင်းစည်းရေး ကော်မတီ၏ အကြံပြုချက်များတွင်

(၁)     ဆက်ဆံရေး အားလုံးကို ဖြတ်တောက်ရန်နှင့် မြောက်-တောင် ကိုရီးယား နှစ်နိုင်ငံအကြား ကိစ္စများကို စစ်ပွဲကာလ ဥပဒေများအရ ကိုင်တွယ်ရန်

(၂)     သမ္မတ လီမြောင်ဘတ်၏ အုပ်ချုပ်မှု သက်တမ်း အတွင်း တောင်နှင့်မြောက် ဆွေးနွေးပွဲများ ရပ်ဆိုင်းထားရန်

(၃)     တောင်နှင့်မြောက် အကြား ဆက်သွယ်ရေး အားလုံးကို ဖြတ်တောက်ရန်

(၄)     တောင်ကိုရီးယား သင်္ဘောများနှင့် လေကြောင်းလိုင်းများကို မြောက်ကိုရီးယား ရေပြင်၊ လေပြင် ပိုင်နက်များ အတွင်း ဖြတ်သန်းခွင့် မပြုရန် စသည့် အချက်များ ပါဝင်ကြောင်း သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment