Transparency Myanmar

transparency.myanmar@gmail.com

The Straits Times, By Nirmal Ghosh, 21st July 2010

၂၀၁၀ ခုနှစ်၌ မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲသည် အဆိုပါ နိုင်ငံတွင် ဒီမိုကရေစီ အသွင် ကူးပြောင်းရေး၏ အစိတ်အပိုင်း တစ်ခု ဖြစ်လာမည်  ဖြစ်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Marty Natalegawa က သတင်းစာ ဆရာများသို့ ဇူလိုင်လ (၂၀) ရက်နေ့က ပြောကြားခဲ့သည်။

ရွေးကောက်ပွဲသည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အရေးကိစ္စများ အတွက် အဖြေ တစ်စိတ်တစ်ပိုင်း ထုတ်ပေးနိုင်သည် ဆိုသော မျှော်လင့်ချက် ဒီဂရီ အတော်များများ ရှိနေသည်ဟု ၎င်းက ပြောသည်။

တနင်္ဂနွေနေ့ညက ကျင်းပသော အလုပ်သဘော ညစာစားပွဲတွင် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများသည် မြန်မာနိုင်ငံ အရေးကိစ္စကို ဆွေးနွေးကြရာ  Natalegawa  က အာဆီယံ အနေဖြင့် မြန်မာနိုင်ငံ ရွေးကောက်ပွဲသို့ လေ့လာသူများ စေလွှတ်လိုကြောင်း ပြောကြားခဲ့သည်။ သို့သော် ၎င်းတို့သည် လေ့လာသူများသာ ဖြစ်ပြီး စောင့်ကြည့်မည့် သူများ မဟုတ်ကြောင်း အလေးအနက် ပြောကြားခဲ့သည်။

အစည်းအဝေးတွင် အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် Surin Pitsuwan က သတင်းထောက်များသို့ ပြောကြားရာတွင် "အာဆီယံ အနေနဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းတဲ့ အမျိုးသား ပြန်လည် ပေါင်းစည်းရေးကို အလွန်တရာ စိတ်ဝင်စားပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော မြန်မာနိုင်ငံမှာ ဖြစ်ပျက်သမျှ ကောင်းတာပဲ ဖြစ်ဖြစ်၊ ဆိုးတာပဲ ဖြစ်ဖြစ် အာဆီယံ အပေါ်မှာ သက်ရောက်မှုတွေ ရှိနေလို့ပါပဲ'' ဟု ဆိုသည်။

မြန်မာ စစ်အစိုးရသည် နိုင်ငံရေး အကျဉ်းသား (၂၁၀၀) ကျော်ကို ဆက်လက် ထိန်းသိမ်းထားပြီး၊ ရွေးကောက်ပွဲတွင် မပါဝင်နိုင်အောင် ဥပဒေဖြင့် ကန့်သတ်ထားသည်။

"ဒီမိုကရေစီ အတွက် ဘယ်အသွင် ကူးပြောင်းရေးမှာမဆို နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ဟာ လုပ်ငန်းစဉ် အောင်မြင်ရေး အတွက် သော့ချက် ဖြစ်တယ်'' ဟု အမေရိကန် အခြေစိုက် မြန်မာနိုင်ငံနှင့် ပတ်သက်၍ အထူး လေ့လာသူ သြဇာရှိ ဒီမိုကရေစီ လှုပ်ရှားသူ တစ်ဦးက ယခု အာဆီယံ အစည်းအဝေး မတိုင်မီက The Straits Times သို့ ပြောကြားခဲ့သည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်သည် အာရှ၏ အကြီးဆုံး လုံခြုံရေး ဆိုင်ရာ ဆွေးနွေးပွဲ ဖြစ်သော အာဆီယံ ဒေသတွင်း ဖိုရမ် (Asean Regional Forum)  သို့ တက်ရောက်ရန် ကြာသပတေးနေ့တွင် ဟနွိုင်းသို့ ရောက်ရှိမည် ဖြစ်သည်။ သူမသည် ဆွေးနွေးပွဲတွင် မြန်မာ့အရေးကို ရှေ့တန်းတင် ပြောဆိုလာလိမ့်မည်ဟု မျှော်လင့်ရသည်။

သို့သော် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ လုံးဝ အမြင်မတူ ကွဲပြား ခြားနားမှုများ ရှိနေသည်။

အမေရိကန်နှင့် ဗြိတိန်တို့သည် ရွေးကောက်ပွဲအား စစ်တပ် အုပ်ချုပ်ရေးအား တရားဝင်အောင် တန်ဆာ ဆင်ထားသော လုပ်ငန်းစဉ် အဖြစ် ကန့်ကွက် ရှုတ်ချခဲ့သည်။ ဥရောပ သမဂ္ဂကမူ ရွေးကောက်ပွဲသည် တိုးတက်မှု အချို့ အတွက် လက္ခဏာ ဖြစ်ကြောင်း၊ သို့သော် သေးငယ်သော လက္ခဏာ ဖြစ်ကြောင်း ဆိုသည်။

မြန်မာ့ရွေးကောက်ပွဲနှင့် ပတ်သက်၍ မှတ်ချက် ပေးကြရာတွင် စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီး George Yeo က "ဒီနေ့ အခြေအနေ အတိုင်းဆိုရင် သိသာ ထင်ရှားတဲ့ ပြောင်းလဲမှု မတွေ့နိုင်ပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံကို မတူတဲ့ အခြေအနေတစ်ခုဆီ သွားမယ့် အရေးကြီးတဲ့ အချိုးအကွေ့ကိုတော့ တွေ့နေရပါပြီ။ အခြေခံ ဥပဒေအရ ပေါ်လာမယ့် အစိုးရ၊ စီးပွားရေးကိုလည်း ပိုမို ဖွင့်ပေးလိမ့်မယ်'' ဟု ဆိုသည်။

မြန်မာနိုင်ငံသည် မြောက်ကိုးရီးယား၏ အကူအညီဖြင့် နျူကလီယာ လက်နက် ထုတ်လုပ်ရန် ရည်ရွယ်နေသည် ဆိုသော သတင်းများနှင့် ပတ်သက်၍ အာဆီယံ၏ စိုးရိမ်ပူပန်မှုကို မေးမြန်းရာ Yeo က "မြန်မာ နိုင်ငံခြားရေး ဝန်ကြီးက ကျွန်တော်တို့ကို အသေအချာ ပြောပါတယ်။ သူတို့မှာ နျူကလီယာ လက်နက် အစီအစဉ် မရှိပါဘူး။ ရည်ရွယ်ချက်လည်း မရှိပါဘူးလို့ ပြောပါတယ်'' ဟု ရှင်းပြသည်။

မြောက်ကိုးရီးယား နိုင်ငံခြားရေး ဝန်ကြီး Pak Ui Chun ခေါင်းဆောင်သော မြောက်ကိုးရီးယား ကိုယ်စားလှယ် အဖွဲ့သည် ARF တက်ရောက်ရန် ဗုဒ္ဓဟူးနေ့တွင် ဟနွိုင်းသို့ ရောက်ရှိမည်ဟု မျှော်လင့်ရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment