Transparency Myanmar

transparency.myanmar@gmail.com

Bloomberg, 20th July 2010

မြန်မာနိုင်ငံတွင် နှစ်ပေါင်း နှစ်ဆယ် အတွင်း ပထမဦးဆုံး အကြိမ် ကျင်းပမည့် ရွေးကောက်ပွဲသို့ အကဲခတ် လေ့လာသူများ စေလွှတ်ရန် အရှေ့တောင် အာရှနိုင်ငံများက ကမ်းလှမ်းခဲ့ကြသည်။

အဆိုပါ အဆိုပြုချက်ကို ယမန်နေ့ ညက ဟနွိုင်းတွင် ကျင်းပပြုလုပ်သော အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်းသည် အပေါင်းလက္ခဏာ ဆောင်သော တုန့်ပြန်မှုများ ပြုခဲ့သည်ဟု စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီး George Yeo က သတင်းထောက်များသို့ ယနေ့ ပြောကြားခဲ့သည်။

"ကျွန်တော်တို့ မြန်မာ ဝန်ကြီးနဲ့ အဖွဲ့ကို ပြင်းပြင်းထန်ထန် အကြံပြုခဲ့ပါတယ်။ အာဆီယံ လေ့လာသူတွေကို ရွေးကောက်ပွဲမှာ လက်ခံဖို့ဟာ မိသားစု အဖွဲ့ဝင်တွေကို မိမိ ပြည်တွင်းရေးရာမှာ အမှန်တကယ် ဖြစ်နေတာကို ခေါ်ပြတဲ့ သဘောဖြစ်လို့ စဉ်းစားပေးဖို့ ပြောခဲ့ပါတယ်။ သူ့အစိုးရ အဖွဲ့ကို ပြန်ပြီး တင်ပြလိမ့်မယ်လို့ ထင်ပါတယ်" ဟု Yeo က ဟနွိုင်းတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် ရွေးကောက်ပွဲ ကျင်းပမည့် ရက်ကို ယခုတိုင် ကြေညာခြင်း မရှိသေးပေ။ ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်း ကြေညာ အပြီးတွင် ဖျက်သိမ်းခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် အနှစ်နှစ်ဆယ် အတွင်း ၁၄ နှစ်ခန့် ထိန်းသိမ်းခံရပြီး၊ နောက်ဆုံး ထိန်းသိမ်း ခံရသည်မှာ ၂၀၀၃ ခုနှစ် မေလက ဖြစ်သည်။

အမေရိကန် ကိုယ်စားလှယ် Kurt Campbell က မေလက ပြောကြားရာတွင် မြန်မာ အစိုးရသည် ရွေးကောက်ပွဲတွင် ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ခွင့် မပေးခဲ့လျှင် အများလက်ခံရန် မဖြစ်နိုင်ကြောင်း ပြောခဲ့သည်။

"မြန်မာ အစိုးရ ကိုယ်တိုင် ပြောခဲ့တဲ့ လွတ်လပ်ပြီး၊ တရားမျှတကာ ဒီမိုကရေစီကျကျ အားလုံး ပါဝင်သည့် ရွေးကောက်ပွဲ သေချာစေရေးကို ကျွန်တော်တို့ စိတ်အား ထက်သန်စွာ ရှိနေပါတယ်" ဟု အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Marty Natalegawa က ယနေ့ ဟနွိုင်းတွင် အင်တာဗျူး တစ်ခု၌ ပြောကြားခဲ့သည်။ "နိုင်ငံရေး ပါတီတွေ မှတ်ပုံတင်ရေး လုပ်ငန်းစဉ် ပြီးသွားရင် ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို ကြေညာမယ်လို့ ကျွန်တော်တို့ကို ပြောထားတယ်" ဟု ၎င်းက ပြောသည်။

ဆက်ဆံရေးမူဝါဒ

ပြီးခဲ့သည့် မတ်လက ရွေးကောက်ပွဲ ဥပဒေများ ထွက်ပေါ်လာရာ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ခန့်သည် ရွေးကောက်ပွဲတွင် ပါဝင်ခွင့်ကို တားမြစ်ထားသည်။ ပြီးခဲ့သည့် မေလက Campbell ၏ ခရီးစဉ်သည် Obama အစိုးရ၏ မြန်မာနိုင်ငံ အပေါ် အရေးယူမှုများ ရှိသော်လည်း၊ ထိတွေ့ ဆက်ဆံရေး မူဝါဒ၏ အစိတ်အပိုင်း တစ်ခု အဖြစ် သွားရောက်ခဲ့သည်။

ရွေးကောက်ပွဲ လုပ်ငန်းစဉ်သည် မြန်မာနိုင်ငံတွင် ပြောင်းလဲမှု အချို့ကို သယ်ဆောင် လာလိမ့်မည်ဟု Yeo က ပြောကြားခဲ့သည်။

"ဗိုလ်ချုပ်တွေဟာ ယူနီဖောင်း ချွတ်ပြီး၊ သူတို့ ရွေးကောက်ပွဲမှာ နိုင်ဖို့ လူကြားဆင်းပြီး ပြည်သူလူထု လိုအပ်ချက်တွေ ဖြည့်ပါ့မယ်လို့ ပြောပြီး၊ စည်းရုံးရေး ဆင်းကြရမှာပဲ။ ဒီလိုနဲ့ပဲ သူတို့ အမူအကျင့်တွေ ပြောင်းသွားပြီး တဖြည်းဖြည်း စီးပွားရေး တံခါးပွင့်လာမှာပါ။ လောလောဆယ်တော့ ဒီနေ့ အခြေအနေကနေ သိသိသာသာ ပြောင်းသွားဖို့ ကျွန်တော်တို့ မတွေ့ရသေးပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံကို ကွဲပြား ခြားနားတဲ့ အခြေအနေတစ်ခုကို ပြောင်းသွားဖို့ အရေးကြီးတဲ့ အချိုးအကွေ့ တစ်ခုကို ကျွန်တော်တို့ တွေ့နေရပါပြီ" ဟု Yeo က ဆက်ပြောသည်။

မြန်မာနိုင်ငံခြားရေး ဝန်ကြီးက ၎င်းတို့တွင် နျူကလီယာ အစီအစဉ်များ မရှိကြောင်း၊ လုပ်ဆောင်ရန် အစီအစဉ်လည်း မရှိကြောင်း ထပ်လောင်း ပြောကြားခဲ့သည်ဟု Yeo  က ပြောသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment