Transparency Myanmar

transparency.myanmar@gmail.com

လာမည့် သြဂုတ်လအတွင်း မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်မည့် အစီအစဉ်ကို ထိုင်းဝန်ကြီးချုပ် အဘီဇစ် ဝိဇ္ဇာဝီရက ရွှေ့ဆိုင်းလိုက်ကြောင်း ထိုင်းအစိုးရ၏ ပြောရေးဆိုခွင့် ရှိသူက ဇူလိုင်လ ၂၀ ရက်နေ့တွင် ပြောကြားသည်။ ထိုင်း-မြန်မာ နှစ်နိုင်ငံ ခေါင်းဆောင်များ အကြား ဆောင်ရွက်စရာ အစီအစဉ်များ များပြားလာသောကြောင့် ယင်းသို့ ရွှေ့ဆိုင်းခြင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ မြန်မာ ခရီးစဉ် ရွှေ့ဆိုင်းမှုသည် ထိုင်း-မြန်မာ နယ်စပ်ဒေသ Tak ပြည်နယ်ရှိ ချစ်ကြည်ရေး တံတား ပိတ်မှုနှင့် ပတ်သက်ခြင်း မရှိကြောင်း ပြောရေးဆိုခွင့် ရှိသူ Panitan Wattanayagorn က ပြောကြားသည်။

နှစ်နိုင်ငံ နယ်စပ် ဒေသရှိ သောင်းရင်းမြစ်ကို ဖြတ်ကျော်သည့် ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတား (မြဝတီ-မဲဆောက်) အပါအဝင် နယ်စပ် ဖြတ်ကျော် ကုန်သွယ်ရေး စခန်း ၂၀ ကို မြန်မာ အာဏာပိုင်များက ဇူလိုင်လ ၁၂ ရက်နေ့မှ စတင်ကာ ပိတ်ပင်ခဲ့သည်။ သောင်းရင်းမြစ် ကမ်းပါး တစ်လျှောက် ထိုင်းနိုင်ငံဘက် အခြမ်းတွင် ထိုင်းအစိုးရက ကမ်းထိန်း တမံများ တည်ဆောက်နေမှုကို မြန်မာ အာဏာပိုင်များက မကျေနပ်သောကြောင့် ကန့်ကွက်သည့် အနေဖြင့် ယင်းသို့ ကုန်စည် စီးဆင်းမှုများကို ပိတ်ပင်ထားခြင်း ဖြစ်သည်ဟု ယုံကြည်ရသည်။ ထိုင်းဘက် အခြမ်းမှ ကမ်းပါး အကာအကွယ် တမံများ ဆောက်လုပ်မှုကြောင့် ရေကြောင်း ပြောင်းလဲပြီး မြန်မာဘက် ကမ်းပါး တွင် တိုက်စားမှုများ ဖြစ်ပေါ်နိုင်သည့် အတွက် မြန်မာ အစိုးရက ကန့်ကွက်ခဲ့သည်ဟု ဆိုသည်။

ထိုင်းအစိုးရ ပြောရေးဆိုခွင့် ရှိသူက ယခု ဝန်ကြီးချုပ် အဘီဇစ်၏ မြန်မာခရီးစဉ် ရွှေ့ဆိုင်းမှုသည် သောင်းရင်းမြစ်တွင်း တမံများ တည်ဆောက်မှုကို မြန်မာအစိုးရ အာဏာပိုင်များ မကျေမနပ်ဖြစ်မှုနှင့် လုံးဝ သက်ဆိုင်မှု မရှိပါကြောင်း၊ နှစ်နိုင်ငံ ခေါင်းဆောင်များ အနေဖြင့် နိုင်ငံတကာ ဖိုရမ်များ တက်ရောက်ရန် ရှိနေသောကြောင့် ရွှေ့ဆိုင်းခြင်း ဖြစ်ကြောင်း အတည်ပြု ပြောဆိုသည်။

"အဲဒီ အချိန် ကာလထဲမှာ နှစ်နိုင်ငံ ခေါင်းဆောင်တွေ အားလပ်မှု မရှိသေးတာကြောင့် ဖြစ်ပါတယ်" ဟု ၎င်းက ဆိုသည်။ ထိုင်း ဝန်ကြီးချုပ် အဘီဇစ်က သြဂုတ် လဆန်းပိုင်း ကာလတွင် အိမ်နီးချင်း မြန်မာနိုင်ငံသို့ အလည်အပတ် ခရီးစဉ် သွားရောက်မည် ဖြစ်သည်ဟု ဇူလိုင် လဆန်းပိုင်းက ပြောဆိုခဲ့သည်။ ဝန်ကြီးချုပ် အဘီဇစ်က မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ ကျင်းပပြုလုပ်မှု မပြုမီ ကာလအတွင်း လာရောက် လည်ပတ်ရန် စီစဉ်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ ဇူလိုင်လ အတွင်း ကလည်း မြန်မာနိုင်ငံသို့ ထိုင်းဝန်ကြီးချုပ် လာရောက် လည်ပတ်ရန် စီစဉ်ခဲ့ဖူးသော်လည်း ထိုအချိန် ကာလက ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်းသို့ အမေရိကန် နိုင်ငံသား တစ်ဦး ရေကူးဝင်ကာ ဝင်ရောက်မှု ဖြစ်ပွားနေသောကြောင့် ရွှေ့ဆိုင်းခဲ့ရသည်။

ထိုင်းနိုင်ငံတွင် လတ်တလော ကာလများ အတွင်း ဖြစ်ပွားခဲ့သော နိုင်ငံရေး အကျပ်အတည်းများနှင့် လမ်းမပေါ်ထွက် ဆန္ဒပြမှုများ အပေါ် နားလည်မှုကောင်းများ ရရှိစေရေး အလို့ငှာ အိမ်နီးချင်း မြန်မာနိုင်ငံသို့ တစ်ရက် သို့မဟုတ် နှစ်ရက်တာမျှ အလည်အပတ် သွားရောက်မည် ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် အဘီဇစ်က ဇွန်လအတွင်း ထုတ်ဖော် ပြောဆိုခဲ့သည်။

Democracyforburma.wordpress.com မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment