Transparency Myanmar

transparency.myanmar@gmail.com

၂၀၀၉ ခုနှစ်အတွင်း မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ထဲသို့ ကျူးကျော် ဝင်ရောက်မှုကြောင့် ဖမ်းဆီး အကျဉ်းကျခံခဲ့ရသူ အမေရိကန် နိုင်ငံသားကို လွတ်မြောက်အောင် ပြုလုပ်ပေးခဲ့သည့် အမေရိကန် ဆီနိတ်တာ ဂျင်ဝက်ဘ်သည် မြန်မာ စစ်အစိုးရ ခေါင်းဆောင်များနှင့် တွေ့ဆုံ စကားပြောရန် မြန်မာနိုင်ငံသို့ ထပ်မံ လာရောက်ဦးမည် ဖြစ်ကြောင်း အေပီ သတင်းအရ သိရသည်။

ဗာဂျီးနီးယား ပြည်နယ်မှ ဒီမိုကရက် တစ်ဦး ဖြစ်ပြီး ဆီးနိတ်ကော်မတီ၏ နိုင်ငံခြား ဆက်ဆံရေးဌာနတွင် တာဝန် ထမ်းဆောင်လျက် ရှိသော ဆီနိတ်တာ ဂျင်ဝက်ဘ်သည် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် စစ်အစိုးရကို ဖိအားပေးရန် ဇွန်လ ၄ ရက်နေ့မှ စ၍ မြန်မာနိုင်ငံသို့ သုံးရက်တာခရီး လာရောက်မည် ဖြစ်သည်ဟု ဆိုသည်။

မစ္စတာ ဂျင်ဝက်ဘ်သည် အာရှခရီးစဉ်၏ တစ်စိတ်တစ်ပိုင်း အဖြစ် မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ပြီး တောင်ကိုရီးယားနှင့် ထိုင်းနိုင်ငံသို့လည်း သွားရောက်မည် ဖြစ်ကြောင်း ဆီးနိတ် ကော်မတီက ဆိုသည်။

"မစ္စတာ ဂျင်ဝက်ဘ်ရဲ့ ခရီးစဉ်ဟာ မငြိမ်မသက်မှုကြီးတွေ အင်မတန်ဖြစ်နေတဲ့ အချိန်တွေမှာ ပေါ်လာတာ ဖြစ်ပါတယ်။ တောင်ကိုရီးယားမှာလည်း မြောက်ကိုရီးယား တော်ပီဒို ဒုံးကျည် ပစ်ခတ်မှုကြောင့် စစ်သင်္ဘော နစ်မြုပ်သွားတာကို မကျေမနပ်တွေ ဖြစ်နေတဲ့အချိန်၊ ထိုင်းနိုင်ငံမှာလည်း အကြမ်းဖက်မှု၊ ဆန္ဒပြမှုတွေ အလွန်အမင်း ဖြစ်ပေါ်နေတဲ့ အချိန်၊ မြန်မာနိုင်ငံမှာလည်း စစ်အစိုးရရဲ့ ရန်စမှုတွေ ဖြစ်နေတဲ့အချိန်တွေ ဖြစ်ပါတယ်" ဟု ဆီးနိတ် ကော်မတီမှ ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ဆိုသည်။

ပြီးခဲ့သည့်လက အမေရိကန် ထိပ်တန်း သံတမန် Kurt Campbell မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်မှု ပြုလုပ်ပြီးနောက် မစ္စတာ ဂျင်ဝက်ဘ်ခရီးစဉ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ထို့ပြင် မစ္စတာ ဂျင်ဝက်ဘ်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်မည့် အချိန် မရှေးမနှောင်းတွင် လာရောက်ရန် စီစဉ်ထားခြင်း ဖြစ်သည်။ တရုတ် ဝန်ကြီးချုပ် ဝမ်ကျားပေါင်သည် မြန်မာနိုင်ငံသို့ ဇွန်လ ၂ ရက်နေ့တွင် လာရောက်မည် ဖြစ်သည်။

မစ္စတာ ဂျင်ဝက်ဘ်သည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။ ထိုစဉ်က မစ္စတာ ဂျင်ဝက်ဘ်သည် ဒေါ်အောင်ဆန်းစုကြည် အိမ်သို့ ခိုးဝှက် ဝင်ရောက်မှုကြောင့် ထောင်ဒဏ် ၇ နှစ် ပြစ်ဒဏ် ပေးခံရသူ ဂျွန်ဝီလျံ ယက်တော ဆိုသူကို လွတ်မြောက်အောင် ပြုလုပ်ပေးခဲ့သည်။ ဂျွန်ဝီလျံ ယက်တောကိုလည်း အပြန်ခရီးတွင် တစ်ပါတည်း ခေါ်ဆောင်သွားနိုင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်မှာ ဂျွန်ဝီလျံ ယက်တောအား လက်ခံ တွေ့ဆုံခဲ့မှုကြောင့် စစ်အစိုးရက နေအိမ် အကျယ်ချုပ် ဥပဒေစည်းမျဉ်း စည်းကမ်း ချိုးဖောက်မှုဖြင့် နောက်ထပ် နေအိမ် အကျယ်ချုပ် ၁၈ လ ပြစ်ဒဏ် ပေးခံခဲ့ရသည်။

AP သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment