Transparency Myanmar

transparency.myanmar@gmail.com

၂၀၁၀ ပြည့်နှစ် အတွင်း ကျင်းပမည့် မြန်မာ ဒီမိုကရေစီ ရွေးကောက်ပွဲတွင် ပါလီမန်အမတ် နေရာ ရရှိရေးအတွက် ဝင်ရောက်ယှဉ် ပြိုင်မည်ဟု နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းက ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ကျင်းပ ပြုလုပ်သော ထိပ်သီး ဆွေးနွေးပွဲတွင် အာဆီယံ အကြီးအကဲ ဆူရင်ပစ်ဆာဝမ်ကို အသိပေး ပြောကြားခဲ့သည်ဟု သတင်းရရှိသည်။

အရှေ့တောင် အာရှနိုင်ငံများ အဖွဲ့ (အာဆီယံ) အထွေထွေ အတွင်းရေးမှူး ဆူရင်ပစ်ဆာဝမ်နှင့် စကား ပြောဆိုရာ၌ မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းက ၎င်းအနေဖြင့် ရွေးကောက်ပွဲလွန် ကာလ ပါလီမန်လွှတ်တော်တွင် နေရာ ရရှိနိုင်ရေးအတွက် ကြိုးပမ်းလျက် ရှိသည်ဟု ပြောကြားခဲ့သည်ဟု ဆိုသည်။

ဦးဉာဏ်ဝင်းသည် စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီး George Yeo နှင့်လည်း အလားတူ စကား ပြောဆိုခဲ့သည်ဟု မြန်မာ့ရေးရာ လေ့လာသုံးသပ်သူ သတင်းစာဆရာ Larry Jagan ၏ အဆိုအရ သိရသည်။ မစ္စတာ Larry Jagan သည် မစ္စတာ ဆူရင်ပစ်ဆာဝမ် နှင့်သာမက စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးနှင့်ပါ တွေ့ဆုံ စကားပြောခဲ့သူ ဖြစ်သည်။

"ဘယ်အချိန် ဝင်ရောက် ယှဉ်ပြိုင်မယ် ဆိုတာကို ဦးဉာဏ်ဝင်း မသိပါဘူး။ အခုချိန်မှာ လုပ်ထုံးလုပ်နည်းတွေ အားလုံး ရေးဆွဲနေတယ်။ ရွေးကောက်ပွဲ ကျင်းပမယ့် နေ့ရက် ကြေညာတာနဲ့ တစ်ပြိုင်နက်တည်း ဝင်ရောက် ယှဉ်ပြိုင်မယ့် သူတွေကို ကြေညာမှာပါ" ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ဖြစ်လာမည့် ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက်ကို စစ်အစိုးရက ထုတ်ပြန် ကြေညာခြင်း မရှိသေးပေ။ သို့သော် ယခု နှစ်ကုန်ပိုင်း ကာလ၌ ကျင်းပပေးမည် ဖြစ်သည်ဟု စစ်အစိုးရက ထုတ်ဖော် ပြောဆိုထားသည်။

မည်သည့် နိုင်ငံရေး ပါတီသို့ ဝင်ရောက် ပူးပေါင်းမည် ဟူသော အချက်ကို နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းက ထုတ်ဖော် ပြောဆိုခြင်း မရှိခဲ့ကြောင်း သတင်းစာဆရာ Larry Jagan က ဆိုသည်။

"သူဝင်မယ့် ပါတီက ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ပဲ ဖြစ်မှာ သေချာပါတယ်။ တခြားဝန်ကြီးတွေ အားလုံးက USDP နဲ့ပဲ ပူးပေါင်းကြတာ။ သူ (ဦးဉာဏ်ဝင်း) လည်း တခြား ဘယ်ပါတီ အသေးလေးတွေနဲ့ မှ ပူးပေါင်းမှာ လုံးဝ မဟုတ်ပါဘူး" ဟု မစ္စတာ Larry Jagan က သုံးသပ် ပြောကြားသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) ကို မြန်မာနိုင်ငံ ဝန်ကြီးချုပ် ဦးသိန်းစိန်က ဦးဆောင်ပြီး အဆိုပါ ပါတီသာ ရွေးကောက်ပွဲတွင် အနိုင် ရရှိလိမ့်မည်ဟု အများစုက ထင်ကြေးပေး ပြောဆိုနေကြသည်။ မြန်မာ့ ဒီမိုကရေစီ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံတွင်း စစ်အာဏာရှင် စနစ် သက်ဆိုးရှည်ရန် အကွက်ဆင်မှု တစ်ခုသာ ဖြစ်သည်ဟု အစိုးရ ဆန့်ကျင်ရေး အုပ်စုများနှင့် လေ့လာ သုံးသပ်သူ အများစုက ပြောဆိုထားသည်။

မြန်မာနိုင်ငံတွင် အရပ်ဘက် အစိုးရ တစ်ရပ် ထွက်ပေါ်လာမည်ဟု ကတိပေး ထားသည့်တိုင် လက်ရှိ အစိုးရအဖွဲ့မှ ဝန်ကြီးများအား USDP ပါတီတွင်း ရာထူး ခန့်အပ်နေမှုများသည် ရွေးကောက်ပွဲလွန် ကာလ စစ်အစိုးရ၏ ထိန်းချုပ်မှု ဆက်လက် တည်တံ့စေရန် အစီအစဉ် တစ်ရပ် ဖြစ်ပုံ ရသည်။

စစ်အစိုးရက ဦးဆောင် ရေးဆွဲခဲ့သော ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေသစ်က ရွေးကောက်ပွဲလွန် ကာလ ထွက်ပေါ်လာမည့် ပါလီမန် လွှတ်တော်၌ စစ်တပ်အနေဖြင့် လေးပုံတစ်ပုံ ရရှိစေရန် ဖန်တီးပေးထားသည်။

မြန်မာ့အရေး လေ့လာသူ သတင်းစာဆရာ Larry Jagan ၏ အဆိုအရ ပါလီမန် လွှတ်တော်၏ မည်သည့်နေရာ ရရှိရန် နိုင်ငံခြားရေးဝန်ကြီး ကြိုးစားမည် ဟူသော အချက်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ "ဦးဉာဏ်ဝင်း အနေနဲ့ အမျိုးသား လွှတ်တော်မှာ နေရာရဖို့ လုပ်မယ် ထင်ပါတယ်" ဟု ၎င်းက ဆိုသည်။ အာဆီယံ အကြီးအကဲ မစ္စတာ ဆူရင်ပစ်ဆာဝမ်၊ စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီး George Yeo တို့နှင့် စကား ပြောဆိုခဲ့ရာတွင် ဦးဉာဏ်ဝင်းက ၎င်းဝင်ရောက် ယှဉ်ပြိုင်မည့် နေရာ အတိအကျကို ထုတ်ဖော် ပြောဆိုခဲ့ခြင်း မရှိပေ။ ပါလီမန်တွင် နေရာ ရရှိရေးအတွက် ကြိုးပမ်းမည် ဟုသာ အသိပေး ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်တွင် ဦးဉာဏ်ဝင်း နေထိုင်ရန် အတွက် ကျပ်ငွေသန်း ၂၀ (အမေရိကန် ဒေါ်လာ ၂၀၀၀၀) တန် နေအိမ်တစ်လုံးကို တည်ဆောက်လျက် ရှိသည် ဟူသည့် ကောလာဟလများ ယခု လဆန်းပိုင်းတွင် ထွက်ပေါ်ခဲ့သေးသည်။ သို့အတွက်ကြောင့် ဦးဉာဏ်ဝင်းသည် ဇီးကုန်းမြို့နယ် အမတ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ဖွယ် ရှိသည်ဟု ထင်ကြေးပေး ပြောဆိုမှုများ ဆက်လက် ထွက်ပေါ်ခဲ့သည်။ ဇီးကုန်းမြို့နယ်၊ လယ်တွင်းကျေးရွာသည် ဦးဉာဏ်ဝင်း၏ မွေးရပ်ဇာတိ ဖြစ်သည်။

ယခု ဇူလိုင် လဆန်းပိုင်းတွင် မြန်မာနိုင်ငံပိုင် New Light of Myanmar သတင်းစာက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ရွေးကောက်ပွဲ လုပ်ထုံးလုပ်နည်းများ ရေးဆွဲခဲ့ပြီး ဖြစ်ကြောင်း ရေးသား ဖော်ပြခဲ့သည်။

DVB သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment