Transparency Myanmar

transparency.myanmar@gmail.com

IPS, By Marwaan Macan-Marker, 21st July 2010

စစ်ဖက် အုပ်ချုပ်သော မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာ အနုမြူ စွမ်းအင် အေဂျင်စီ IAEA ၏စစ်ဆေး စုံစမ်းမှုမှ လွတ်ကင်းကာ လျှို့ဝှက်မှု ဇာခန်းစီး နောက်ကွယ်တွင် နျူကလီယာ အစီအစဉ်ကို လုပ်ဆောင်ရန် ရည်ရွယ်ချက်ကို သိသိကြီးနှင့် ကောင်းစွာ လုပ်ဆောင် နေနိုင်သည်မှာ နျူကလီယာ လက်နက် ပြန့်ပွားမှုကို ထိန်းချုပ်သည်။ နိုင်ငံတကာ စနစ်အတွင်းမှ ဟာကွက် ဂယ်ပေါက်ကို ကျေးဇူးတင်ရမည်။

၁၉၉၅ ဧပြီလတွင် IAEA နှင့် လက်မှတ် ရေးထိုးခဲ့သော ပဋိဥာဉ် စည်းကမ်း အနည်းငယ်၏ အောက်တွင် အရှေ့တောင်အာရှ မြန်မာနိုင်ငံ ယခုလို လုပ်ဆောင်နိုင်သည်မှာ အထူး အခွင့်အရေး တစ်ခုပင် ဖြစ်သည်။ မြန်မာနိုင်ငံသည် ထိုသို့ လက်မှတ်ထိုးပြီး ၃ နှစ် အကြာတွင် နျူကလီယာ မပြန့်ပွားရေး စာချုပ် NPT အဖွဲ့ဝင် ဖြစ်လာခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ နျူကလီယာ မပြန့်ပွားရေး စနစ်တည်ဆောက်ရန် ကြိုးစားသည့် စာချုပ် အဖွဲ့ဝင် နိုင်ငံများအား အဆိုပါ ပဋိဥာဉ်က သဘာဝ ယူရေနီယံ ၁၀ တန်နှင့် ပလူတိုနီယံ ၂.၂ ပေါင် အထိ IAEA ကို အကြောင်း ကြားရန် မလိုပဲ လက်ဝယ် ထားခွင့် ပြုထားသည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံ ကဲ့သို့သော နိုင်ငံများ အနေဖြင့် IAEA စစ်ဆေးရေး အဖွဲ့များကို တံခါးဖွင့် ပေးစရာ မလိုအပ်သလို စတင် လည်ပတ်ရန် ၆လ အလို အထိ နျူကလီယာ စက်ရုံသစ်များနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ထုတ်ဖော် ပြောကြားခြင်းအား ရှောင်ရှားနိုင်ကြသည်။

တိုင်းပြည် တစ်ခုအတွင်း နျူကလီယာ လှုပ်ရှားမှုကို စုံစမ်းစစ်ဆေးရန် IAEA ကို အခွင့်အာဏာ ပိုမို ပေးအပ်ထားသည့် NPT စာချုပ် နောက်တိုး ပဋိဥာဉ်တွင် အဖွဲ့ဝင် ဖြစ်လာခြင်းဖြင့် လူပြောများနေသော နျူကလီယာ အစီအစဉ်များကို သံသယ ကင်းအောင် ရှင်းလင်းရန် မြန်မာနိုင်ငံအား ယခင် IAEA ဒါရိုက်တာက အဘယ်ကြောင့် တိုက်တွန်းနေသည် ဆိုခြင်းမှာ အံ့သြစရာ မရှိလှပါ။

"တကယ်လို့ သူတို့မှာ ဖုံးထားစရာ မရှိရင် ဆုံးရှုံးစရာလည်း မရှိပါဘူး။ ဒီ ပဋိဥာဉ်က အဖွဲ့ဝင် ဖြစ်ချင်တဲ့ နိုင်ငံတွေ ကိုယ့်ဆန္ဒအလျှောက် စာရင်းပေးလို့ ရပါတယ်။ ချဒ်နိုင်ငံဟာ နောက်တိုး ပဋိဥာဉ်ရဲ့ နံပါတ်စဉ် ၁၀၀ မြောက် အဖွဲ့ဝင် မကြာခင်ကပဲ ဖြစ်လာခဲ့ပါတယ်'' ဟု မကြာသေးမီက အနားယူခဲ့သည့် IAEA ဒါရိုက်တာ Robert Kelly က သီးသန့် အင်တာဗျူး တစ်ခုတွင် IPS သို့ ပြောကြားခဲ့သည်။

"NPT ကို ပေးထားတဲ့ ကတိကို ချိုးဖောက်တယ် ဆိုတာကို ငြင်းဆန်နေခဲ့ပြီးမှ နောက်တိုး ပဋိဥာဉ် အဖွဲ့ဝင် ဖြစ်ဖို့ ကိစ္စမှာ မြန်မာနိုင်ငံ ငြိမ်နေတာဟာ သိပ်ကို ထူးဆန်းပါတယ်။ သိပ်ကို သံသယ ဖြစ်စရာ ကောင်းပါတယ်။ ၁၉၉၅ ပဋိဥာဉ် အနည်းငယ်ထဲက ဟာကွက်ကို သူတို့ အသုံးချပြီး လွတ်မြောက်သွားတာပါ'' ဟု နျူကလီယာ အင်ဂျင်နီယာ Robert Kelly က ဗီယက်နမ်မှ တယ်လီဖုန်းဖြင့် ဖြေကြားသည်။

အီရတ်၊ လစ်ဗျား၊ တောင်အာဖရိက တို့မှ IAEA နျူကလီယာ လက်နက် စုံစမ်း စစ်ဆေးမှုများတွင် ပါဝင်ခဲ့သူ အမေရိကန် နိုင်ငံသား Kelly သည် အရှေ့တောင် အာရှတွင် မြန်မာနိုင်ငံ ပထမဆုံး နျူကလီယာ ပါဝါ ဖြစ်လာရန် ကြိုးစားနေကြောင်း သတင်းများ ထွက်ပေါ်လာစေသည့် ပြဿနာ အတွင်းသို့ ဆွဲသွင်း ခံလိုက်ရခြင်း ဖြစ်သည်။ မြန်မာအစိုးရ၏ နျူကလီယာ ရည်မှန်းချက်များကို ဖော်ထုတ်ခဲ့သော နော်ဝေးနိုင်ငံ အော်စလို အခြေစိုက် DVB သတင်းဋ္ဌာနမှ ရရှိလာသော အထောက်အထား အချက်အလက်များကို Kelly က ဇွန်လအတွင်း၌ "လွတ်လပ်သော အကဲဖြတ်ချက်'' ပြုလုပ်ပေးခဲ့ခြင်း ဖြစ်သည်။

ဓာတုပစ္စည်း သုံး၍ ယူရေနီယမ် သန့်စင်သော ကရိယာနှင့် သက်ဆိုင်သော အချက်အလက်များ အပါအဝင် DVB မှ ရရှိသော အထောက်အထားများကို သုံးသပ်ခဲ့သော Kelly က "နျူကလီယာ လက်နက် အစီအစဉ် တည်ဆောက်ဖို့ ရည်ရွယ်တဲ့ ဆောင်ရွက်ချက်တွေ ပြုလုပ်နေတဲ့ နေရာ ရှိနေတဲ့ အချက်က ရှင်းလင်းတဲ့ အထောက်အထား တစ်ခုပါ'' ဟု ပြောကြားခဲ့သော်လည်း လက်နက် အစီအစဉ် ပြုလုပ် နေသည့် လက္ခဏာ မရှိသေးဟုလည်း ဆိုသည်။

DVB ဖော်ထုတ်လိုက်သော မြန်မာနိုင်ငံ၏ နျူကလီယာ ရည်မှန်းချက်ကို အမေရိကန် ထောက်လှမ်းရေး စည်းဝိုင်းကလည်း အတည်ပြုခဲ့သည်ဟု Kelly က ပြောကြားသည်။ "ဒီသတင်းက သူတို့ အတွက်တော့ အထူးအဆန်း မဟုတ်ပါဘူး။ ဒီအဆောက်အဦးတွေကို သူတို့ သိထားတာ အနည်းဆုံး ၅ နှစ်လောက် ရှိပါပြီ" ဟု လည်း ၎င်းက ဆိုသည်။

တပ်ဖွဲ့ဝင် အင်အား ၄ သိန်းခွဲကို အသုံးပြု၍ တိုင်းပြည်ကို တင်းကြပ်စွာ အုပ်ချုပ်နေသော မြန်မာ စစ်ဖက် အစိုးရတွင် ကြီးမားသော ရည်မှန်းချက်များ ရှိနေကြောင်း မြန်မာ့ အရေး အကဲခတ် လေ့လာသူများ ဆယ်စုနှစ် တစ်စု နီးပါး သံသယ ရှိခဲ့ခြင်းကို DVB သတင်း အစီရင်ခံစာက အတည်ပြုနိုင်ခဲ့ပြီ ဖြစ်သည်။ ၎င်းတို့၏ သံသယ ဖြစ်ဖွယ် နျူကလီယာ လမ်းကြောင်းသည် အမှန်တကယ်တွင် အခြား တိုင်းပြည်များစွာကို ဖြတ်လမ်းမှ ကျော်တက်ခြင်းပင် ဖြစ်သည်။

မြန်မာအစိုးရ၏ လျှို့ဝှက် နျူကလီယာ စီမံချက် ၂နေရာတွင် အလုပ်လုပ် ပေးနေသော ပါကစ္စတန် နျူကလီယာ သိပ္ပံ ပညာရှင် ၂ ဦး ဖြစ်သည့် ဆူလေမန် အာဆတ်နှင့် မိုဟာမက်မွတ်တား တို့နှင့် ပတ်သက်သည့် သတင်းများမှာ ၂၀၀၂ အစောပိုင်းကပင် ပေါ်ထွက်ခဲ့ပြီ ဖြစ်သည်။

၂၀၀၇ တွင် ရေဒီယို အိုင်ဆိုတုပ် ထုတ်လုပ်ရေး၊ ဆီလီကွန် သုံးစွဲနည်း စနစ်နှင့် နျူကလီယာ စွန့်ပစ် ပစ္စည်း သိမ်းဆည်း သိုလှောင်ရေး ဆိုင်ရာ စက်ရုံ၊ အလုပ်ရုံများ အပါအဝင် နျူကလီယာ သုတေသန စင်တာ တည်ဆောက်ရန် သဘောတူညီချက်ကို မြန်မာနှင့် ရုရှားတို့ လက်မှတ် ရေးထိုးခဲ့သည်။ ၂၀၀၁တွင် မြန်မာ သိပ္ပံပညာရှင်နှင့် နည်းပညာရှင် ၁၀၀၀ နီးပါးကို ရုရှားတွင် လက်ခံကာ နျူကလီယာ သင်တန်းပေးခဲ့ခြင်းကို အခြေခံ၍ ရုရှား အနုမြူ စွမ်းအင် အေဂျင်စီ Rosatom နှင့် အဆိုပါ သဘော တူညီချက် ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနှင့် မြောက်ကိုးရီးယား အကြား နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်မှု လက္ခဏာများမှာလည်း ပြီးခဲ့သေည ဆယ်စုနှစ် အတွင်း ထွက်ပေါ်ခဲ့ပြီး ၂၀၀၇ တွင် ၂ နိုင်ငံ သံတမန် ဆက်ဆံရေးကို ပြန်လည် ထူထောင်ခဲ့ကြသည်။

ပြုံးယမ်းသည် ၎င်း၏ နျူကလီယာ လက်နက် အစီအစဉ်များကြောင့် နိုင်ငံတကာ ဖိအားနှင့် ကုလသမဂ္ဂ အရေးယူ ပိတ်ဆို့မှုများကို ရင်ဆိုင်နေရသည့် ကြားမှပင် မြန်မာနိုင်ငံနှင့် အထက်ပါ သဘောတူညီချက်များနှင့် မြန်မာ စစ်ဖက် ထိပ်တန်း ဗိုလ်ချုပ်ကြီး တစ်ဦး၏ ၂၀၀၈ ခုနှစ် နျူကလီယာ လေ့လာရေး ခရီးစဉ်များ ထွက်ပေါ်လာနေခြင်း ဖြစ်သည်။

ဂျာမနီနှင့် စင်ကာပူ တို့သည်ပင် မြန်မာ နျူကလီယာ စွတ်ကြောင်းတွင် ၎င်းတို့ ကိုယ်တိုင် စာရင်းဝင်နေသည်ကို တွေ့ရှိခဲ့ကြသည်။ "ဂျာမန် ကုမ္ပဏီက သူ့ရဲ့ စင်ကာပူ ကုမ္ပဏီခွဲကနေ တဆင့် မြန်မာနိုင်ငံရဲ့ လက်ရှိ နျူကလီယာ အစီအစဉ် အတွက် ပစ္စည်း ကိရိယာ ရောင်းပေးခဲ့တာပါ၊ ဓာတုဒြပ်ပေါင်း ပြုလုပ်ဖို့အတွက် ဆိုရင် သိပ်ကောင်းတဲ့ စက်ကိရိယာတွေပါ'' ဟု Kelly က ပြောကြားသည်။

IAEA ၏ နှစ်ပတ်လည် အထွေထွေ ညီလာခံသို့ မြန်မာနိုင်ငံ တက်ရောက်နေချိန်က အဆိုပါ အသေးစိတ် သတင်းများ သဲလွန်စ မရသေးပါ။ ပြီးခဲ့သော စက်တင်ဘာလ အစည်းအဝေးကို တက်ရောက်ခဲ့သော မြန်မာ ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် တင်ဝင်းက "နျူကလီယာ လက်နက် ကင်းစင်သည့် ကမ္ဘာကြီး ဖြစ်စေလိုသည့် NPT ၏ ရည်ရွယ်ချက်များကို မြန်မာနိုင်ငံက အားပေး ထောက်ခံကြောင်း'' ပြောဆိုခဲ့သည်။

"မြန်မာနိုင်ငံမှာ လက်ရှိ အချိန်အထိ အဓိက နျူကလီယာ အဆောက်အဦးတွေ မရှိပါဘူး၊ ကမ္ဘာကြီး ငြိမ်းချမ်းဖို့၊ လုံခြုံဖို့ အတွက် ဆိုရင် နိုင်ငံတွေဟာ သူတို့ရဲ့ ငြိမ်းချမ်းတဲ့ နျူကလီယာ အစီအစဉ်တွေကို လက်နက် အတွက် တလွဲ သုံးဖို့ အရေးကြီးပါတယ်'' ဟုတင်ဝင်းက IAEA ၅၃ ကြိမ်မြောက် နှစ်ပတ်လည် ညီလာခံသို့ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် အထက်ပါ စကားများ အတိုင်း ကိုက်ညီအောင် ဆောင်ရွက်ကြောင်းကို လာမည့် IAEA ညီလာခံတွင် ပြသရမည့် အပြင် ကိုယ်ပိုင် နျူကလီယာ မပြန့်ပွားရေး စနစ် တစ်ရပ် ထားရှိသော အာဆီယံ အဖွဲ့၏ အဖွဲ့ဝင် တစ်ဦး အနေဖြင့် ၎င်း၏ တာဝန် ဝတ္တရားများကို လိုက်နာရဦးမည် ဖြစ်သည်။

ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ် တို့လည်း အဖွဲ့ဝင် အဖြစ် ပါဝင်သော အာဆီယံ အဖွဲ့၏ နိုင်ငံခြားရေး ဝန်ကြီးများသည် ယခုတစ်ပတ် ဟနွိုင်းတွင် ကျင်းပသည့် နှစ်ပတ်လည် အစည်းအဝေးတွင် အရှေ့တောင် အာရှ နျူကလီယာ လက်နက် ကင်းလွတ်ဇုန်၏ အရေးကြီးပုံကို အလေးအနက် ဆွေးနွေးခဲ့ကြသည်။

၁၉၉၇ ခုနှစ်က စတင် အကျုံးဝင်ခဲ့သော ဒေသတွင်း နျူကလီယာ လက်နက် ကင်းမဲ့ဇုန် သဘော တူညီချက်ကို မြန်မာနိုင်ငံကလည်း အဖွဲ့ဝင် အဖြစ် လက်မှတ် ရေးထိုးထားသည်။ ယခု သီတင်းပတ် ဒေသတွင်း နျူကလီယာ လက်နက် စောင့်ကြည့် လေ့လာရေး ကော်မရှင် အစည်းအဝေးတွင် အာဆီယံ ဝန်ကြီးများက နျူကလီယာ လက်နက် လုံးဝ ပပျောက် ကင်းစင်ရေး အတွက် ရည်ရွယ်ကာ ကော်မရှင်၏ ကဏ္ဍကို ခိုင်မာ တောင့်တင်းစေရန် ဆွေးနွေးခဲ့ကြသည်ဟု ဗီယက်နမ် နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနက ဖော်ပြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment