Transparency Myanmar

transparency.myanmar@gmail.com

တောင်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံအကြား ဖြစ်ပွားလျက် ရှိသော တင်းမာမှုများ ထပ်မံ မြင့်မားလာမည်ကို အလွန်အမင်း စိုးရိမ်လျက် ရှိကြောင်း ရုရှားနိုင်ငံက ထုတ်ဖော် ပြောဆိုလိုက်သည်။

အကယ်၍ တောင်ကိုရီးယား နိုင်ငံကသာ ရေပိုင်နက် ကိစ္စနှင့် ပတ်သက်၍ အငြင်းပွားနေသော နယ်စပ် ဒေသအနီး အစီအစဉ် ဆွဲထားပြီးသည့် အတိုင်း စစ်ရေး လေ့ကျင့်မှုများ ဆက်လက် ပြုလုပ်မည် ဆိုပါက စစ်ရေးဖြင့် တုံ့ပြန်သွားမည် ဖြစ်ကြောင်း ပြုံယမ်း အစိုးရက ခြိမ်းခြောက် ပြောဆိုထားသည်။

ပြီးခဲ့သည့် နိုဝင်လာလအတွင်း မြောက်ကိုရီးယား နိုင်ငံက တောင်ကိုရီးယား ကျွန်းတစ်ခုသို့ အမြောက်များဖြင့် ပစ်ခတ် တိုက်ခိုက် ခဲ့ရာ လူလေးဦး သေဆုံးခဲ့ရသည်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ကိုရီးယား ကျွန်းဆွယ် အခြေအနေနှင့် ပတ်သက်၍ ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်ရန် စီစဉ်လျက် ရှိသည်။  ကုလသမဂ္ဂ ဆိုင်ရာ ရုရှား သံအမတ်ကြီး Vitaly Churkin က ကိုရီးယား ကျွန်းဆွယ် ဒေသ တင်းမာမှုများ ဆက်လက် မြင့်တက်လာမည်ကို ရုရှားနိုင်ငံ အနေဖြင့် လွန်စွာ စိုးရိမ်မကင်း ဖြစ်မိကြောင်း ထုတ်ဖော် ပြောဆိုသည်။

"လုံခြုံရေး ကောင်စီ အနေနဲ့ အခြေအနေ ပြန်လည် ထိန်းချုပ်နိုင်စေမယ့် အချက်ပြမှုမျိုး မဖြစ်မနေ ပြသပြီး နှစ်နိုင်ငံအကြား ဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေကို သံတမန် နည်းလမ်းနဲ့ အကူအညီ ပေးရပါမယ်" ဟု ၎င်းက ဆိုသည်။

ယမ်းပုံမီးကျ ဖြစ်မှု

တောင်ကိုရီးယား နိုင်ငံ အနေဖြင့် Yeonpyeong ကျွန်းပေါ်တွင် လက်နက်များဖြင့် အမှန်တကယ် ပစ်ခတ်မှု ပါဝင်သည့် စစ်ရေး လေ့ကျင့်မှု ပြုလုပ်ရန် စီစဉ်ထားမှုကို ဖျက်သိမ်းရန် ရုရှားနိုင်ငံက တိုက်တွန်းခဲ့သည်။

တောင်ကိုရီးယားက အဆိုပါ လေ့ကျင့်မှုကို ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ပြုလုပ်သွားမည် ဖြစ်သည်ဟု ထုတ်ပြန် ကြေညာထားသည်။ ထိုစစ်ရေး လေ့ကျင့်မှုသည် နိုင်ငံတော် ကာကွယ်ရေး သဘောမျိုးသာ ဖြစ်ပြီး စစ်ရေးအရ ခြိမ်းခြောက်မှု အဖြစ် မရှုမြင်သင့်ကြောင်း တောင်ကိုရီးယားက ဆိုသည်။

သို့သော် အဆိုပါ လေ့ကျင့်မှုကို ပြုလုပ်မည်ဆိုပါက တောင်ကိုရီးယား နိုင်ငံအနေဖြင့် ယမ်းပုံ မီးကျမှုကြီးဖြင့် ရင်ဆိုင်ရမည် ဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုသည်။ တရုတ် နိုင်ငံကလည်း ကိုရီးယား ကျွန်းဆွယ်တွင် ဖြစ်ပေါ်နေသော တင်းမာမှုများ အပေါ် လွန်စွာ စိုးရိမ်မိကြောင်း ထုတ်ဖော် ပြောဆိုထားသည်။

မြောက်ကိုရီးယားသို့ တရားဝင် မဟုတ်သည့် ခရီးစဉ်ဖြင့် ရောက်ရှိနေသော အမေရိကန် သံတမန် Bill Richardson က ကိုရီးယားကျွန်းဆွယ် အခြေအနေသည် ပေါက်ကွဲ လုမတတ် ဖြစ်နေကြောင်း သတိပေး ပြောဆိုသည်။ မြောက်ကိုရီးယား မြို့တော် ပြုံယမ်းတွင် ကွန်မြူနစ် အစိုးရ အရာရှိကြီးများနှင့် တွေ့ဆုံပြီးနောက် ၎င်းက အထက်ပါ အတိုင်း သုံးသပ် ပြောဆိုခြင်း ဖြစ်သည်။ မြောက်ကိုရီးယား အာဏာပိုင်များ အနေဖြင့် အခြေအနေကို အလွန်အမင်း ပြန်လည် ထိန်းချုပ်ရန် လိုအပ်သည်ဟု ၎င်းက တိုက်တွန်း ပြောဆိုခဲ့သည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment