Transparency Myanmar

transparency.myanmar@gmail.com

မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နေအိမ် အကျယ်ချုပ် ဖမ်းဆီး ထိန်းသိမ်း ခံထားရမှုမှ လွတ်မြောက်မည် ဆိုပါက ယခု နှစ်အတွင်း ကျင်းပမည့် ရွေးကောက်ပွဲသို့ လွတ်လပ်စွာ ဝင်ရောက် ယှဉ်ပြိုင်နိုင်မည် ဖြစ်သည်ဟု မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းက ဂျပန် နိုင်ငံခြားရေး ဝန်ကြီးကို ပြောကြားခဲ့ကြောင်း သိရှိရသည်။

ဦးဉာဏ်ဝင်းက မြောက်ကိုရီးယား၏ နျူကလီယာ ဖွံ့ဖြိုးရေး အစီအစဉ်များသည် လက်ခံ နိုင်ဖွယ်ရာ မရှိဟုလည်း ဂျပန် နိုင်ငံခြားရေး ဝန်ကြီး Katsuya Okada ကို ပြောဆိုခဲ့သည်ဟု Jiji သတင်း ဌာနက ဖော်ပြသည်။

ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ယခု ရက်သတ္တပတ်တွင်း ကျင်းပ ပြုလုပ်သော ဒေသတွင်း လုံခြုံရေး ဖိုရမ်၌ ဦးဉာဏ်ဝင်းသည် ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး အရှေ့တောင် အာရှနိုင်ငံ ခေါင်းဆောင်များ၏ အာရုံစိုက် ဝေဖန်မှု များစွာ ခံခဲ့ရသည်။

မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ရွေးကောက်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရရှိအောင် ပိတ်ပင်ခြင်းထားခြင်း မရှိကြောင်း ဦးဉာဏ်ဝင်းက ပြောဆိုသည်။ မြန်မာ စစ်အစိုးရက လတ်တလော ထုတ်ပြန်ထားသော ရွေးကောက်ပွဲ ဥပဒေအရ ဖမ်းဆီး အကျဉ်းချ ခံခဲ့ဖူးသူ သို့မဟုတ် အကျဉ်းချ ခံထားရသူများနှင့် နိုင်ငံခြားသားနှင့် လက်ထပ် ထိမ်းမြားခဲ့ဖူးသူများ အနေဖြင့် ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရှိပေရာ ဒေါ်အောင်ဆန်းစုကြည် ကိစ္စနှင့် ပတ်သက်၍ ဦးဉာဏ်ဝင်း၏ သုံးသပ် ပြောဆိုမှုမှာ ရယ်စရာ ကောင်းနေသည်။

အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နှစ် သြဂုတ်လမှ စ၍ နေအိမ် အကျယ်ချုပ် ၁၈ လ ပြစ်ဒဏ် ကျခံနေရသည်။ အကြောင်းမှာ အမေရိကန် နိုင်ငံသား ဂျွန်ယက်တောဆိုသူက သူမ၏ နေအိမ်သို့ ခိုးဝှက် ဝင်ရောက်မှုကို လက်ခံ တွေ့ဆုံခဲ့သောကြောင့် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လာမည့် နိုဝင်ဘာလ မတိုင်ခင်အထိ နေအိမ် အကျယ်ချုပ် ပြစ်ဒဏ် ကျခံနေရဦးမည် ဖြစ်သည်။

အရှေ့တောင် အာရှ နိုင်ငံများ အဖွဲ့ (အာဆီယံ) အကြီးအကဲ ဆူရင်ပစ်ဆာဝမ်၏ အဆိုအရ မြန်မာနိုင်ငံတွင်း လွတ်လပ်ပြီး တရားမျှတမှု ရှိသော ရွေးကောက်ပွဲ ကျင်းပနိုင်ရေးနှင့် ပတ်သက်၍ ဒေသတွင်း နိုင်ငံခြားရေး ဝန်ကြီးများက မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းကို နားလျှံ ထွက်အောင် တိုက်တွန်း ပြောဆိုခဲ့ကြကြောင်း သိရသည်။

အာဆီယံ ဒေသတွင်း လုံခြုံရေး ဖိုရမ်သို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်လည်း တက်ရောက် ဆွေးနွေးခဲ့ရာ မြန်မာနိုင်ငံ၏ နျူကလီယာ ရည်မှန်းချက်ဆိုင်ရာ စွပ်စွဲ ပြောဆိုချက်များ၊ သတင်း ပေးပို့ချက်များ ဖိုရမ် အာဂျင်ဒါတွင် ပါဝင်မည်ဟု ထင်ကြေးပေး ပြောဆိုခဲ့ကြသည်။

မြန်မာနိုင်ငံတွင်း နျူကလီယာ အစီအစဉ်များ လုပ်ဆောင်နေမှုများ၊ မြောက်ကိုရီးယားမှ စစ်လက်နက် တင်ပို့မှုများနှင့် သက်သေ အထောက်အထားများကို DVB သတင်းဌာနက စုံစမ်း ဖော်ထုတ်ခဲ့မှု အပေါ် စိုးရိမ်မိကြောင်း အမေရိကန် အစိုးရက သဘောထား ထုတ်ပြန်ထားသည်။

မြောက်ကိုရီးယားသည် မြန်မာနိုင်ငံတွင် စစ်ဘက်သုံး လိုဏ်ခေါင်းများ၊ ဘန်ကာများ တည်ဆောက်ရာတွင် အကူအညီ ပေးနေဖွယ် ရှိသည်ဟု ယုံကြည်ရသည်။ ထို့ပြင် မြောက်ကိုရီးယားလုပ် ရော့ကက် မျိုးစုံ ပစ်လွှတ်နိုင်သည့် စနစ်များကိုလည်း မြန်မာနိုင်ငံ မြောက်ပိုင်း ဒေသများတွင် တပ်ဆင်ထားသည်ကို တွေ့မြင်ရသည်။

DVB သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment