Transparency Myanmar

transparency.myanmar@gmail.com

DVB News, 21st July 2010

မြန်မာ အာဏာပိုင်များသည် ထိုင်းနိုင်ငံမှ တရားမဝင် တင်သွင်းသော ကုန်ပစ္စည်းများနှင့် ပတ်သက်၍ နယ်စပ် ကုန်သွယ်ရေး စခန်းများတွင် နှိမ်နှင်း ဖြိုခွဲခဲ့ပြီးနောက် နိုင်ငံ အတွင်းပိုင်း ဒေသများတွင် ဆက်လက်၍ ကျယ်ကျယ်ပြန့်ပြန့် နှိမ်နှင်းလျက် ရှိသည်။

စတိုးဆိုင် ပိုင်ရှင်များ သိုလှောင်ထားသော ဘီယာ၊ အရက်၊ အချိုရည်၊ စားအုန်းဆီနှင့် စည်သွပ်ဗူးများကို ရဲနှင့် အကောက်ခွန် အဖွဲ့များက ပစ်မှတ်ထားနေကြောင်း ကြားသိရသည်။ တောင်ပိုင်း တနင်္သာရီတိုင်း မြို့တော် ထားဝယ်မှ ဆိုင်ပိုင်ရှင် တစ်ဦးက "တရားဝင် အခွန်ဆောင် မထားသော တားမြစ် ပစ္စည်းများကို ရဲများက သိမ်းဆည်းနေသည်'' ဟု DVB  သို့ ပြောကြားခဲ့သည်။

နယ်စပ် တလျှောက်ရှိ ဆိုင်များမှာ တာဝန်ရှိသူများအား လဘ်ထိုး၍ ဆက်လက် ရောင်းချ နိုင်ခဲ့ကြသော်လည်း လွန်ခဲ့သည့် ၆လ အတွင်း နှိမ်နှင်း ဖြိုခွဲမှုများကို ခပ်စိပ်စိပ် တွေ့လာရသည်ဟု ၎င်းက ဆိုသည်။ တခြား ကုန်သည် တစ်ယောက်ကလည်း အချို့ ကုန်ပစ္စည်းများမှာ နယ်စပ်ဖြတ်ကျော် တင်သွင်းခွင့် ရရှိသော်လည်း မြန်မာပြည်ထဲ၌ ဖြန့်ချိမှုကို တားမြစ် ခံနေရသည်ဟု ပြောကြားခဲ့သည်။

"ရှမ်းပြည် အရှေ့မြောက်ဖက် ထိုင်း-မြန်မာ နယ်စပ်က တာချီလိတ်မြို့ကို ဝင်လာတဲ့ ပစ္စည်းတွေဟာ ပုံမှန်အားဖြင့်တော့ ကျိုင်းတုံနဲ့ တောင်ကြီးကို ပို့လေ့ ရှိတယ်။ ဒါပေမဲ့ အခု ကုန်ပစ္စည်း တင်ထားတဲ့ ကားတွေကို ထွက်ခွင့် မပေးဘူးလို့ ကြားရပါတယ်။ အကြောင်းရင်းကိုတော့ သေချာ မသိသေးပါဘူး'' ဟု ကျိုင်းတုံ ဒေသခံ တစ်ဦးက ပြောကြားသည်။

အထက်ပါ နှိမ်နှင်းမှုကြောင့် အခြေခံ စားကုန်များ ဈေးနှုန်းများစွာ တက်သွားခဲ့ရာ တာချီလိတ်တွင် ယခင်က အမေရိကန် ဒေါ်လာ ၆ ဒေါ်လာ ပေးရသော ဆန်တစ်အိတ်ကို ယခု ၂၈ ဒေါ်လာ ပေးဝယ်ခဲ့ရသည်ဟု ဒေသခံက ဆိုသည်။

ထိုင်းနိုင်ငံ မဲဆောက် နှင့် နီးသော ကရင်ပြည်နယ် မြဝတီမှ အဓိက နယ်စပ် စစ်ဆေးရေးဂိတ်ကို မြန်မာ အာဏာပိုင်များက ပိတ်လိုက်ပြီးနောက် ယခုကဲ့သို့   ဆက်လက် နှိမ်နှင်းခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

နယ်ခြားနယ်နိမိတ် မျဉ်းသဖွယ် ဖြစ်နေသည့် မွိုင်မြစ် (သောင်ရင်းမြစ်) တလျှောက် ထိုင်းနိုင်ငံက "တာဘောင်'' တည်ဆောက်ခြင်းနှင့် ပတ်သက်ပြီး ထိုင်းနှင့် မြန်မာ အစိုးရ ကြားတွင် ပြဿနာ ပေါ်ပေါက်လျက် ရှိသည်။

မြန်မာနိုင်ငံတွင်းသို့ ချစ်ကြည်ရေး တံတားကို ဖြတ်၍ မော်တော်ယာဉ် ဝင်ရောက်ခွင့်ကို ယခင်အပတ်က တားမြစ်ခဲ့ပြီး သီတင်းပတ်ကုန်တွင် ခြေလျင် လမ်းလျှောက် ဝင်သူများကိုပါ ပိတ်ပင်ခဲ့သည်။ မွိုင်မြစ်၏ ထိုင်းနိုင်ငံ ဘက်ခြမ်းတွင် တာဘောင် တည်ဆောက်ခြင်းကြောင့် မြန်မာနိုင်ငံ ဘက်ခြမ်းတွင် ရေတိုက်စား နိုင်သောကြောင့် မြန်မာအစိုးရ စိတ်ဆိုးနေခြင်း ဖြစ်သည်ဟု ယုံကြည်ရသည်။

ယခုကဲ့သို့ နယ်စပ် ကုန်သွယ်ရေး ကျဆင်းမှုမှာ ဖြစ်ရိုးဖြစ်စဉ် မဟုတ်ဟု ရန်ကုန် အခြေစိုက် စီးပွားရေး ပညာရှင် ခင်မောင်ညိုက ပြောကြားသည်။

"ကုန်သွယ်ရေး မူဝါဒကို ဆိုင်ရှင်တွေ၊ စားသုံးသူတွေ သေချာ သဘော မပေါက်သေးခင် အချိန်မှာ ကိစ္စတွေကို အစိုးရက ထိန်းပေးထားဖို့ လိုပါတယ်။ အမြတ် ရနိုင်ချေ ရှိနေရင်တော့ စီးပွားရေး ဆက်လုပ်မှာပါ၊ နယ်စပ်ကို အမြဲတမ်း ပိတ်လို့ မရနိုင်ပါဘူး၊ ကုန်စည် စီးဆင်းမှုတော့ ရှိနေတုန်းပါပဲ'' ဟု ၎င်းက သုံးသပ် ပြောကြားခဲ့သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment