Transparency Myanmar

transparency.myanmar@gmail.com

The Los Angeles Times, ByMatthew Frankel, 26th May 2010

အတိုက်အခံ လှုပ်ရှားမှုအတွက် လာမည့်ရွေးကောက်ပွဲတွင် ပါဝင်ရန် လုပ်ဆောင်သင့် လှပါသည်။ ဘေးထိုင် ဘုပြောနေခြင်းသည် အရာ ရောက်ခဲလှသည်။

ပြဿနာများ ရှိနေသော မြန်မာအတိုက်အခံ အတွက် ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ပြတ်သားသော ဆုံးဖြတ်ချက်အား ထောက်ခံရန် လွယ်ကူသော်လည်း အဆိုပါ ဆုံးဖြတ်ချက်သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အား တရားဝင် ရပ်တည်ခွင့် ဆုံးရှုံးစေသည်။ ရွေးကောက်ပွဲ ဥပဒေသစ်သည် အကျဉ်းကျခံနေရသူများကို နိုင်ငံရေး ပါတီဝင် အဖြစ်ပါဝင်ခြင်း မပြုရန် တားဆီးထားရာ အတိုက်အခံသည် ဒေါ်အောင်ဆန်းစုကြည်အား ပါတီမှ ထုတ်ပယ်ရမည် ဖြစ်သောကြောင့် အောင်ဖျာလိပ်ရန် ဆုံးဖြတ်ခဲ့သည်။

အတိုက်အခံ ပါတီများသည် အာဏာရှင် အစိုးရများနှင့် ကြုံတွေ့ရပြီး ရွေးကောက်ပွဲတွင် ပါဝင်ရမည်လော။ သပိတ်မှောက် ရမည်လော ဟု ရွေးချယ်ရခြင်းသည် blaskjack ကစားရာ၌ (၁၆) ပေါက်ကိုင်ပြီး ရှေ့ဆက်ဆွဲရမည်လော။ (၁၆) နှင့်ရပ် ရမည်လော ဟု စဉ်းစားရခက်သည်နှင့် ဆင်တူလှပေသည်။ မည်သည့် နည်းလမ်းကမျှ အဆုံးတွင် အောင်မြင်လိမ့်မည်ဟု မပြောနိုင်ပေ။ ခေတ်သစ် သမိုင်းကမူ အတိုက်အခံက သပိတ်မှောက်သည့် လမ်းကြောင်းကို ရွေးချယ်ခဲ့ပါက လမ်းမှားကို ရွေးချယ်ခြင်း ဖြစ်သည်ဟု ဖော်ပြနေပါသည်။ ကျွန်ုပ်၏ ခွဲခြမ်း စိတ်ဖြာ လေ့လာမှုများ အရ ၁၉၉၀ ခုနှစ်  ကတည်းက ရွေးကောက်ပွဲကို သပိတ်မှောက် ခြိမ်းခြောက်သည့် ဖြစ်ရပ် (၁၇၁) ခုကို လေ့လာချက်အရ ကောင်းမွန်သော အစိုးရ ပြောင်းလဲရေးအတွက် ထိရောက်သော နည်းလမ်းမဟုတ်ကြောင်း သိရှိရပါသည်။ အမှန်တကယ်တွင်မူ သပိတ်မှောက်ခြင်းကြောင့် အာဏာရ ပါတီကို ပို၍ အမြစ်တွယ်စေသည့် ဖြစ်ရပ်က ပိုများသည်။

ရွေးကောက်ပွဲ သပိတ်မှောက်ခြင်းကြောင့် ထွက်ပေါ်လာမည့် အနုတ်လက္ခဏာ ဆောင်သော အဓိက ရလဒ်တစ်ခုမှာ သပိတ်မှောက်သည့် ပါတီအား အရေးမပါတော့စေရန်နှင့် ပါဝါလျော့သွားစေရန် ဖြစ်စေသည်။ ယခုကိစ္စတွင်လည်း ထိုအတိုင်းပင် သွေးထွက်အောင် မှန်ပြန်ပေသည်။ NLD သည် ပါလီမန်တွင် ပါဝင်ခွင့် ငြင်းပယ်ခဲ့ခြင်းကြောင့်၊ ယခုပါတီအဖြစ် ရပ်တည်ခွင့်ပါ ရပ်ဆိုင်းသွားခဲ့ရပြီ ဖြစ်သည်။ ပါတီမှ ခွဲထွက်လာသော ပါတီသစ် ထွက်ပေါ်လာမည် ဖြစ်သော်လည်း ကင်မရွန်း၊ ဂမ်ဘီရာ၊ ဗင်နီဇွဲလား၊ နှင့် ဇန်ဘီယာတို့တွင် ဖြစ်ခဲ့သော ဥပမာများအရ ယခင် ပါတီကြီးလောက် အရေးပါမှု၊ အရေးကြီးမှု မရနိုင်ဟု ပြောရပေမည်။ NLD မှ ခွဲထွက်လာသူများက နာမည် အသစ်ဖြင့် ရွေးကောက်ပွဲဝင်ရန် ပြောကြားခဲ့ကြသော်လည်း ဒေါ်အောင်ဆန်းစုကြည်က ပါတီသစ်ကို လူသိရှင်ကြား ဝေဖန်ခဲ့ပြီး၊ သပိတ်မှောက်ရန် ကိုသာ တောင်းဆိုခဲ့သည်။

အခြား မတရားအဖိနှိပ်ခံ ထားရသော အတိုက်အခံ ပါတီများနည်းတူ မြန်မာ အတိုက်အခံသည် ၎င်း၏ ပြုမူ ဆောင်ရွက်ချက်သည် လက်ရှိ အစိုးရအား နိုင်ငံတကာ အသိုင်းအဝိုင်းက ပိုမို ဖိအားပေးစေရေး အတွက် ခွန်အားဖြစ်စေမည်လားဟု အလောင်းအစား ပြုထားရသည်နှင့် တူလှပေသည်။ NLD ၏ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်လည်းဖြစ်၊ တည်ထောင်ခဲ့သူလည်း ဖြစ်သော ဦးဝင်းတင်သည် ပြီးခဲ့သည့် မတ်လက Washington Post သတင်းစာတွင် ကမ္ဘာကြီးက ၎င်းတို့၏ သပိတ်မှောက်မှုကို ထောက်ခံရန်နှင့် ရွေးကောက်ပွဲကို အသိအမှတ်မပြုရန် ခံစားမှု အပြည့်နှင့် တောင်းဆိုခဲ့သည်။

ယခု ကိစ္စတွင် ၎င်း၏ တောင်းဆိုမှုမှာ ပြင်ပအင်အားစုများက ပြောင်းလဲမှု လုပ်ပေးနိုင်လိမ့်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံသည် အနေအထားအရ အများက သိပ်စိတ်မဝင်စားသောကြောင့် ဖြစ်သည်။ ဥပမာအားဖြင့် အနောက် အာဖရိကမှာ မာလီနိုင်ငံတွင် ၁၉၉၀ ခုနှစ် နှောင်းပိုင်းက ရွေးကောက်ပွဲကို အများက သဘောမတူဘဲ ကျယ်ကျယ်ပြန့်ပြန့် သပိတ်မှောက်မှု အပြီး (၁၈) နှစ်ခန့်ကြာမှ ထိုစဉ်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Madeleine Albright က ဒီမိုကရေစီရေး တားဆီးခံရသော နိုင်ငံအဖြစ် ပြောဆိုမှုများ ရှိခဲ့ခြင်း ဖြစ်သည်။ ထို့နည်းတူပင် အဇာဘိုင်ဂျန်တွင် ၂၀၀၃ ရွေးကောက်ပွဲ၌ အတိုက်အခံက သပိတ်မှောက်မှုများ၊ ရွေးကောက်ပွဲ အပြီး ရက်သတ္တပတ်များစွာ ဆန္ဒပြမှုများ ရှိသော်လည်း အမေရိကန်က ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုခဲ့သည်။

နောက်ထပ် မရှင်းလင်းသော အချက်တစ်ခုမှာ လက်ရှိ စစ်အစိုးရ အပေါ် အနောက်နိုင်ငံများက မည်မျှလောက် ဖိအားပေးနိုင်မည်လဲ ဆိုသည့် အချက်ပင် ဖြစ်ပါသည်။ မြန်မာအစိုးရသည် ကြဉ်ခံထားရသော နိုင်ငံတစ်ခု ဖြစ်ပြီး၊ အရေးယူမှုများ ချမှတ်ခံထားရသည်မှာလည်း ကြာပြီ ဖြစ်သည်။ မကြာသေးမီက အမေရိကန် ဆီးနိတ်က ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် တောင်းဆိုခဲ့ရာ၊ မြန်မာအစိုးရ အနေဖြင့် သတိမူ မိလိမ့်မည်တောင် မဟုတ်ပေ။ စစ်အစိုးရသည် ဒီမိုကရေစီသို့ ပထမခြေလှမ်း အဖြစ် ရွေးကောက်ပွဲကို ရှေ့တန်း တင်လာသော်လည်း၊ နိုင်ငံတကာ အသိုင်းအဝိုင်း၏ ရပ်တည်ပေးမှုရရှိရန် ခက်ခဲလိမ့်မည် ဖြစ်သည်။

ရွေးကောက်ပွဲကို သပိတ်မှောက်ခြင်းမှ အပေါင်းလက္ခဏာ ဆောင်သော ရလဒ်များ ထွက်ပေါ်လာခဲ့သည့် ဖြစ်ရပ်များ ရှိခဲ့သော်လည်း၊ အဓိက မောင်းနှင်အားမှာ ပြည်တွင်းမှသာ ဖြစ်ပြီး၊ ကြုံတွေ့ရသော အစိုးရများမှာ အာဏာရှင် အစိုးရများ မဟုတ်ကြခြင်း ဖြစ်သည်။ အတိုက်အခံက သပိတ်မှောက်ခြင်းမှာ လုံးဝ အောင်မြင်သွားသော ဖြစ်ရပ်မှာ ပီရူးနိုင်ငံတွင်၂၀၀၀-၀၁ ခုနှစ်က ရှိခဲ့ပါသည်။ အတိုက်အခံက လူထုအများဆုံး ပါဝင်သော ဆန္ဒပြပွဲကြီးများ ပြုလုပ်နိုင်ခဲ့ပြီး Alberto Fujimori အစိုးရအား အမြန်ဆုံး ပြုတ်ကျစေခဲ့ပါသည်။ အဆိုပါ ဖြစ်ရပ်တွင် နိုင်ငံတကာ ဖိအားပေးမှုသည် သေးငယ်သော ကဏ္ဍမှသာ ပါဝင်ခဲ့သည်။

အတိုက်အခံအတွက် အကောင်းဆုံး ဖြစ်နိုင်မည့် လုပ်ရပ်မှာ ဒေါ်အောင်ဆန်းစုကြည် မပါလျှင်သော်မှ ယခုနှစ် ရွေးကောက်ပွဲတွင် ပါဝင်ရေး ဖြစ်သည်။ အသစ် ဖွဲ့စည်းခဲ့သော National Democratic Force (NDF) ၏ ရွေးကောက်ပွဲဝင်ရေး အစီအစဉ်ကို ထောက်ခံသင့်သည်။ ရွေးကောက်ပွဲ စနစ်သည် စစ်အစိုးရ အပေါ်တွင်သာ အလေးပေးနေသည် ဆိုသော်လည်း စုစည်း ညီညွတ်သော အတိုက်အခံသည် ပါလီမန်တွင် ထိုက်သင့်သော ပါဝင်မှုကို ရနိုင်လိမ့်မည် ဖြစ်သည်။

ဇင်ဘာဘွေ၏ ဖြစ်ရပ်သည် အသုံးဝင်သော ဥပမာ တစ်ခု ဖြစ်ပါလိမ့်မည်။ ၁၉၉၅ ခုနှစ်ရွေးကောက်ပွဲတွင် သမ္မတ Robert  Mugabe ၏ တရားမျှတမှု မရှိသည့် လုပ်ဆောင်ချက်များကြောင့် အတိုက်အခံက သပိတ်မှောက်ရန် ရွေးချယ်ခဲ့ရာ အုပ်ချုပ်သော အာဏာရ ပါတီက အပျောက်နီးပါး ရှင်းပစ်ခဲ့သည်။ ထိုသင်ခန်းစာကြောင့် အတိုက်အခံသည် ၂၀၀၀ပြည့်နှစ် ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ခဲ့ရာ (၅၇) နေရာ အနိုင်ရခဲ့ပြီး၊ အာဏာရ ပါတီထက် (၅) နေရာသာ နည်းခဲ့သည်။

ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ခြင်းကြောင့် မြန်မာနိုင်ငံတွင် ပို၍ ဒီမိုကရေစီ နည်းကျလာပြီး ပိုမို လမ်းဖွင့်လာမည့် ရလဒ် ထွက်ပေါ်လာလိမ့်မည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ သို့သော် သပိတ်မှောက်ရန် ရွေးချယ်သည့် နည်းလမ်းထက်စာလျှင်မူ ပိုမို ကောင်းမွန်လိမ့်မည်သာ ဖြစ်သည်။

(ဤဆောင်းပါး ရေးသားသူ Matthew Frankel သည် ဝါရှင်တန် ရှိ Brookings Institution မှာ Fellow တစ်ဦး ဖြစ်ပြီး " Threaten but Participate: Why Election Boycotts Are a Bad Idea '' ကို ရေးသားခဲ့သူ ဖြစ်သည်။)

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment