Transparency Myanmar

transparency.myanmar@gmail.com

ကုလသမဂ္ဂ လုံခြုံရေး ကောက်စီအနေဖြင့် ကလေး စစ်သားများ လိုက်လံ စုဆောင်းလျက် ရှိသည့် နိုင်ငံများနှင့် လက်နက်ကိုင် တော်လှန်ရေးအုပ်စုများ အပေါ် ပြင်းထန်သော အရေးယူ ဆောင်ရွက်မှုများ လုပ်ဆောင်သွားရန် အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းက တိုက်တွန်း ပြောကြားလိုက်သည်။

လုံခြုံရေးကောင်စီသို့ အထွေထွေ အတွင်းရေးမှူးက နှစ်စဉ် အစီရင်ခံစာကို ပထမဆုံး တင်သွင်းရာတွင် လွန်ခဲ့သည့် ငါးနှစ်တာ ကာလအတွင်း ကတည်းက အခွင့်အရေး ချိုးဖောက်မှုများ ပြုလုပ်ခဲ့သူများ စာရင်းကို ထည့်သွင်းခဲ့သည်။ အဆိုပါ စာရင်းများထဲတွင် ဆိုမာလီယာနိုင်ငံမှ အသွင် ကူးပြောင်းရေး အစိုးရ၊ ကွန်ဂိုမှ လက်နက်ကိုင် အင်အားစုများ၊ မြန်မာ စစ်တပ်နှင့် ကွန်ဂို၊ မြန်မာ၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ ဆူဒန်နှင့် ယူဂန်ဒါတို့မှ သူပုန် အုပ်စုများလည်း ပါဝင်သည်။

ထိုအစီရင်ခံစာတွင် ပဋိပက္ခ ကာလအတွင်း ကလေးသူငယ်များကို ဒဏ်ရာ ရရှိအောင် ပြုလုပ်ခြင်း သို့မဟုတ် သတ်ဖြတ်ခြင်း အစ ရှိသည်တို့ကို လုပ်ကိုင်ခဲ့သူများမှာ ဆိုမာလီယာ အစိုးရနှင့် အယ်လ်ရှာဘတ် အမည်ရ အစ္စလာမ္မစ် လက်နက်ကိုင် အုပ်စုတို့ကို ထည့်သွင်းထားသည်။ အသက် ငယ်ရွယ်သူများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် အစီအစဉ်တကျ မုဒိမ်း ပြုကျင့်မှုများ ကျူးလွန်ခဲ့သူ အုပ်စု ၇ ခုလည်း ပါဝင်သည်။ ယင်းတို့မှာ ကွန်ဂိုမှ လက်နက်ကိုင် အုပ်စု ခြောက်ခု နှင့် ယူဂန်ဒါနိုင်ငံမှ ဘုရားသခင်၏ တော်လှန်ရေးတပ် (LRA) တို့ ဖြစ်သည်။ အဆိုပါ အုပ်စု ၇ စုသည် ကလေးသူငယ်များကို ပြန်ပေးဆွဲခြင်း၊ စစ်သား သို့မဟုတ် ကျွန်အဖြစ် အသုံးချခြင်း အစရှိသည်တို့ကို လုပ်ဆောင်ခဲ့သည်ဟု မစ္စတာ ဘန်ကီမွန်း၏ အစီရင်ခံစာက ဆိုသည်။

"ကျွန်တော်တို့ဟာ ကလေးတွေကို သူလျှို၊ စစ်သား ဒါမှမဟုတ် လူသားဒိုင်းကာ အဖြစ် အသုံးချတဲ့ အုပ်စုတွေနဲ့ အခု အချိန်အထိ အတူ နေထိုင်နေရတုန်းပါပဲ" ဟု လက်နက်ကိုင် ပဋိပက္ခတွင်း ရောက်ရှိနေသော ကလေးသူငယ်များ ဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် Radhika Coomaraswamy က ပြောကြားသည်။

"လက်နက်ကိုင် ပဋိပက္ခ တစ်ခုရဲ့ သဘော သဘာဝကိုက ကလေးသူငယ်တွေကို ရှေ့တန်း ရောက်အောင် တွန်းပို့လေ့ ရှိတယ်" ဟုလည်း ဆိုသည်။

လုံခြုံရေး ကောင်စီက ပြီးခဲ့သည့် ၂၀၀၅ ခုနှစ်တွင် ချမှတ်ခဲ့သော ဆုံးဖြတ်ချက်သည် စစ်မက် ဖြစ်ပွားသော ဇုန်များအတွင်းရှိ ကလေး သူငယ်များအပေါ် အကြမ်းဖက်ခြင်းမှ ကာကွယ်ရန် အရေးပါသော အဆင့်တစ်ခု ဖြစ်ခဲ့သည်။ ယင်းသို့သော စစ်မက် ဇုန်များအတွင်း ကလေးသူငယ်များအား အကြမ်းဖက်ခြင်းကို ကလေးသူငယ်များအား လက်နက်ကိုင် စစ်သားအဖြစ် အလွဲသုံးစား ပြုခြင်းဟု လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်က သတ်မှတ်သည်။ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် အတွင်း ထုတ်ပြန်သော ကုလသမဂ္ဂ အစီရင်ခံစာအရ ယနေ့အချိန်အထိ ကလေးစစ်သား ဦးရေ ၂၅၀၀၀၀ ခန့် ရှိနေသည်။

လုံခြုံရေး ကောင်စီသည် ၂၀၀၉ခုနှစ်၊ သြဂုတ်လ တွင် ကလေးသူငယ်များအား လက်နက်ကိုင် စစ်သားအဖြစ် အသုံးပြုခြင်း၊ ထိခိုက်ဒဏ်ရာ ရရှိစေခြင်း၊ မုဒိမ်း ပြုကျင့်ခြင်း အစရှိသည်တို့ ဖြစ်ပေါ်အောင် လုပ်ဆောင်ခဲ့သော နိုင်ငံများနှင့် အုပ်စုများကို တညီတစ်ညွတ်တည်း မဲပေး ထုတ်ဖော်ခဲ့သည်။ လုံခြုံရေး ကောင်စီ၏ သဘောတူ ဆုံးဖြတ်ချက်အရ အဆိုပါ ချိုးဖောက်မှုများ ကျူးလွန်သည့် နိုင်ငံများအပေါ် ထိရောက်သော အရေးယူမှုများ ပြုလုပ်မည် ဖြစ်သည်။ ယင်းသို့ အရေးယူရာတွင် နိုင်ငံတကာ ကလေးသူငယ် များဆိုင်ရာ ဥပဒေ ချိုးဖောက်မှုဖြင့် ဖြစ်နိုင်ခြေ ရှိပြီး ထိရောက်သော ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်သည်။

"ကျွန်ုပ်၏ အစီရင်ခံစာတွင် ပါသော ကလေးသူငယ် အခွင့်အရေး ချိုးဖောက်သူ၊ ကလေး သူငယ်များအပေါ် အင်အားသုံး အကြမ်းဖက်သူ နိုင်ငံများနှင့် အုပ်စုများကို ယခင်ကထက် ပိုမို ထိရောက်သော အရေးယူ လုပ်ဆောင်ချက်များ ထုတ်ဖော်သွားရန် တိုက်တွန်းအပ်သည်" ဟု မစ္စတာ ဘန်ကီမွန်းက သူ၏ အစီရင်ခံစာတွင် ထည့်သွင်း သတိပေးထားသည်။

ကလေးသူငယ် အခွင့်အရေး အများဆုံး ချိုးဖောက်သူများမှာ ကွန်ဂိုနိုင်ငံတွင် ရှိနေသည်။ကလေး သူငယ်များအပေါ် ကျူးလွန် ချိုးဖောက်မှုများအတွက် တာဝန်ရှိသူများကို စုံစမ်း ဖော်ထုတ်ရန် ဆောင်ရွက်ချက်များ ရှိနေသော်လည်း ကျူးလွန်မှုများမှာ ပျောက်ပျက်မသွားဘဲ ဆက်လက် တည်ရှိနေသေးသည်ဟု အစီရင်ခံစာက သတိပေးသည်။

ဖြည့်စွက် ပြောဆိုရပါက ကွန်ဂို လက်နက်ကိုင် အင်အားစုများ၊ အမျိုးသား ကာကွယ်ရေး ကောင်စီတို့သည် ကလေးသူငယ်များ အခွင့်အရေး ချိုးဖောက်သူများအဖြစ် စာရင်းသွင်း ထားကြောင်း၊ ယင်းအုပ်စုများကို Laurent Nkunda နှင့် Bosco Ntaganda တို့က ဦးဆောင်သည်။

ထို့ပြင် ဖိလစ်ပိုင် နိုင်ငံမှ ခွဲထွက်ရေးအုပ်စု သုံးခု ဖြစ်သော Abu Sayyaf၊ the Moro Islamic Liberation Front နှင့် New People's Army တို့သည် ကလေးသူငယ် အခွင့်အရေး ချိုးဖောက်သူများ ဖြစ်သည်ဟု မစ္စတာ ဘန်ကီမွန်းက စာရင်းသွင်းထားသည်။ မြန်မာနိုင်ငံမှ Karenni Army၊ Karen National Liberation Army တို့သည်လည်း မစ္စတာဘန်ကီမွန်း အစီရင်ခံစာမှ ကလေးသူငယ် အခွင့်အရေး ချိုးဖောက်သူ စာရင်းတွင် ပါဝင်သည်။ ယူဂန်ဒါနိုင်ငံမှ LRA၊ ကိုလံဘီယာမှ တော်လှန်ရေး တပ်မတော်နှင့် အမျိုးသား လွတ်မြောက်ရေး တပ်မတော်၊ ဆူဒန်နိုင်ငံမှ ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်နှင့် ဆူဒန်အစိုးရ လိုလားသော လက်နက်ကိုင် အုပ်စုများလည်း ပါဝင်သည်။

မိုရို အစ္စလာမ္မစ် လွတ်မြောက်ရေး တပ်ဦးနှင့် ဆူဒန် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်တို့က ကလေးစစ်သား အသုံးပြုမှုနှင့် ကလေးစစ်သား စုဆောင်းမှု အဆုံးသတ်ရေး အစီအစဉ် အတွက် သဘောတူ လက်မှတ် ရေးထိုးခဲ့မှုကို အထွေထွေ အတွင်းရေးမှူးက အထူးပင် ကြိုဆိုကြောင်း ဖော်ပြသည်။ သို့သော် အဆိုပါ စစ်တပ်နှစ်ခုကို စာရင်းထဲမှ ပယ်ဖျက်ပေးခြင်း မရှိသေးပေ။

AP သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment