Transparency Myanmar

transparency.myanmar@gmail.com

AFP News, 26th May 2010

အရှေ့တောင် အာရှနိုင်ငံများနှင့် ဥရောပ သမဂ္ဂတို့က မြန်မာနိုင်ငံအား လာမည့် ရွေးကောက်ပွဲများသို့ သိက္ခာရှိရှိ၊ ပွင့်လင်းမြင်သာစွာ ကျင်းပရန် တိုက်တွန်းခဲ့ပြီး ရွေးကောက်ပွဲများ အကြောင်းကို ဆွေးနွေးရန် တိုင်းပြည် အတွင်းသို့ ကျွမ်းကျင်သူအဖွဲ့ လာရောက်ခွင့်ပြုရန် အီးယူက နေပြည်တော် အစိုးရကို ဖိအား ပေးလိုက်သည်။

မက်ဒရစ်မြို့တွင် ကျင်းပသည့် အာဆီယံ ၁၀ နိုင်ငံနှင့် ဥရောပ သမဂ္ဂ ၂၇ နိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီးများ၏ ၁ ရက်ကြာ ညီလာခံ အပြီးတွင် အထက်ပါ တောင်းဆိုမှု ထွက်ပေါ်လာခြင်း ဖြစ်သည်။

ညီလာခံအပြီး ကြေညာချက်တွင် ဝန်ကြီးများက မြန်မာနိုင်ငံအား လာမည့် ရွေးကောက်ပွဲများကို လက်ခံ ယုံကြည်ထိုက်အောင်၊ ပွင့်လင်း မြင်သာအောင်၊ အားလုံး ပါဝင်ခွင့် ရှိအောင် ကျင်းပ ပြုလုပ်ရန် တောင်းဆိုခဲ့ကြသည်။

လက်ရှိ ထိန်းသိမ်းထားသူများကို စောစီးစွာ ပြန်လွှတ်ပေးခြင်းဖြင့် ရွေးကောက်ပွဲများတွင် အားလုံး ပါဝင်ခွင့် ပိုမို ရရှိလာစေမည် ဖြစ်ကာ ငြိမ်းချမ်းသော နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပရန် အထောက်အကူ ဖြစ်စေလိမ့်မည်ဟု ယုံကြည်ထားကြောင်း ၎င်းတို့က အထိန်းသိမ်းခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို "ပေါ်ပေါ်ထင်ထင်"  ရည်ညွှန်း၍ ပြောကြားခဲ့ကြသည်။

ရွေးကောက်ပွဲများ အကြောင်း ဆွေးနွေးရန် အီးယူ လေ့လာရေးအဖွဲ့ ရန်ကုန်သို့ စေလွှတ်ရေးနှင့် ပတ်သက်၍ မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်းနှင့် ဗုဒ္ဓဟူးနေ့ ညနေပိုင်းတွင် နောက်ဆုံး သဘောတူညီချက် ရရှိနိုင်မည်ဟု အီးယူ ပြည်ပရေးရာ အကြီးအကဲ Catherine Ashton က မျှော်လင့်ထားကြောင်း စပိန် အရာရှိ တစ်ဦးက စောစောပိုင်းတွင် ပြောကြားခဲ့သည်။

နိုဝင်ဘာ လကုန်တွင် ကျင်းပရန် စီစဉ်ထားသော ရွေးကောက်ပွဲများသည် လွတ်လပ်၊ မျှတလိမ့်မည် မဟုတ်ဟု စိုးရိမ် ပူပန်မှုများ ရှိနေသည့် အတွက် ရွေးကောက်ပွဲများ အကြောင်း ဆွေးနွေးရန် မြန်မာနိုင်ငံသို့ လေ့လာရေး အဖွဲ့ စေလွှတ်ရေးကို မျှော်လင့်နေသည်ဟု အီးယူက ယခင်လက ပြောကြားခဲ့သည်။

အကယ်၍ ရွေးကောက်ပွဲ ဝင်ရန် မှတ်ပုံတင်မည် ဆိုပါက အငြင်းပွားဖွယ် အခြေခံ ဥပဒေကို အသိအမှတ်ပြုရာရောက်မည့် အပြင် အထိန်းသိမ်းခံ ပါတီခေါင်းဆောင်ကို ထုတ်ပယ်ရန် ဖိအားပေးခံရမည် ဖြစ်၍ ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက ရွေးကောက်ပွဲများကို သပိတ်မှောက်လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် ၁၉၉၀ ခုနှစ်က နောက်ဆုံး ကျင်းပခဲ့သော ရွေးကောက်ပွဲများတွင် အနိုင်ရရှိခဲ့သော်လည်း ၁၉၆၂ ခုနှစ်စ၍ အာဏာ သိမ်းထားခဲ့သော စစ်ဖက် အစိုးရက ၎င်းရလဒ်များကို အသိအမှတ် မပြုခဲ့ပါ။

ထိုအချိန်မှစ၍ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ပြည်သူ့ခေါင်းဆောင်ကို နေအိမ်တွင် အကျယ်ချုပ် ဖမ်းဆီးထားသည်မှာ ယခုတိုင် ဖြစ်သည်။

အကယ်၍ မြန်မာ အာဏာပိုင်များသည် ယုံကြည် လေးစားဖွယ် နိုင်ငံရေး လုပ်ငန်းစဉ်ကို လိုလားသည် ဆိုပါက ဒီမိုကရေစီ၏ အနိမ့်ဆုံး စံနှုန်းကို လေးစားရလိမ့်မည်ဟု Ashton က ဦးဥာဏ်ဝင်းကို ရှင်းလင်းစွာ အသိပေးလိမ့်မည် ဖြစ်ကြောင်း စပိန် နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှ ပစ္စဖိတ်ရေးရာ ဌာနမှူး ဂျိုဆေး ယူဂျီနီယို ဆလာရစ်က ပြောကြားသည်။

နေပြည်တော် အစိုးရ အနေဖြင့် အစိုးရ ပါတီများ၊ အတိုက်အခံ ပါတီများ စသည့် နိုင်ငံရေးပါတီ အားလုံးကို ဝင်ခွင့်ပြု ထည့်သွင်းရမည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသား အားလုံးကိုလည်း လွှတ်ပေးရမည်ဟု ၎င်းက ပြောဆိုခဲ့သည်။

သို့ရာတွင် အတိုက်အခံ ခေါင်းဆောင်များနှင့် တွေ့ခွင့်ရလိမ့်မည်ဟု အာမခံချက် မရှိခြင်းကြောင့် အီးယူ မစ်ရှင် အဖွဲ့ အနေဖြင့် အလွန် ခက်ခဲ၍ အလွန် သတိထား ဆောင်ရွက်ရဖွယ် ရှိသည်ဟု ၎င်းက သတိပေးလိုက်သည်။

ရွေးကောက်ပွဲများတွင် ပြည်ပ အကဲခတ်များ မလိုအပ်ပါဟု မြန်မာနိုင်ငံက ယခုလ အစောပိုင်းတွင် ပြောကြားခဲ့သည်။

Ashton နှင့် ဦးဥာဏ်ဝင်းတို့၏ ညှိနှိုင်း ဆွေးနွေးပွဲများကို အီးယူ-အာဆီယံ ညီလာခံ၏ အဝန်းအဝိုင်းတွင် ပြုလုပ်ရန် စီစဉ်ထားသည်။

ကိုရီးယား ကျွန်းဆွယ် တင်းမာမှု၊ အာဖဂန် နစ္စကန် အရေး၊ အီရန် နျူကလီယာ အစီအစဉ်၊ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ လုံခြုံရေး ကိစ္စများ၊ ရာသီဥတု အပြောင်းအလဲနှင့် ကမ္ဘာ့ စီးပွားရေး အကျပ်အတည်း စသော ကိစ္စများကိုလည်း ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြသည်။

ဈေးကွက်များ ဆက်လက် ဖွင့်လှစ်ရေး၊ ကိုယ်ကျိုး စီးပွား ကာကွယ်မှု ဝါဒ ငြင်းပယ်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အပေါ် အတားအဆီးများ ထပ်မံ မပြုလုပ်ရေး စသည်တို့ကို ထိန်းသိမ်းရန် ကတိ ပေးထားခြင်းကို ဝန်ကြီးများက ထပ်မံ အတည်ပြုခဲ့ကြသည်ဟု ညီလာခံအပြီး ကြေညာချက်တွင် ဖော်ပြထားသည်။

အာဆီယံ အဖွဲ့တွင် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် ဗီယက်နမ်တို့ ပါဝင်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment