Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံတွင် ကျင်းပရန် ရှိသည့် ဒီမိုကရေစီ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှု ရှိရန် လိုအပ်သည် ဟူသော အချက်ကို အရှေ့တောင် အာရှ အဖွဲ့ (အာဆီယံ) ဝင် နိုင်ငံခြားရေး ဝန်ကြီးများက မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဦးဉာဏ်ဝင်းကို နားလျှံအောင် ဖိအားပေး ပြောဆို ခဲ့ကြကြောင်း အာဆီယံ အကြီးအကဲက ဆိုသည်။

"မနေ့ညက မြန်မာ နိုင်ငံခြားရေး ဝန်ကြီးတော့ နားလျှံထွက်အောင် အပြောခံခဲ့ရတယ် ထင်တယ်" ဟု အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆာဝမ်က အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ ညစာစားပွဲ ကျင်းပချိန်တွင်း မြန်မာ ဒီမိုကရေစီ ရွေးကောက်ပွဲနှင့် ပတ်သက်၍ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများက ဦးဉာဏ်ဝင်းအပေါ် ဖိအားပေး ပြောဆိုခဲ့မှုများကို ညွှန်းဆို ပြောကြားသည်။

"မြန်မာနိုင်ငံထဲမှာ အမျိုးသား ပြန်လည် သင့်မြတ်ရေး ငြိမ်းချမ်းစွာ ဖြစ်ထွန်းလာဖို့ အာဆီယံက အလွန်အမင်း စိုးရိမ်နေသလို အရမ်းလည်း စိတ်ဝင်စားနေပါတယ်" ဟု မစ္စတာ ဆူရင်ပစ်ဆာဝမ်က ပြောသည်။

မြန်မာနိုင်ငံ ရွေးကောက်ပွဲသည် အာဆီယံအပေါ် အပြုသဘော ဆောင်သကဲ့သို့ အပျက်သဘော ဆောင်မည့် ဂယက် ရိုက်ခတ်မှုများ ရှိလာနိုင်သည်ဟု ဦးဉာဏ်ဝင်းအား အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများက ပြောဆိုခဲ့သည်ဟု မစ္စတာဆူရင်က ဆိုသည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ တာ ကာလအတွင်း ပထမဆုံးအကြိမ် ဖြစ်လာမည့် အဆိုပါ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှု ရှိလာလိမ့်မည် မဟုတ်ဟု အမေရိကန် ပြည်ထောင်စုက ခန့်မှန်းထားသည်။ သို့သော် အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Marty Natalegawa က "မြန်မာ ရွေးကောက်ပွဲ မည်သို့ မည်ပုံ ဖြစ်လာမည် ဟူသော အချက်ကို အာဆီယံ အနေဖြင့်
ကြိုတင် ခန့်မှန်းမည် မဟုတ်" ဟု ဆိုသည်။

"ဆိုတော့ ပြောရရင် ကျွန်တော်တို့မှာ ကျိုးကြောင်း ဆက်စပ်မှု ရှိတဲ့ မျှော်လင့်ချက် ရှိပါတယ်" ဟု အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးက ဆိုသည်။

ညစာစားပွဲ ပြုလုပ်ချိန်တွင် မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းသည် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ၏ ပြောဆိုမှုများကို လွန်စွာ အာရုံစူးစိုက်၍ နားထောင်နေခဲ့သည်ကို တွေ့ရကြောင်း အာဆီယံ အကြီးအကဲက ပြောသည်။

ကျင်းပရန် ရှိသည့် အဆိုပါ ရွေးကောက်ပွဲနှင့် ပတ်သက်သော တိုးတက် ဖြစ်ထွန်းမှုများကို ဦးဉာဏ်ဝင်းက အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများကို ပြောဆိုခဲ့သည်။ သို့သော် ကျင်းပမည့် နေ့ရက် အတိအကျကို ထုတ်ပြန်ခြင်း မရှိသေးဟု ဆိုသည်။

အာဆီယံသည် ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက်နှင့် ပတ်သက်၍ ပူပန်မှုမရှိကြောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်သည့် လုပ်ငန်းစဉ် ပြီးဆုံးပါက ကျင်းပမည့် နေ့ရက် အတိအကျကို ကြေညာမည်ဟု ဦးဉာဏ်ဝင်းက အာဆီယံကို အသိပေး ပြောဆိုခဲ့ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Marty Natalegawa က ပြောသည်။

ရွေးကောက်ပွဲ အချိန် ကာလအတွင်း မြန်မာနိုင်ငံသို့ အာဆီယံ နိုင်ငံများမှ စောင့်ကြည့် လေ့လာမည့် သူများ စေလွှတ်ပါက ဖြစ်နိုင်ခြင်း ရှိ၊ မရှိ ဟူသော အရေးကိစ္စကို အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးက ထုတ်ဖော်ခဲ့သည် ဟု ဆိုသည်။

"ကျွန်တော်က ဧည့်သည်တော် ဆိုတဲ့အသုံးအနှုန်းနဲ့ ပြောဆိုခဲ့တာပါ။ စောင့်ကြည့် လေ့လာသူ၊ အကဲခတ်သူ စတဲ့ အသုံးအနှုန်းတွေကို ရှောင်ပြီး အဲဒီ 'ဧည့်သည်တော်' ဆိုတဲ့ အခေါ်အဝေါ်ကို သုံးနှုန်းပြောဆိုခဲ့ပါတယ်" ဟု ၎င်းက ပြောကြားသည်။

အာဆီယံသည် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်မှု မပြုရေးမူဝါဒကို ကျင့်သုံးလျက် ရှိသည်။

မြန်မာ စစ်အစိုးရက ထုတ်ပြန်ထားသော ရွေးကောက်ပွဲ ဥပဒေများသည် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် မရရှိအောင် တားမြစ်ထားသောကြောင့် သူမ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်ဟု သပိတ်မှောက်ခဲ့သည်။ NLD သာ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ပါက ဒေါ်အောင်ဆန်းစုကြည်ကို ပါတီမှ ထုတ်ပယ်ရမည် ဖြစ်သည်။

သို့သော် မြန်မာ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီဝင်ဟောင်းများ ပါတီ နာမည်သစ်ဖြင့် ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရန် မှတ်ပုံတင် လျှောက်ထားသည့် ကိစ္စအပေါ် ခွင့်ပြုချက် ပေးခဲ့သည်။

အဆိုပါ အာဆီယံဖိုရမ်တွင် မြန်မာနိုင်ငံတွင်း နျူကလီယာ လက်နက်များ တီထွင် ထုတ်လုပ်ရန် ကြိုးပမ်းနေခြင်းမရှိပါဟု မြန်မာနိုင်ငံရေး ဝန်ကြီး ဦးဉာဏ်ဝင်းက အာမခံ ပြောဆိုခဲ့ကြောင်း မစ္စတာ ဆူရင်ပစ်ဆာဝမ်က ပြောသည်။

AFP သတင်းဌာနမှ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment