Transparency Myanmar

transparency.myanmar@gmail.com

၂၀၁၀ ပြည့်နှစ်ဒီမိုကရေစီရွေးကောက်ပွဲ လွန်ကာလတွင် မြန်မာနိုင်ငံမှ တိုင်းရင်းသား အုပ်စုများနှင့် များစွာသော ပြည်သူလူထုများ ပုန်ကန်ထကြွမှုများ ဖြစ်ပေါ်လာနိုင်ပြီး နောက်ဆုံးတွင် မြန်မာတစ်နိုင်ငံလုံး ပရမ်းပတာဖြစ်သည့် အနေအထားထဲသို့ ရောက်ရှိ သွားဖွယ်ရှိကြောင်း တိုင်းရင်းသား ခေါင်းဆောင်များနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများက ခန့်မှန်းပြောဆိုသည်။

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ကောင်စီ (NCUB) အဖွဲ့ဝင် Hkun Okker က ရွေးကောက်ပွဲလွန် ကာလ မြန်မာနိုင်ငံ၏ အခြေအနေသည် အကျပ်အတည်းများနှင့် ပြည့်နှက်နေနိုင်ကြောင်း၊ အကြောင်းမှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များသည် နှစ်အတန်ကြာ ကိုယ်ပိုင်အုပ်ချုပ်မှု တစ်ဝက် တစ်ပျက်ပုံစံဖြင့် နေထိုင်ခဲ့ရာမှ မြန်မာစစ်တပ် လက်အောက်သို့ ရောက်ရှိသွားသည် ဖြစ်ရာ ၎င်းတို့အနေဖြင့် အာဏာ ပြန်လည်ရရှိရန် ကြိုးပမ်းလာဖွယ် ရှိနေသောကြောင့် ဖြစ်ကြောင်း ပြောကြားသည်။

မြန်မာ စစ်အစိုးရက ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက် အတိအကျကို ထုတ်ဖော် ပြောဆိုမှု မရှိသေးသော်လည်း အဆိုပါ ရွေးကောက်ပွဲသည် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ကျင်းပမည့် ရွေးကောက်ပွဲ ဖြစ်လာတော့မည် ဖြစ်သည်။ ရွေးကောက်ပွဲလွန် ကာလသို့ ရောက်ရှိသွားပါက မြန်မာ စစ်တပ်အနေဖြင့် ယခင် မိမိဘာသာ ထိန်းချုပ်ခဲ့သော နယ်မြေဒေသများကို ဆက်လက် အုပ်ချုပ် နိုင်တော့မည် မဟုတ်ပေ။

"တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေက ကာကွယ်ရေး ဦးစီးချုပ် လက်ထဲကို အာဏာ လွှဲပေးဖို့ ငြင်းပယ်ကောင်း ငြင်းပယ်ပြီး အစိုးရကို တိုက်ခိုက်တာတွေ လုပ်လာနိုင်တယ်" ဟု Hkun Okker က Jakarta Post သတင်းစာတိုက်သို့ သွားရောက် လည်ပတ်စဉ် ပြောကြားသည်။

မြန်မာမိတ်ဆွေ ရောင်းရင်းများ အုပ်စု (Burma Partnership Group) မှ Coordinator ဖြစ်သူ မခင်ဥမ္မာက စစ်အစိုးရက တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ခေါင်းဆောင်များကို အာဏာ စွန့်လွှတ်လာနိုင်ရန် ကြိုးစားရာတွင် မည်သည့် မက်လုံး တစ်စုံတရာကိုမျှ ပေးမည်ဟု ကမ်းလှမ်းခြင်း မရှိကြောင်း၊ သို့အတွက်ကြောင့် ပုန်ကန်ထကြွမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ပြောကြားသည်။

တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွင် အနည်းဆုံးအင်အား ၅၅၀၀၀ ဝန်းကျင် ရှိသည်ဟု ဆိုသည်။ မြန်မာ စစ်အစိုးရ၏ စစ်တပ် အင်အားနှင့် နှိုင်းယှဉ်ပါက ပမာဏ နည်းပါးသည်။ မြန်မာ စစ်တပ်တွင် တပ်ဖွဲ့ဝင် ဦးရေ ၃၆၀၀၀၀ မှ ၅၀၀၀၀၀ အထိ ရှိသည်။

အကယ်၍ ရွေးကောက်ပွဲတွင် မရိုးသားမှုများ ရှိသည်ဟု ပြည်သူများ ထင်မှတ်လာပါက အစိုးရကို မကျေနပ်ကြောင်း စတင် ထုတ်ဖော် ပြောဆိုကောင်း ပြောဆိုလာနိုင်သည်ဟု Hkun Okker က ဆိုသည်။

"မီဒီယာတွေကလည်း ရွေးကောက်ပွဲ ရလဒ်ကို ဖိုးကပ်စ် လုပ်ပြီး ရေးသားကြမှာပဲ။ အစိုးရပေါ်ကိုလည်း ဖိအားတွေ ပေးလာကြမှာပဲ" ဟု ၎င်းက ဆိုသည်။

ရွေးကောက်ပွဲလွန် ကာလ မြန်မာနိုင်ငံ ပျက်သုဉ်းသွားမည်ကို အထူးပင် စိုးရိမ်မိကြောင်း ၎င်းက ဆိုသည်။ ယင်းသို့ ဖြစ်လာပါက အိမ်နီးချင်း နိုင်ငံများသို့လည်း အကျိုး သက်ရောက်ဖွယ် ရှိကြောင်း၊ ဥပမာ ထိုင်းနိုင်ငံဆိုလျှင် မြန်မာ ဒုက္ခသည်နှင့် အလုပ်သမား စုစုပေါင်း ၂ သန်းကျော်ခန့် ရှိသည့်နိုင်ငံ ဖြစ်ကြောင်း ရှင်းပြသည်။

ယခုအခါ မြန်မာ ရွေးကောက်ပွဲအတွက် နိုင်ငံရေး ပါတီပေါင်း ၄၀ မှတ်ပုံတင်ထားပြီ ဖြစ်သည်။ ထိုပါတီများထဲတွင် စစ်အစိုးရ ကျောထောက်နောက်ခံ ပေးမှုကို ရယူထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) လည်း ပါဝင်သည်။ ထိုကြံဖွံ့ပါတီကို ဗိုလ်ချုပ်ကြီး သိန်းစိန်က ဦးဆောင်သည်။

လက်ရှိမြန်မာနိုင်ငံတွင်း အခြေအနေများကို ကြည့်ရသည်မှာ စစ်အစိုးရထဲမှ ဗိုလ်ချုပ် အနည်းငယ်ခန့်က ပြည်သူလူထုအပေါ် စာနာ ထောက်ထားမှု ပြကြသည်ကို တွေ့ရကြောင်း Hkun Okker က ဆိုသည်။

ရွေးကောက်ပွဲကြောင့် မည်သည့် အကျိုးအမြတ်များ ထွက်ပေါ်လာနိုင်သနည်းဟု မေးမြန်းရာတွင် Hkun Okker က "စစ်အစိုးရ ထွက်သွားတဲ့ ကိစ္စမှာ အခြား ဘာအကျိုးအမြတ်မှ ဖြစ်လာဖို့ မမြင်ပါဘူး။ ဒါပေမဲ့ စေ့စပ်ညှိနှိုင်းမှုတွေ အရင်ကထက် ပိုလုပ်လာနိုင်မယ့် အခွင့်အရေးတွေ ရှိလာမယ်" ဟု ၎င်းက ဖြေကြားသည်။

ယခုအခါ ပြည်ပသို့ ရောက်ရှိနေသော ပြည်ပြေး အဖွဲ့အစည်းများက ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့် မရရှိအောင် အကွက်ဆင်ထားသည့် ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ဆော်သြလျက် ရှိကြသည်။

Jakarta Post သတင်းစာမှ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment