Transparency Myanmar

transparency.myanmar@gmail.com

ပြည်နှင်ဒဏ် ပေးခံရသော မြန်မာ ပြောင်းရွှေ့ လုပ်သားများသည် ယခုအခါ ထိုင်း-မြန်မာ နယ်စပ်ဒေသ၌ ပစ်မှတ်ထား ငွေညှစ် ခြိမ်းခြောက် ခံနေရသည် ဟူသော သတင်း ပေးပို့ချက်များကို စုံစမ်း ဖော်ထုတ်ရန် အလုပ်သမား အခွင့်အရေး အဖွဲ့များက ထိုင်းအစိုးရအား အသနားခံစာ တစ်စောင် တင်ပို့လိုက်သည်။

အလုပ်သမား အခွင့်အရေး ရရှိရေးအတွက် လှုပ်ရှားသူ ၅၀ ခန့်က ထိုင်းဝန်ကြီးချုပ် အဘီဇစ် ဝိဇ္ဇာဝီရထံသို့ အဆိုပါ အသနားခံစာကို ပေးပို့ခဲ့ကြောင်း၊ ဒီမိုကရက်တစ် ကရင် ဗုဒ္ဓဘာသာ တပ်ဖွဲ့ (ဒီကေဘီအေ) နှင့် မြန်မာစစ်အစိုးရ လက်အောက်ခံ နယ်စပ် ဒေသစောင့် တပ်ဖွဲ့များက ထိုင်းနိုင်ငံမှ နှင်ထုတ်ခံရခဲ့ရသူ တရားမဝင် အလုပ်သမားများကို ငွေညှစ် ခြိမ်းခြောက်နေသည် ဟူသော ကိစ္စအား အမြန်ဆုံး စုံစမ်း စစ်ဆေးပေးရန် တောင်းဆိုခဲ့ကြကြောင်း သိရသည်။

"ပြောင်းရွှေ့ လုပ်သားများအပေါ် လူ့အခွင့်ရေး ချိုးဖောက် ကျူးလွန်ရာတွင် ပါဝင် ပတ်သက်သူ အာဏာပိုင်များနှင့် လူပုဂ္ဂိုလ်တို့ကို တော်ဝင် ထိုင်းအစိုးရ အနေဖြင့် စုံစမ်း ဖော်ထုတ်ကာ အပြစ်ပေးသင့်သည်" ဟု ဝန်ကြီးချုပ် အဘီဇစ်ထံသို့ ပေးပို့သော စာတွင် ရေးသားထားသည်။

အဆိုပါစာကို လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း၊ ထိုင်းအလုပ်သမား စည်းလုံးညီညွတ်ရေး ကော်မတီ၊ နိုင်ငံလုပ်သားများ ဆက်ဆံရေး ကော်မတီ အပါအဝင် နိုင်ငံတကာနှင့် ပြည်တွင်း လူ့အခွင့်အရေး စောင့်ကြည့်ရေး အုပ်စု ၂၄ ခုတို့က ပူးတွဲ လက်မှတ် ရေးထိုးကာ ဝန်ကြီးချုပ် အဘီဇစ်ထံသို့ တင်ပို့ခဲ့ခြင်း ဖြစ်သည်။

စုံစမ်း ဖော်ထုတ်မှုများ မပြီးပြတ်သေးသရွေ့ ထိုင်းအစိုးရ အနေဖြင့် မြန်မာလုပ်သားများကို ပြည်နှင်ဒဏ် ပေးသည့် လုပ်ရပ်များ အားလုံးကို ရပ်ဆိုင်းထားသင့်ပြီး နောင်ကာလတွင် ပြုလုပ်မည့် ပြည်နှင်ဒဏ် ပေးမှုများကို လုံခြုံစိတ်ချစွာ ဆောင်ရွက်သင့်ပါကြောင်း အသနားခံစာတွင် တိုက်တွန်းထားသည်။

မဲဆောက် အခြေစိုက် အလုပ်သမား အခွင့်အရေး လေ့လာ စောင့်ကြည့်သူများ အဆိုအရ ထိုင်း မြန်မာ နယ်စပ် ဒေသသို့ ထိုင်းအစိုးရ၏ နှင်ထုတ်ခြင်း ခံရသူ တရားမဝင် မြန်မာ အလုပ်သမား ရာနှင့် ချီ၍ နေ့စဉ် ရောက်ရှိလာကြောင်း၊ ၎င်းတို့သည် မိုးရေးမြစ်ကို တရားမဝင် ဖြတ်သန်းပြီး ဒီကေဘီအေ အဖွဲ့က ထိန်းချုပ်ထားသော စစ်ဆေးရေး စခန်းသို့ ဝင်ရောက်ကြရကြောင်း၊ ထိုစစ်ဆေးရေး စခန်းတွင် မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်ခ အဖြစ် ဘတ်ငွေ ၁၂၀၀ (၃၇ ဒဿမ ၅၀ ဒေါ်လာ) ပေးဆောင်ရကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်းသို့ ပြန်လည် ဝင်ရောက်ခ မပေးဆောင်နိုင်သူများကို ငွေပေးမချေ နိုင်သေးသရွေ့ ဖမ်းဆီးထိန်းသိမ်းမှုများ ရှိသည်ဟု ဆိုသည်။ အချို့မှာ ဖိအားပေး အလုပ်စေခိုင်းခြင်း ခံရသည်။

ထိုင်းအစိုးရက ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့မှ မှတ်ပုံမတင်သော အလုပ်သမားဦးရေ တစ်သန်းခန့် ရောက်ရှိလာမှုကို ဖြေရှင်းသည့် အနေဖြင့် ယင်းသို့ ပြည်နှင်ဒဏ်များ ပေးနေခြင်း ဖြစ်သည်။

ပြောင်းရွှေ့ လုပ်သားများအပေါ် အလုပ်ရှင်များနှင့် လူကုန်ကူးသူများက အလွဲသုံးစား ပြုခြင်းအပေါ် မသိကျိုးနွံ ပြုသည့်အတွက် ထိုင်းအစိုးရမှာ လူ့အခွင့်အရေး စောင့်ကြည့်သည့် အုပ်စုများ၏ ပြစ်တင်ဝေဖန်ခြင်းကို ခံနေရသည်။ သို့သော် ထိုင်းအစိုးရက အနည်းငယ်သော အလွဲသုံးစားမှုများနှင့် ခေါင်းပုံဖြတ်မှုများကို ဥပဒေအရ စုံစမ်းစစ်ဆေးမှု ပြုလုပ်နိုင်ရန် အထောက်အပံ့ ပေးထားသည်ဟု ဆိုသည်။

ထိုင်းအစိုးရက ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာ အလုပ်သမားများ အနေဖြင့် မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားကာ ဥပဒေအရ တရားဝင် မှတ်ပုံတင်ရန် စီစဉ် သတ်မှတ်ခဲ့သည်။ ယင်းအစီအစဉ်ကို အိမ်နီးချင်း အစိုးရများနှင့် တရားမဝင် အလုပ်သမားများ တရားဝင် ပါမစ် ရရှိရန် ပူးပေါင်း ဆောင်ရွက်ရေးအစီအစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ထိုင်းအလုပ်သမား ဝန်ကြီးဌာန အဆိုအရ ထိုင်းနိုင်ငံတွင် အဆိုပါ အစီအစဉ်ဖြင့် တရားဝင် မှတ်ပုံတင်ရန် လျှောက်ထားခဲ့သူ မြန်မာ အလုပ်သမား ၈၁၂၉၈၄ ဦး ရှိခဲ့သော်လည်း ၈၀၄၃၅ ဦး ကိုသာ မြန်မာ အစိုးရက ခွင့်ပြုချက် ပေးခဲ့သည်။

Earth Times မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment