Transparency Myanmar

transparency.myanmar@gmail.com

BBC News, 27th May 2010

တောင်ကိုးရီးယား ရေတပ် စစ်သင်္ဘော နစ်မြှုပ်မှုနှင့် ပတ်သက်၍ တင်းမာမှုများ ကြီးထွားနေသည့် ကြားတွင် မြောက်ကိုးရီးယားက တောင်ကိုးရီးယားနှင့် ရေတပ် မတော်တဆ ပဋိပက္ခများ တားဆီးရန် ရည်ရွယ်ချုပ်ဆိုခဲ့သော သဘောတူညီချက်ကို ရုတ်သိမ်းမည်ဟု ကြေညာလိုက်သည်။

မတ်လ အတွင်း ချိုနန်သင်္ဘောကို နစ်မြှုပ်စေခဲ့သော တိုပီဒို ပစ်ခတ်မှု အတွက် ပြုံးယမ်းကို အပြစ်တင်ခဲ့သော ဆိုးလ်ကို လက်တုန့်ပြန်သည့် အနေဖြင့် လုပ်ဆောင်ခြင်း ဖြစ်သည်။

တောင်ကိုးရီးယား ရေတပ်က ရေငုပ်သင်္ဘော တိုက်ဖျက်ရေး အဓိက စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေခြင်းကြောင့် ယခု ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

မြောက်ကိုးရီးယား တိုပီဒို ကြောင့် ချိုနန် နစ်မြုပ်ခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံတကာ စုံစမ်းရေး အဖွဲ့က စစ်ဆေး တွေ့ရှိခဲ့သည်။

အဆိုပါ စွပ်စွဲမှုကို မြောက်ကိုးရီးယားက ငြင်းဆိုထားသည်။

မြောက်ကိုးရီးယား အစိုးရ သတင်းဋ္ဌာနက ကြာသပတေးနေ့တွင် ထုတ်ပြန်သော ကြေညာချက်၌ "ပင်လယ်ဝါအတွင်း မလိုလားအပ်သော ပဋိပက္ခများကို တားဆီးရန် ရည်မှန်းထားခဲ့သည့် အပြန်အလှန် သဘောတူညီချက်ကို အပြည့်အဝ ရုတ်သိမ်းမည်'' ဟု မြောက်ကိုးရီးယား စစ်တပ်က ပြောကြားခဲ့သည်။

"ယခုကိစ္စနှင့် ပတ်သက်၍ နိုင်ငံတကာ ရေပြင်လှိုင်းကို မီတာသုံး စကားပြောစက်များ အသုံးပြုခြင်းကို လုံးဝရပ်ဆိုင်းမည် ဖြစ်ပြီး အရေးပေါ် အနေအထားကို ကိုင်တွယ်ရန် ဖွင့်ထားသော ဆက်သွယ်ရေး လိုင်းကို ချက်ခြင်း ဖြတ်တောက်ပစ်မည်'' ဟု ပြုံးယမ်းက ဆတ်ဆတ်ထိ မခံ တုန့်ပြန်လိုက်သည်။

အကယ်၍ တောင်ကိုးရီးယား ရေတပ်က  အငြင်းပွား ပင်လယ်ဝါ ရေပြင် နယ်နိမိတ်မျဉ်းကို ချိုးဖောက်ခဲ့ပါက ချက်ခြင်း တိုက်ခိုက်မည် ဟု သတိပေးခဲ့ပြီး မြောက်ကိုးရီးယား ကေဆောင်ရှိ ဖက်စပ် စီးပွားရေး စီမံကိန်းသို့ ဝင်ရာ လမ်းကြောင်းကိုလည်း လုံးဝ ပိတ်ဆို့ရန် စဉ်းစားနေသည်ဟု ပြောကြားခဲ့သည်။

ယခု ကြေညာချက်သည် တင်းမာမှု ကြီးထွားနေသော မြောက်ကိုးရီးယားထံမှ နောက်ထပ် ထွက်ပေါ်လာသော " အကွက် '' တစ်ခု ဖြစ်သည်ဟု ဆိုးလ်မှ BBC သတင်းထောက် John Sudworth က ပြောကြားသည်။

ပြီးခဲ့သော အင်္ဂါနေ့က တောင်ကိုးရီးယားနှင့် ဆက်ဆံရေး အားလုံးကို ဖြတ်တောက်မည်ဟု မြောက်ကိုးရီးယားက ကြေညာခဲ့သေးသည်။

တောက်ကိုးရီးယား သင်္ဘောများနှင့် လေယာဉ်များ မြောက်ဖက် ပိုက်နက် အတွင်း ဖြတ်သန်းခြင်း မပြုရန် တားဆီးထားသော ကိစ္စကိုလည်း ကြာသပတေးနေ့က ကြေညာချက်တွင် ထပ်မံ ဖော်ပြခဲ့သည်။

မြောက်ဖက်၏ ဆောင်ရွက်ချက်များကို တောင်ကိုးရီးယားက သေချာဆုံးဖြတ် တုန့်ပြန်သွားမည် ဟု တောင်ကိုးရီးယား ကာကွယ်ရေးဋ္ဌာန အရာရှိ တစ်ဦးက ပြောကြားခဲ့ပြီး အသေးစိတ် အချက်များ မပါဝင်ဟု AP သတင်းဋ္ဌာနက ဆိုသည်။

မြောက်ကိုးရီးယားနှင့် ကုန်သွယ်ရေး ရပ်ဆိုင်းရေး အပါအဝင် ဆောင်ရွက် အစီအစဉ်များကို တောင်ကိုးရီးယားက ကြေညာခဲ့ပြီး ဖြစ်သလို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှ တဆင့် အရေးယူ ဆောင်ရွက်မည့် အစီအစဉ်ကိုလည်း ကြိုးစားလျက် ရှိသည်။

ပင်လယ်ဝါသည် ၁၉၉၉နှင့် ၂၀၀၂ ခုနှစ် များတွင် လူအသေအပျောက် ရှိသည့် ရေတပ် ပဋိပက္ခငယ်များ ဖြစ်ပွားခဲ့သော နေရာ ဖြစ်သည်။

တောင်ကိုးရီးယား စစ်ရေး လေ့ကျင့်မှု

ရေငုပ်သင်္ဘော တိုက်ဖျက်ရေး လေ့ကျင့်မှုသို့ တောင်ကိုးရီးယား စစ်သင်္ဘော ၁၀ စင်း ပါဝင် ဆင်နွှဲခဲ့ပြီးနောက် နာရီပိုင်း အကြာတွင် ပြုံးယမ်း၏ ကြာသပတေးနေ့ ကြေညာချက် ထွက်ပေါ်လာခဲ့သည်။

တောင်ကိုးရီးယား၏ စစ်ရေး လေ့ကျင့်မှုသည် ယခု ဖြစ်ရပ်ကို စစ်ရေးအရ တုန့်ပြန်မည့် သဘောထား တောင်ကိုးရီးယားတွင် ကြီးထွားလာနေခြင်းကို မြင်သာသည့် ပထမဆုံး လက္ခဏာ တစ်ခု ဖြစ်သည်ဟု BBC သတင်းထောက်က ပြောကြားသည်။

တင်းမာမှုများ လျှင်မြန်စွာ ကြီးထွားလာခြင်း နှင့် အတူ ကုန်သွယ်ရေးနှင့် သင်္ဘောများ အားလုံးကို ပိတ်ဆို့ အရေးယူသည့် တောင်ကိုးရီးယား၏ ကြေညာချက်ကို မြောက်ကိုးရီးယားက စိတ်ဆိုးမာန်ဆိုး ပြန်လည် တုန့်ပြန်သည်။

ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုခဲ့ခြင်း မရှိဘဲ ၁၉၅၃ ခုနှစ်က ပြီးဆုံးခဲ့သည့် ကိုးရီးယား စစ်ပွဲ အပြီးတွင် တောင်နှင့် မြောက်ကိုးရီးယား နှစ်နိုင်ငံမှာ အမြဲတမ်းပင် စစ်ငွေ့သန်းနေခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment