Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံ၏ နျူကလီယာ ရည်မှန်းချက်များနှင့် ပတ်သက်၍ အာဆီယံ အဖွဲ့ဝင် နိုင်ငံ ခေါင်းဆောင်များ မသေမချာ ဖြစ်နေကြောင်း ဒေသတွင်း နိုင်ငံခြားရေး မူဝါဒဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦးက ဆိုသည်။

မြန်မာ သတင်းစာ ဆရာများ ဇွန်လအတွင်း ထုတ်ဖော်ခဲ့သော မှတ်တမ်းများအရ အာဆီယံ အဖွဲ့ဝင် မြန်မာနိုင်ငံသည် နျူကလီယာ လက်နက်များ တပ်ဆင် ထုတ်လုပ်ရန် ကြိုးပမ်းလျက် ရှိသည်။ မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနိုင်ငံမှ နျူကလီယာ လက်နက်ဆိုင်ရာ နည်းပညာများ ဝယ်ယူလျက် ရှိနိုင်ကြောင်း လန်ဒန် အခြေစိုက် International Institute for Strategic Studies ၏ စင်ကာပူ ဌာနခွဲမှ အမှုဆောင်ဒါရိုက်တာ Tim Huxley က ပြောကြားသည်။ သို့သော် အာဆီယံ ခေါင်းဆောင်များသည် မြန်မာ နျူကလီယာ ကိစ္စအပေါ် "ခိုင်မာသော အသုံးအနှုန်း" များ အသုံးပြုကာ ထင်မြင်ချက်ပေးရန် တွန့်ဆုတ်နေကြသည်ဟု ၎င်းက ပြောသည်။

"မြန်မာနိုင်ငံရဲ့ နျူကလီယာ ရည်မှန်းချက်တွေနဲ့ ပတ်သက်ပြီး ဘယ်လို ကိုင်တွယ်ရမယ် ဆိုတာကို အာဆီယံနိုင်ငံတွေ မသေမချာ ဖြစ်နေပါတယ်။ တကယ်လို့ သူတို့က မြန်မာနဲ့ ထိပ်တိုက် တွေ့မယ်ဆိုရင် မြန်မာကလည်း အရပ်ဘက်သုံး စွမ်းအင်အတွက် သူတို့မှာ နျူကလီယာ စွမ်းအင် တီထွင်ထုတ်လုပ်ခွင့် ရှိတယ်လို့ ပြောလိုက်မှာပဲ။ နောက်ပြီး မြောက်ကိုရီးယားနဲ့ အချိတ်အဆက်တွေ လုပ်ထားတယ် ဆိုတာတွေ အားလုံးကို အသာလေး ငြင်းလိုက်မှာပဲ" ဟု မစ္စတာ Tim Huxley က ဆိုသည်။

အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Marty Natalegawa က မြန်မာနှင့် နှစ်နိုင်ငံ အပြန်အလှန် ဆွေးနွေးပွဲ အာဂျင်ဒါတွင် နျူကလီယာ လက်နက်ကိစ္စ ပါဝင်မည် မဟုတ်ဟု ဂျာမန် သတင်းဌာန ဖြစ်သော DPA သို့ ပြောကြားသည်။

ဇူလိုင်လ ၂၀ ရက် အစောပိုင်းတွင် အာဆီယံ အကြီးအကဲ မစ္စတာ ဆူရင်ပစ်ဆာဝမ်က မြန်မာနိုင်ငံ၏ နျူကလီယာ ရည်မှန်းချက်များနှင့် ပတ်သက်၍ ထုတ်ဖော် ဆွေးနွေးရန် အာဆီယံ အဖွဲ့ဝင်များအကြား သဘောတူညီမှု ရရှိထားခြင်း မရှိကြောင်း ပြောကြားသည်။

"ဒါပေမဲ့ သေချာတာ တစ်ခုက အာဆီယံ ချာတာနဲ့ တောင် - အရှေ့အာရှ နျူကလီယာ လက်နက် ကင်းစင်ရေးဇုန် သဘောတူညီချက် စာချုပ်အရ အာဆီယံနိုင်ငံတွေ အနေနဲ့ နျူကလီယာ လက်နက်ပိုင်ဆိုင်မှု ကင်းရှင်းရမှာ ဖြစ်ပါတယ်" ဟု ၎င်းက ဆိုသည်။

၁၉၉၇ ခုနှစ်တွင် ချုပ်ဆိုခဲ့သော အဆိုပါ စာချုပ်အရ အာဆီယံ နိုင်ငံများ အနေဖြင့် နျူကလီယာ လက်နက် အသုံးပြုမှု၊ တီထွင် ထုတ်လုပ်မှု၊ နျူကလီယာ လက်နက်များ သယ်ယူပို့ဆောင်မှု အစရှိသည်တို့ကို လုပ်ဆောင်နိုင်ခွင့် မရှိပေ။ ထို့ပြင် တစ်နိုင်ငံနှင့် တစ်နိုင်ငံ နယ်စပ်ဒေသ တို့တွင်လည်း နျူကလီယာ လက်နက် တပ်ဆင်ထုတ်လုပ်မှုများ ပြုလုပ်ခွင့် ပေးမည် မဟုတ်ဟု ကတိပြုထားသည်။

မြန်မာနှင့် မြောက်ကိုရီးယား စီးပွားရေးအရ အပြန်အလှန် ပြုမူ ဆက်ဆံနေမှုများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှု နည်းပါးနေသည့် ကိစ္စအပေါ် အမေရိကန် အစိုးရအနေဖြင့် စိုးရိမ် ပူပန်မိကြောင်း နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၏ ပြောခွင့်ရပုဂ္ဂိုလ်က ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ကျင်းပမည့် အာဆီယံဖိုရမ်သို့ ဟီလာရီကလင်တန် မတက်ရောက်မီ ပြောကြားခဲ့သည်။

Earth Times ၏ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment