Transparency Myanmar

transparency.myanmar@gmail.com

လာမည့် ရက်သတ္တပတ် အတွင်း နိုင်ငံတော် ခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံသို့ သွားရောက် လည်ပတ်မည့် မြန်မာ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ကော်ဇောနီ ခင်းကာ ကြိုဆိုမည့် အိန္ဒိယအစိုးရကို ထိပ်တန်း လူ့အခွင့်အရေးအဖွဲ့ တစ်ဖွဲ့က ပြစ်တင် ရှုတ်ချလိုက်သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၎င်း၏ ငါးရက်တာ ခရီးစဉ်အတွင်း အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်း၊ သမ္မတ ပရာတီဘာပတ်တီတို့နှင့် တွေ့ဆုံမည် ဖြစ်သည်။ မြန်မာ အစိုးရ ခေါင်းဆောင်၏ အိန္ဒိယနိုင်ငံ ခရီးစဉ်မှာ ဇူလိုင်လ ၂၄ ရက်နေ့တွင် စတင်မည် ဖြစ်သည်ဟု အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းရင်းမြစ်က AFP သတင်းဌာနသို့ ပြောကြားသည်။

ကမ္ဘာတစ်လွှားမှ အဖွဲ့အစည်းပေါင်း ၁၆၄ ဖွဲ့ကို  ကိုယ်စားပြုသော နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ချုပ် (FIDH) က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ခရီးစဉ်သည် ပြဿနာကြီးသော ခရီးစဉ် ဖြစ်ကြောင်း ဖော်ပြပြီး ဝန်ကြီးချုပ် မန်မိုဟန်ဆင်းထံ စာတစ်စောင် ပေးပို့လိုက်သည်ဟု သိရသည်။

"မြန်မာ စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် စစ်ရာဇဝတ်မှုများနှင့် နိုင်ငံတကာ ဥပဒေကို ဆန့်ကျင်သည့် လူသား မဆန်သော ရာဇဝတ်မှုများလည်း ပါဝင်ပေသည်" ဟု မစ္စတာ မန်မိုဟန်ဆင်းထံသို့ ပေးပို့သော စာတွင် FIDH က ဖော်ပြသည်။ ယင်းစာကို Agence France' Presse (AFP) သတင်းဌာနသို့လည်း ပေးပို့ခဲ့သည်။

"ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး ကိစ္စများကို အလေးမထားဘဲ မြန်မာ စစ်အစိုးရ ခေါင်းဆောင်များနှင့် ဆက်ဆံရေး မပျက်ပြားအောင် ထိန်းသိမ်းမှုသည် ကမ္ဘာ့ အကြီးမားဆုံး ဒီမိုကရေစီ နိုင်ငံ ဖြစ်လာမည် မဟုတ်သလို တာဝန်ယူတတ်သော အင်အာကြီး နိုင်ငံတစ်ခုလည်း ဖြစ်လာမည် မဟုတ်ပေ" ဟု အိန္ဒိယနိုင်ငံက မြန်မာစစ်အစိုးရ ခေါင်းဆောင်အား ကြိုဆို ဖိတ်ခေါ်ခဲ့မှုကို ပြစ်တင် ဝေဖန်ထားသည်။

ဥရောပသမဂ္ဂ၊ အမေရိကန် ပြည်ထောင်စုနှင့် အခြားသော နိုင်ငံများက မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ပြီး စစ်ခေါင်းဆောင်များ ခရီးသွားလာမှုကို ပိတ်ပင်လျက် ရှိသည့်တိုင် မြန်မာ စစ်အစိုးရသည် အိမ်နီးချင်း အိန္ဒိယ၊ တရုတ်၊ ထိုင်း အစရှိသော နိုင်ငံများ၏ အထောက်အပံ့ ပေးမှုကြောင့် သက်သာရာ ရရှိနေသည်။

အိန္ဒိယသည် တစ်ချိန် တစ်ခါက မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မမှိတ်မသုံ ထောက်ခံသော နိုင်ငံတစ်ခု ဖြစ်ခဲ့သော်လည်း လုံခြုံရေး၊ လောင်စာ စွမ်းအင်၊ မဟာဗျူဟာ ဦးစားပေးမှု  အစရှိသည် တို့ကြောင့် ၁၉၉၀ ပြည့်နှစ်မှ စကာ မြန်မာနိုင်ငံအပေါ် ထားရှိသည့် မူဝါဒကို ပြောင်းလဲပစ်ခဲ့သည်။

အိန္ဒိယသည် မြန်မာနိုင်ငံမှ ရေနံနှင့် သဘာဝ ဓာတ်ငွေ့များ တင်သွင်းရန် ကြိုးပမ်းလျက် ရှိသကဲ့သို့ နယ်စပ်ဒေသ တစ်လျှောက် ခြေကုပ်ယူ လှုပ်ရှားနေသော ခွဲထွက်ရေး သူပုန်များကို နှိမ်နင်းရာ၌လည်း မြန်မာနိုင်ငံ၏ အကူအညီကို လိုအပ်သော နိုင်ငံတစ်ခု ဖြစ်သည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment