Transparency Myanmar

transparency.myanmar@gmail.com

လာမည့် ရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံသို့ အလည်အပတ် ခရီးစဉ်ဖြင့် လာရောက်မည့် တရုတ်နိုင်ငံ ဝန်ကြီးချုပ် ဝမ်ကျားပေါင်သည် မြန်မာ စစ်အစိုးရ ခေါင်းဆောင်များနှင့် တွေ့ဆုံကာ စွမ်းအင် ပူးပေါင်း ဆောင်ရွက်ရေး၊ အကူအညီ အထောက်အပံ့များ ပေးရေး အစရှိသည်တို့ကို ဆွေးနွေးမည် ဖြစ်ကြောင်း ထိပ်တန်း သံတမန်တစ်ဦးက ပြောကြားလိုက်သည်။

ဇွန်လ ၂ ရက်- ၃ ရက် ခရီးစဉ်တွင် မစ္စတာ ဝမ်ကျားပေါင်သည် မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဝန်ကြီးချုပ် ဦးသိန်းစိန် အပါအဝင် အခြားသော ထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်မည် ဖြစ်ကြောင်း တရုတ် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Zhang Zhijun က သတင်းထောက်များကို ပြောကြားသည်။

"စီးပွားရေး၊ ကုန်သွယ်ရေး၊ ဘဏ္ဍာရေး၊ သိပ္ပံနဲ့ နည်းပညာ အစရှိတဲ့ ကိစ္စတွေမှာ ပူးပေါင်း ဆောင်ရွက်ရေးအတွက် နှစ်နိုင်ငံ သဘောတူစာချုပ်တွေ လက်မှတ် ရေးထိုးကြမှာပါ" ဟု မစ္စတာ Zhang Zhijun က ပြောကြားသည်။ သို့သော် အသေးစိတ် အချက်အလက်များကိုမူ ပြောကြားခြင်း မရှိပေ။

တရုတ်-မြန်မာ အပြန်အလှန် ကုန်သွယ်မှု တန်ဖိုးမှာ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်တွင် ၂ ဒဿမ ၉၁ ဘီလီယံသို့ ရောက်ရှိခဲ့သည်။ တစ်နှစ်လျှင် ၁၀ ဒဿမ ၇ ရာခိုင်နှုန်း မြင့်တက်လာခြင်း ဖြစ်သည်။ ယင်းသို့ တရုတ်-မြန်မာ အပြန်အလှန် ကုန်သွယ်မှု တန်ဖိုး မြင့်တက်လာခဲ့ခြင်းမှာ စွမ်းအင်၊ သယ်ယူ ပို့ဆောင်ရေး၊ လျှပ်စစ်ဓာတ်အား သွယ်တန်းရေး အစရှိသည့် အခန်းကဏ္ဍတို့တွင် ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ၎င်းက ဆိုသည်။

တရုတ်သည် အထီးကျန် ဖြစ်နေသော မြန်မာနိုင်ငံ၏ သံတမန် ဆက်ဆံရေး အခင်းအကျင်းတွင် အရေးပါသော မိတ်ဘက်တစ်ဦး ဖြစ်သလို ကုန်သွယ်ရေး မိတ်ဘက်တစ်ဦးလည်း ဖြစ်သည်။

စွမ်းအင် ဆာလောင် မွတ်သိပ်နေသော တရုတ်သည် မြန်မာနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်မှ သဘာဝ ဓာတ်ငွေ့များကို ဝယ်ယူရန် ဆန္ဒပြင်းပြသူလည်း ဖြစ်သည်။ သို့အတွက်ကြောင့် တရုတ်သည် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ၏ ပိတ်ဆို့ အရေးယူမှုများကို အကာအကွယ် ပေးရန် ကြိုးစားခဲ့သည်။

"မြန်မာနိုင်ငံကို အကူအညီတွေ ပေးဖို့ ကျွန်တော်တို့ ကမ်းလှမ်းသွားမှာပါ။ မြန်မာ စီးပွားရေး ပိုမို တိုးတက် ကောင်းမွန်ပြီး ပြည်သူတွေရဲ့ ကြွယ်ဝချမ်းသာမှု မြင့်မားရေးအတွက် အကူအညီ ပေးသွားမှာပါ" ဟု တရုတ် ဒုတိယ နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

"မြန်မာ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး၊ အထူးသဖြင့် သယ်ယူ ပို့ဆောင်ရေး၊ ပညာရေး အစရှိတဲ့ အခန်းကဏ္ဍ များကဲ့သို့ အများ ပြည်သူအကျိုး ဖြစ်ထွန်းစေမယ့် အရေး ကိစ္စတွေအတွက် ကျွန်တော်တို့ အကူအညီ အထောက်အပံ့တွေ ပေးနိုင်ဖို့ ကမ်းလှမ်းသွားမှာပါ" ဟု ဆက်လက် ပြောသည်။

တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်သည် တောင်ကိုရီးယား၊ ဂျပန်၊ မွန်ဂိုလီးယား အစရှိသည့် နိုင်ငံများသို့ သွားရောက်ပြီးနောက် မြန်မာနိုင်ငံသို့ ဝင်ရောက်မည် ဖြစ်သည်။ အဆိုပါ ခရီးစဉ်ကို လေးနိုင်ငံ ခရီးစဉ်ဟု ဆိုသည်။

မစ္စတာ ဝမ်ကျားပေါင်သည် ပြီးခဲ့သည့် ဧပြီလအတွင်း မြန်မာ၊ ဘရူနိုင်း၊ အင်ဒိုနီးရှား နိုင်ငံများသို့ သွားရောက်ရန် စီစဉ်ခဲ့သော်လည်း တရုတ်ပြည် အနောက်မြောက်ပိုင်း ဒေသတွင် ငလျင် ပြင်းထန်စွာ လှုပ်ခတ်ခဲ့ပြီး လူ ၂၀၀၀ ကျော် သေဆုံးခဲ့သောကြောင့် ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့သည်။

Channel News Asia သတင်းဌာနမှ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment