Transparency Myanmar

transparency.myanmar@gmail.com

သုံးနိုင်ငံ လွတ်လပ်စွာ ကုန်သယ်မှု ပဋိညာဉ် ချုပ်ဆိုနိုင်ရေးအတွက် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်နှင့် လေ့လာသုတေသန ပြုမှုများကို အရှိန်မြှင့်တင် လုပ်ကိုင်သွားရန် တောင်ကိုရီးယား၊ ဂျပန်နှင့် တရုတ်နိုင်ငံတို့ သဘောတူညီမှု ရရှိလိုက်ပြီ ဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံ အပန်းဖြေစခန်း ဖြစ်သော ဂျေဂျူးကျွန်းတွင် သမ္မတ Lee Myung-Bak ၊ ဂျပန်ဝန်ကြီးချုပ် Yukio Hatoyama နှင့် တရုတ် ဝန်ကြီးချုပ် ဝမ်ကျားပေါင်တို့ ထိပ်သီး ဆွေးနွေးပွဲ ပြုလုပ်ပြီးနောက် အထက်ပါ သတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

"တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား သုံးနိုင်ငံအကြား လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက် ထွက်ပေါ်ရေးအတွက် လေ့လာ သုတေသနပြုမှုများကို လာမည့် ၂၀၁၂ ခုနှစ်မှ စ၍ ကျွန်ုပ်တို့ ကြိုးပမ်း အကောင်အထည် ဖော်သွားမည် ဖြစ်သည်" ဟု သုံးနိုင်ငံ ပူးတွဲ ထုတ်ပြန်သော ကြေညာချက်၌ ခေါင်းဆောင်များက ဆိုသည်။

အဆိုပါ သုံးနိုင်ငံသည် ဒေသတွင်း စီးပွားရေး အကျိုးတူ ပူးပေါင်း ဆောင်ရွက်သည့် အုပ်စုတစ်ခု ပေါ်ပေါက်ရန် ရည်ရွယ်ထားသည့် လွတ်လပ်စွာ ကုန်သွယ်မှု ပဋိညာဉ်တစ်ရပ် ချုပ်ဆိုရေးအတွက် လိုအပ်သော သုတေသန ပြုမှုများကို ပူးပေါင်း လုပ်ကိုင်ရန် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်တွင် ပြုလုပ်သော ထိပ်သီးဆွေးနွေးပွဲ၌ စတင် သဘောတူခဲ့ကြသည်။

မေလ နောက်ဆုံးပတ် မတိုင်ခင်က ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယား ကုန်သွယ်ရေး ဝန်ကြီး သုံးဦးက လာမည့် နှစ်နှစ်အတွင်း ဖြစ်နိုင်ခြေ ရှိသော သုတေသနပြုမှုများ လုပ်ကိုင်သွားမည်ဟု အတည်ပြု ပြောဆိုခဲ့ကြသည်။ သုံးနိုင်ငံ လွတ်လပ်စွာ ကုန်သွယ်မှု အုပ်စုတစ်ခု ပေါ်ပေါက်ရေးအတွက်
ဖန်တီးသွားမည်ဟုလည်း ဆိုသည်။

ယခုနှစ် ထိပ်သီး ဆွေးနွေးပွဲတွင် သုံးနိုင်ငံ ခေါင်းဆောင်များက လာမည့် နှစ်အတွင်း တောင်ကိုရီးယား နိုင်ငံ၌ ကုန်သွယ်မှု ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ အထွေထွေ အတွင်းရေးမှူးရုံး ထူထောင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ သဘောတူညီချက်များ အဆောတလျင် အဆုံးသတ်ရေး အတွက်လည်း တိုက်တွန်း ပြောဆိုခဲ့ကြသည်။

တောင်ကိုရီးယားသည် ဂျပန်၊ တရုတ်တို့နှင့် ကုန်သွယ်ရေးအတွက် ဆွေးနွေး ပြောဆိုရာတွင် နှစ်အတန်ကြာ တသီးတခြား ဖြစ်နေခဲ့သည်။ သို့သော် ယခုအခါ တိုးတက်မှု အနည်းငယ် ရှိလာပြီ ဖြစ်သည်။

လွတ်လပ်စွာ ကုန်သွယ်မှုအတွက် ပြီးပြည့်စုံသော စေ့စပ်ညှိနှိုင်းမှု မစတင်မီ လယ်ယာ စိုက်ပျိုးရေးကဲ့သို့ အကဲဆတ်သည့် အခန်းကဏ္ဍများအပေါ် ပဏာမ ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်ရန် တောင်ကိုရီးယားနှင့် တရုတ်တို့ သဘောတူညီခဲ့ကြသည်။

တရုတ်သည် တောင်ကိုရီးယား၏ အကြီးဆုံးသော ကုန်သွယ်ရေး မိတ်ဘက်နိုင်ငံ ဖြစ်လာသည်။ ၂၀၀၉ ခုနှစ်တွင် တရုတ်နိုင်ငံ၏ တောင်ကိုရီးယားသို့ ကုန်ပစ္စည်း တင်ပို့မှုသည်  စုစုပေါင်း ပြည်ပတင်ပို့မှု၏ ၂၄ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့သည်။

တောင်ကိုရီးယားသည် ကုန်ပစ္စည်း တင်ပို့မှု အားပြုသော စီးပွားရေးတစ်ရပ် ထွက်ပေါ်လာရေးအတွက် လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီမှုများ ရရှိအောင် တက်တက်ကြွကြွဖြင့် ကြိုးပမ်းလျက် ရှိသည်။

တောင်ကိုရီးယားသည် ချီလီ၊ စင်ကာပူ၊ အိန္ဒိယ၊ ဥရောပ လွတ်လပ်စွာ ကုန်သွယ်မှု အဖွဲ့၊ အရှေ့တောင် အာရှနိုင်ငံများ အဖွဲ့တို့နှင့်လည်း ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်များ ရရှိခဲ့ပြီး ဖြစ်သည်။

AFP သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment