Transparency Myanmar

transparency.myanmar@gmail.com

မြန်မာစစ်တပ်သည် ၂၀၀၈ ခုနှစ်တွင် ပေါ်ထွက်ခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း ကျင်းပမည့် ရွေးကောက်ပွဲ မတိုင်မီ ကာလအတွင်း တိုင်းရင်းသား လူနည်းစုများ နေထိုင်ရာ ဒေသများတွင် အကြမ်းဖက်မှုများနှင့် ရက်စက် ကြမ်းကြုတ်မှုများကို ပိုမို လုပ်ကိုင်လာကြောင်း ဒေသတွင်း အဖွဲ့အစည်းတစ်ခုက သတိပေး ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံဆိုင်ရာ Alternative ASEAN Network အဖွဲ့အဆိုအရ ယခုနှစ်တွင် အရပ်ဘက် ပြည်သူ ၄၃၀၀၀ ခန့် အိုးအိမ် စွန့်ပစ်ကာ အိမ်နီးချင်း ထိုင်းနှင့် တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးခဲ့ကြရကြောင်း သိရသည်။

ဒုက္ခသည်များ၏ အခြေအနေမှာ ပိုမို ဆိုးရွားလာသည်ကိုသာ တွေ့ရကြောင်း၊ အကြောင်းမှာ တိုင်းရင်းသား လက်နက်ကိုင်များက စစ်တပ်၏ တောင်းဆိုချက်အတိုင်း လက်နက်ချရန် ငြင်းဆန် နေသောကြောင့် ဖြစ်ကြောင်း အဆိုပါ Network ၏ Coordinator ဖြစ်သူ Debbie Stothard က ပြောကြားသည်။

"တကယ်တော့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေက တိုင်းရင်းသား အုပ်စုတွေ အနေနဲ့ သူတို့ရဲ့ နယ်မြေတွေကို မထိန်းချုပ်နိုင်အောင်၊ သူတို့ နယ်မြေထဲက သဘာဝ အရင်းအမြစ်တွေကို အသုံးမပြု နိုင်အောင် တားဆီး ပိတ်ပင်ထားပါတယ်။ အဲလိုပဲ တရားစီရင်မှု၊ ကျန်းမာရေး၊ ပညာရေး အစရှိတာတွေကိုလည်း ကိုယ်ပိုင် မလုပ်နိုင်အောင် လုပ်ထားပါတယ်" ဟု ၎င်းက ဆိုသည်။

"မတူညီတဲ့ တိုင်းရင်းသား လက်နက်ကိုင် အုပ်စုတွေဟာ မြန်မာစစ်တပ် လက်အောက်ကို ဝင်ရောက်ရမယ့် နယ်ခြား ဒေသစောင့်တပ် ပြောင်းလဲ ဖွဲ့စည်းရေးကို ငြင်းပယ်နေကြပါတယ်။ သူတို့အနေနဲ့ လက်ရှိ လုပ်နိုင်တဲ့ နိုင်ငံရေးက အဲလို ငြင်းပယ်တာပဲ ဖြစ်ပါတယ်" ဟု ဆိုသည်။

ပြီးခဲ့သည့် လပေါင်း ၁၈ လအတွင်း မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသ၌ တိုက်ခိုက်မှုများ ပိုမို တိုးမြင့်လာကြောင်း၊ တိုင်းရင်းသား လူနည်းစုများ နေထိုင်ရာဒေသမှ အရပ်ဘက် လူ့အဖွဲ့အစည်းများကို ယခင်ကထက် ပစ်မှတ် ထားလာကြကြောင်း မစ္စ Debbie Stothard က ပြောကြားသည်။

"ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် မြောက်ပိုင်းနဲ့ ကယားပြည်နယ် တွေထဲမှာ တိုက်ခိုက်မှုတွေ များလာတာကို တွေ့ရပါတယ်။ ကချင်ပြည်နယ်နဲ့ တခြားဒေသတွေကိုလည်း ပစ်မှတ် ထားလာလိမ့်မယ်လို့ ထင်ရတာပဲ" ဟု ၎င်းက ဆိုသည်။

Radio Australia News မှ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment