Transparency Myanmar

transparency.myanmar@gmail.com

ထိုင်းနိုင်ငံတွင် အစိုးရ အာဏာပိုင်များက ဘန်ကောက် အပါအဝင် ပြည်နယ်ပေါင်း ၂၃ ခုတွင် ထုတ်ပြန်ထားသော ကာဖျူး (သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရ) အမိန့်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ ဘန်ကောက် မြို့တော်တွင် ရှပ်နီ ဆန္ဒပြ အုပ်စုများနှင့် စစ်တပ်အကြား မြို့တွင်း တိုက်ခိုက်မှုများ ဖြစ်ပွားပြီး ၁၀ ရက် အကြာတွင် ယင်း ကာဖျူးအမိန့်ကို အစိုးရက ရုပ်သိမ်းလိုက်ခြင်း ဖြစ်သည်။

လက်ရှိအခြေအနေမှာ ကောင်းစွာ ထိန်းချုပ်နိုင်ပြီ ဖြစ်ရာ ကာဖျူးအမိန့်ကို ဆက်လက် တိုးမြှင့်ရန် မလိုအပ်တော့ကြောင်း ဝန်ကြီးချုပ် အဘီဇစ် ဝိဇ္ဇာဝီရက ပြောကြားသည်။ သို့သော် လပေါင်းများစွာ ဆန္ဒပြမှုများ ဖြစ်ပေါ်စဉ်အတွင်း ထုတ်ပြန်ခဲ့သော နိုင်ငံတော် အရေးအပေါ် အခြေအနေ ကြေညာချက်ကို ဆက်လက် ထားရှိဦးမည် ဖြစ်သည်ဟု ၎င်းက ဆိုသည်။

မတ်လ ၁၄ ရက်နေ့က စတင်ခဲ့သော နိုင်ငံရေး လိပ်ခဲတည်းလည်း ဖြစ်မှုတွင် လူပေါင်း ၈၀ သေဆုံးခဲ့သည်။ ရှပ်နီ ဆန္ဒပြ အုပ်စုများက ဘန်ကောက်မြို့၏ အချက်အခြာကျသော နေရာများကို စီးနင်းကာ ဝန်ကြီးချုပ် အဘီဇစ် အစိုးရနှင့် ပါလီမန် ဖျက်သိမ်းရေးကို တောင်းဆိုခဲ့ကြရာမှ ထိုင်းနိုင်ငံရေး တင်းမာမှုမှာ အဆိုးဆုံး အခြေအနေသို့ ရောက်ရှိခဲ့သည်။ ရှပ်နီ ဆန္ဒပြသမားများ စီးနင်းမှုကြောင့် ဘန်ကောက်မြို့မှ ဟိုတယ်များနှင့် ဈေးဆိုင်များ ပိတ်ပင်ထားခဲ့ရသည်။

နိုင်ငံရေး လိပ်ခဲတည်းလည်း ဖြစ်မှုကို စေ့စပ်ညှိနှိုင်းမှုဖြင့် ဖြေရှင်းရန် ကြိုးစားခဲ့ကြသော်လည်း မေလ ၁၉ ရက်နေ့တွင် ပျက်ပြယ်ခဲ့သည်။ ထို့နောက် ရက်ပေါင်း ခြောက်ရက် တိတိထိုင်းစစ်တပ်နှင့် ဆန္ဒပြအုပ်စုများ အကြား အပြန်အလှန် တိုက်ခိုက်ကြသည်။ နောက်ဆုံးတွင် ဆန္ဒပြအုပ်စုများ ပြုလုပ်ထားသည့် အတားအဆီးများကို စစ်တပ်က အင်အားသုံး ဖယ်ရှားလိုက်ရာမှ လူစုကွဲကာ ပြီးဆုံးသွားသည်။

အဆိုပါ ဖြစ်ရပ်ကြောင့် ဘန်ကောက်ရှိ အထင်ကရ အဆောက်အအုံများ၊ ဈေးဆိုင်များ၊ ဘဏ်များ မီးရှို့ ဖျက်ဆီးခံရသည်။ စစ်တပ်က အင်အားသုံး ဝင်ရောက်သောကြောင့် သဘောထား တင်းမာသူ ဆန္ဒပြအုပ်စုများက မီးရှို့ ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။ ပျက်ဆီးသွားသော အဆောက်အအုံ များထဲတွင် ဘန်ကောက်၏ အကြီးဆုံး ရှော့ပင်းစင်တာ ဖြစ်သော Central World လည်း ပါဝင်သွားသည်။

"ကာဖျူးကို ကျွန်တော်တို့ ထပ်တိုးဖို့ မလိုတော့ပါဘူး၊ အခြေအနေ အားလုံးကို ထိန်းချုပ်နိုင်ပါပြီ" ဟု ဝန်ကြီးချုပ်က သတင်းစာဆရာများကို ပြောကြားသည်။

BBC သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment