Transparency Myanmar

transparency.myanmar@gmail.com

The Jakarta Post, By U Win Tin, 27th May 2010

မြန်မာနိုင်ငံတွင် လွန်ခဲ့သော အနှစ်နှစ်ဆယ် ယခုလို နေ့မျိုးတွင် ရွေးကောက်ပွဲ၌ ပြည်သူလူထုသည် ဒီမိုကရေစီ ပြောင်းလဲရေး အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အား တခဲနက် မဲပေးခဲ့ကြသည်။ သို့သော် ပြည်သူလူထု၏ ဆန္ဒမှာ အသိအမှတ်ပြုခြင်း မခံခဲ့ရပေ။

ထိုစဉ်ကတည်းက ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ပြီးကတည်းက NLD ကို ရက်ရက်စက်စက် နှိပ်စက်ကာ ဘေးသို့ ဖယ်ထားခဲ့သည်။

အဆိုပါ ကိစ္စ အတွက် မကြာသေးမီက ပြုလုပ်ခဲ့သော အထောက်အထား တစ်ခုမှာ ကန့်သတ်ချက် အလွန် များပြားသော ရွေးကောက်ပွဲ ဥပဒေများပင် ဖြစ်သည်။ အဆိုပါ ဥပဒေများတွင် ပါတီများတွင် ထောင်ထဲရှိ နိုင်ငံရေး အကျဉ်းသားများအား ပါဝင်ခွင့် မရအောင် ပြုလုပ်ထားခြင်း ဖြစ်သည်။

အဆိုပါ ရွေးကောက်ပွဲ ဥပဒေများသည် ကျွန်ုပ်တို့ NLD အတွက် လုပ်သာကိုင်သာ မူမရှိခြင်း၊ လက်တွေ့ကျသော လမ်းကြောင်းများ မရှိခြင်းတို့ကြောင့် ရွေးကောက်ပွဲတွင် ပါဝင်ရန် ငြင်းဆိုခဲ့သည်။ ၁၉၉၀ တွင် အနိုင်ရခဲ့ကြသော အခြား တိုင်းရင်းသား နိုင်ငံရေးပါတီများကလည်း ထိုသို့ ဆုံးဖြတ်ခဲ့ကြသည်။

အကယ်၍ စစ်တပ်သည် အဓိက ပါတီများ ပါဝင်ခြင်း မရှိဘဲ ရွေးကောက်ပွဲကို ဆက်လက် ကျင်းပခဲ့ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း လက်ခံခဲ့မည်ဆိုလျှင် စစ်တပ် အုပ်ချုပ်မှုမှာ ပိုမို အမြစ်တွယ် လာလိမ့်မည်သာ ဖြစ်သည်။

၁၉၉၀ ရွေးကောက်ပွဲ ကျင်းပစဉ်က NLD စည်းရုံးရေး ဆင်းခဲ့ရာ၊ ကျွန်ုပ်တို့၏ အဖွဲ့ဝင်များသည် တိုင်းပြည် တစ်ခုလုံး၌ နေရာတကာတွင် ပြည်သူလူထုသည် ကိုယ်ရောစိတ်ပါ မကျေနပ်မှုများ အကြီးအကျယ် ခံစားနေသည်ကို တွေ့ခဲ့ရသည်။

ပြည်သူများသည် စစ်အာဏာရှင် လက်အောက်တွင် နှစ်ပေါင်းများစွာ နေလာရရာ လွတ်လပ်မှုနှင့် ဒီမိုကရေစီ ပြောင်းလဲမှုကို ဆာလောင်လာပြီ ဖြစ်သည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် ပါလီမန်၏ ၈၂ % အနိုင် ရရှိခဲ့ရာ ပြည်သူလူထုက တိုင်းပြည်တွင် အပေါင်း လက္ခဏာ ဆောင်သော ပြောင်းလဲမှုများ ပြုလုပ်ပေးရန် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အပေါ် ပြင်းထန်စွာ ယုံကြည်ကြောင်း ပြသလိုက်သည့် လက္ခဏာ ဖြစ်သည်။

NLD သည် အခြေခံ ဥပဒေသစ် ရေးဆွဲလိုခဲ့ပြီး၊ ပူးပေါင်း ဆောင်ရွက်မှုနှင့် ယုံကြည်မှု တည်ဆောက်ခြင်းမှတဆင့် ပြည်သူများ၏ ရပိုင်ခွင့်များကို လေးစားသော မြန်မာနိုင်ငံသစ်ကို ဖန်တီးလိုခဲ့သည်။ အစိုးရက ကျွန်ုပ်တို့အား ငြင်းပယ်ခဲ့ပြီးနောက် ကျွန်ုပ်တို့သည် အဆိုပါ ရည်မှန်းချက်များ အတွက် ဆက်လက် အလုပ်လုပ်ခဲ့ရာ ယနေ့ အစိုးရက တရားဝင် ရပ်တည်ခွင့် မပေးတော့သည့်တိုင် ဆက်လက် လုပ်ကိုင်နေဦးမည်သာ ဖြစ်ပေသည်။

ကျွန်ုပ်တို့သည် အမျိုးသား ပြန်လည် ပေါင်းစည်းရေး အတွက် အားလုံး ပါဝင်သော တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ရန် စစ်အစိုးရအား အကြိမ်ကြိမ် လက်ကမ်းခဲ့သော်လည်း၊ ပယ်ချခြင်းသာ ခံခဲ့ရသည်။ ကျွန်ုပ်တို့ကို ၂၀၀၈ အခြေခံ ဥပဒေ ရေးဆွဲမှု အပါအဝင် လှည့်ဖျားထားသော ဒီမိုကရေစီ လမ်းညွှန်မြေပုံတွင် မပါဝင်နိုင်အောင် တားဆီးခဲ့သည်။

အစိုးရသည် ရွေးကောက်ပွဲ ဥပဒေ အသစ်ကို ကြေညာခြင်း နှင့်အတူ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကိုပါ ပယ်ဖျက်ခဲ့သည်။

သို့သော် အခြေခံ ဥပဒေကိုယ်၌က ပြည်သူလူထု၏ ဖြစ်လိုသော ဆန္ဒများနှင့် လည်းကောင်း နိုင်ငံတကာ စံများနှင့်လည်းကောင်း ထပ်တူကျမှု မရှိခဲ့ပေ။ နာဂစ်မုန်တိုင်း ကာလအတွင်း အဓမ္မ အတည်ပြုခဲ့သော အခြေခံဥပဒေတွင် စစ်တပ်၏ ထိန်းချုပ်မှု၊ တိုင်းရင်းသားများအား ဖိနှိပ်မှုနှင့် နိုင်ငံရေး လွတ်လပ်ခွင့်များကို ကန့်သတ်ခြင်းများ အတွက် ဆက်လက် အာမခံ ပေးခဲ့သည်။

NLD ၏ ရွေးကောက်ပွဲတွင် ပါဝင်ခြင်း မပြုရန် ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ သဘော မတူမှုများလည်း ရှိခဲ့သည်။ နိုင်ငံတကာ အသိုင်းအဝိုင်းရှိ အချို့လူများက ယခု ရွေးကောက်ပွဲကို ရှေ့ဆက်ရန် မျှော်လင့်ချက် အဖြစ် ရှုမြင်နေကြသည်။ သို့သော် ယခု ရွေးကောက်ပွဲသည် မြန်မာ ပြည်သူများ၏ ဘဝကို တိုးတက်လာစေလိမ့်မည် မဟုတ်သည်မှာ ထင်ရှားလှသည်။ ဒီမိုကရေစီ စည်းမျဉ်းများ၊ တရားဥပဒေများ၊ လူ့အခွင့်အရေးများနှင့် ဆန့်ကျင်နေသော ယခုရွေးကောက်ပွဲတွင် ကျွန်ုပ်တို့ ပါဝင်ခြင်း မပြုနိုင်ပေ။ အဆိုပါ ပိုင်ခွင့်များ အတွက် ပြည်သူလူထု၏ အသက်ပေါင်းများစွာ စတေးထားခဲ့ရသည်။

ထို့အပြင် ကျွန်ုပ်တို့ ရွေးကောက်ပွဲတွင် ပါဝင်ခြင်း မပြုနိုင်သည့် အခြား လက်တွေ့ကျသော အကြောင်းပြချက်များလည်း ရှိပါသေးသည်။ စစ်အစိုးရသည် တိုင်းပြည် လူဦးရေ၏ ၃၀% ကျော် ရှိသော တိုင်းရင်းသား လူ့အဖွဲ့အစည်းကို ကိုယ်ပိုင် ဆုံးဖြတ်ခွင့်၊ တူညီသော ရပိုင်ခွင့်များ ပေးရန် ငြင်းဆန်နေဆဲ ဖြစ်ရာ၊ လက်ရှိ လက်နက်ကိုင် ပဋိပက္ခများ၊ ဒုက္ခသည်များနှင့် မတည်ငြိမ်မှု တိုးပွားလာခြင်းများသည် ရလဒ်များပင် ဖြစ်သည်။

တိုင်းရင်းသား အဖွဲ့များနှင့် လက်နက်ကိုင် အဖွဲ့များသည် ၎င်းတို့ တောင်းဆိုသော တိုင်းရင်းသားများ တူညီသော ပိုင်ခွင့်များ မရမခြင်း ရွေးကောက်ပွဲအား ဆန့်ကျန်နေမည် ဖြစ်သည်။ ၎င်းတို့သည် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်မှန်သော နိုင်ငံရေး ဆွေးနွေးပွဲ အမြန်ဆုံး လိုအပ်ချက်အား ထောက်ခံလျက် ရှိခြင်းကြောင့် ကျွန်ုပ်တို့သည် ၎င်းတို့၏ တောင်းဆိုမှုအား လျစ်လျူရှု ကျောခိုင်း မသွားနိုင်ပေ။

ယခု ရွေးကောက်ပွဲများသည် ယနေ့ မြန်မာနိုင်ငံတွင် ပြည်သူများ ခံစားနေရသော အလွန်အမင်း ဆင်းရဲ မွဲတေနေမှုအား ဖြေလျော့ပေးနိုင်လိမ့်မည် မဟုတ်ပေ။ စီးပွားရေးသည် စစ်အစိုးရနှင့် ၎င်းတို့၏ အခွင့်ထူးခံ လူတစ်စု၏ လက်ထဲတွင်သာ ချုပ်ကိုင်ထားပြီး၊ ပြည်သူလူထု၏ လိုအပ်ချက်ထက် ၎င်းတို့ တစ်ဦးချင်း ချမ်းသာရေးကိုသာ ဦးတည် လုပ်ဆောင်နေကြသည်။

ယခု ကျင်းပမည့် ရွေးကောက်ပွဲတွင် ကြီးမားသော အမှားများ၊ အားနည်းချက်များ ပါရှိနေသော်လည်း အာဆီယံ အဖွဲ့ကြီးက သိသိသာသာ ငြိမ်သက်နေခြင်းပင် ဖြစ်သည်။ အာဆီယံ အနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပျက်သမျှသည် ဒေသကြီး တစ်ခုလုံးကို သက်ရောက်သည် ဆိုသည့် အချက်ကို သဘောပေါက်ရမည် ဖြစ်သည်။

အာဆီယံသည် ၂၀၁၅ တွင် ပိုမို စုစည်း ညီညွတ်သော အဖွဲ့ကြီး ဖြစ်ရန် ကြိုးပမ်းလျက် ရှိသည်။ သို့သော် မြန်မာ အစိုးရ၏ ရွေးကောက်ပွဲ အစီအစဉ်ကို လက်ခံခဲ့လျှင်၊ အာဆီယံ အဖွဲ့ကြီးသည် မှားယွင်းနေသော ဒီမိုကရေစီ နည်းလမ်းများနှင့် ရပ်တည်နေသော မတည်ငြိမ်သည့် နိုင်ငံတစ်ခုနှင့် စခန်းသွားရလိမ့်မည် ဖြစ်ပြီး၊ အဖွဲ့ကြီး၏ တိုးတက်မှုကို အကန့်အသတ်များ ပြုလုပ်နေသည့် သဘောဆောင် နေလိမ့်မည် ဖြစ်သည်။

အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် Surin Pitsuwan က အာဆီယံ၏ မလှုပ်မယှက်နေခြင်း အပေါ် အာဆီယံသည် အရေးကိစ္စတိုင်း အတွက် အံ့သြဖွယ် စွမ်းဆောင်နိုင်သော ဆေးကြိမ်လုံး တစ်လက် မဟုတ်ကြောင်း လျှောက်လဲချက် ပေးခဲ့သည်။ ယင်းဆိုသကဲ့သို့ အာဆီယံသည် ဆေးကြိမ်လုံး ဖြစ်စရာ မလိုပါ။ သို့သော် ၎င်း၏ အထိန်းရခက်သော လူဆိုး အဖွဲ့ဝင် တစ်နိုင်ငံ၏ အမူအကျင့်များ အပေါ် ပထဝီ အနေအထားအရ ဗျူဟာကျသော လွှမ်းမိုးမှု ရနိုင်ရန် ပြင်ဆင်သင့်ပေသည်။

အာဆီယံသည် မြန်မာနိုင်ငံ အပေါ်တွင် အရေးကြီးသော နိုင်ငံရေးသြဇာ ရှိသည် ဖြစ်ရာ မြန်မာ အစိုးရအား အမျိုးသား ပြန်လည် ပေါင်းစည်းရေး အတွက် နောက်ဆုံးအနေဖြင့် လိုအပ်သော ခြေလှမ်းများ လှမ်းရန် ဖိအားပေးရမည် ဖြစ်သည်။ အမျိုးသား ပြန်လည် ပေါင်းစည်းရေး ဆိုရာဝယ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရေး၊ တိုင်းရင်းသားများအား တိုက်ခိုက်နေမှုများ ရပ်ဆိုင်းရေးနှင့် ဒီမိုကရေစီနှင့် တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် အားလုံး ပါဝင်သော ဆွေးနွေးမှုပြုရေးတို့ ပါဝင်သည်။ အာဆီယံ အနေဖြင့် ၎င်းတို့၏ မူဝါဒ ဖြစ်သော ဝင်ရောက် မစွက်ဖက်ရေး ဝါဒကို ဆက်လက် ဆုပ်ကိုင်မထားသင့်တော့ပေ။ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲများ နောက်ကွယ်၌ မတရား ရက်စက်ကြမ်းကြုတ်စွာ အုပ်ချုပ်မှုများ ဆက်လက် ခွင့်ပြုနေဦးမည့် သဘော ရှိနေပေသည်။

 NLD သည် မြန်မာနိုင်ငံ အတွက် အဖြေမှန် ရှာဖွေရေးကို ကတိကဝတ် ပြုထားပြီး ဖြစ်သည်။ ကျွန်ုပ်တို့ ရွေးကောက်ပွဲတွင် ပါဝင်ခြင်း မပြုရန် ဆုံးဖြတ်ခြင်းမှာ မှန်ကန်သော၊ လိုအပ်သော ဆုံးဖြတ်ချက် ဖြစ်သည်။

ကျွန်ုပ် အနေဖြင့် အာဆီယံနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအား လှိုက်လှိုက်လှဲလှဲ တောင်းဆိုလိုသည်မှာ အားလုံးက စစ်အစိုးရအား အမျိုးသား ပြန်လည် စည်းလုံးရေး အတွက် ခြေလှမ်းများ လှမ်းရေးကို တစ်လေသံတည်း ဖိအားပေးရန် ဖြစ်ပြီး၊ ထိုသို့ လုပ်ဆောင်ခြင်း မပြုပါက ရွေးကောက်ပွဲ ရလဒ်အား အသိအမှတ် ပြုလိမ့်မည် မဟုတ်ကြောင်း အသိပေး ပြောကြားပေးရန် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment