Transparency Myanmar

transparency.myanmar@gmail.com

Irrawaddy News, 27th July 2010

မြန်မာ စစ်တပ်နှင့် DKBA တို့အကြားမှ နယ်ခြားစောင့် တပ်ဖွဲ့ အစီအစဉ်နှင့် ပတ်သက်သော ဆွေးနွေးမှုများ မအောင်မြင်ကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် တိုက်ပွဲများ ဖြစ်ပွားမည်ကို စိုးရွံ့ကြခြင်းကြောင့် ကရင်ကျေးရွာများတွင် နေထိုင်သူ ၇၀၀ ခန့် ထိုင်းနိုင်ငံသို့ တနင်္ဂနွေနေ့က ထွက်ပြေးသွားခဲ့ကြသည်ဟု သိရှိရသည်။

ယခု တစ်ပတ် အတွင်း မြန်မာ စစ်တပ်နှင့် DKBA တို့ တိုက်ခိုက်နိုင်ကြောင်း သတိပေးမှုများ ထွက်ပေါ်လာပြီးနောက် မြဝတီ မြို့နယ် အတွင်း အနည်းဆုံး ကျေးရွာ လေးရွာမှ ရွာသားများသည် ထိုင်းနိုင်ငံ တပ်ခ်ပြည်နယ် ပေါ့ဖရားမြို့ဘက်သို့ ထွက်ပြေးခဲ့ကြသည်ဟု ထိုင်းမြန်မာ နယ်စပ် အခြေစိုက် ကရင် သတင်း အချက်အလက် ဌာန KIC က ဆိုသည်။

မြန်မာ အစိုးရသည် စစ်ဖက်ရေးရာ လုံခြုံရေး အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်ထံမှ နယ်ခြားစောင့်တပ် ကိစ္စ တွေ့ဆုံ ဆွေးနွေးရန် ကမ်းလှမ်းမှုကို ဇူလိုင် ၂၁ ရက်နေ့တွင် ပယ်ချခဲ့သူ DKBA ထိပ်တန်း စစ်ဖက် အရာရှိ "ကိုမုတ်ဆိတ်ဟု လူသိများသူ" ဗိုလ်မှူးကြီး လာဖွယ်က ရွာသားများကို သတိပေးခဲ့ခြင်း ဖြစ်သည်ဟု KIC က ပြောကြားသည်။

ကရင် ဗုဒ္ဓဘာသာ လက်နက်ကိုင် တပ်ဖွဲ့ DKBA သည် ခရစ်ယာန် အများစု ပါဝင်သည့် KNU၊ KNLA အဖွဲ့ထံမှ ၁၉၉၅ တွင် ခွဲထွက်ခဲ့ခြင်း ဖြစ်သည်။

၂၀၀၉ ဧပြီလမှ စ၍ နေပြည်တော်က တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ အားလုံးကို အစိုးရ လက်အောက်ခံ နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းကြအောင် ဖိအားပေးရန် ကြိုးစားခဲ့သည်။ သို့သော် ယခု အချိန်အထိ NDAK ကချင်တပ်ဖွဲ့နှင့် ကရင်နီ တပ်ဖွဲ့ တစ်ဖွဲ့ကသာ အစိုးရ၏ အမိန့်ကို လိုက်နာရန် သဘောတူခဲ့ကြသည်။

ထွက်ပြေးသွားကြသူ အများစုမှာ မိန်းမများနှင့် ကလေးများ ဖြစ်ကြပြီး၊ ၎င်းတို့အား ထိုင်းအာဏာပိုင်များက ရေနှင့် အစားအစာများ ထောက်ပံ့ပေးခဲ့သည်ဟု နယ်စပ်မှ လူမှု ကယ်ဆယ်ရေး ဝန်ထမ်းတစ်ဦးက ပြောကြားသည်။ ကရင် ဒုက္ခသည်များ အတွက် ဆောင်ရွက်ပေးနေသော NGO များကလည်း အဆိုပါ ရွာသားများကို အကူအညီ ပေးနေသည်ဟု သိရှိရသည်။

သို့သော်လည်း တနင်္လာနေ့ မနက်တွင် အချို့ရွာသားများ အိမ်သို့ ပြန်လာကြသည်ဟု ကရင် နယ်စပ် သတင်း ရပ်ကွက် နောက်ဆုံးရ သတင်းများက ဆိုသည်။

ဒုက္ခသည်များအား အိမ်ပြန် မပို့ခဲ့ပါဟု ထိုင်းအာဏာပိုင်များက ပြောကြားသော်လည်း အမှန်တကယ် တိုက်ပွဲ မဖြစ်ပွားပါက လာ၍ မရနိုင်ဟု အသိပေးခဲ့သည်ဟု ဆိုသည်။

ထိုင်းစစ်တပ်ကလည်း ထိုင်းမြန်မာ နယ်စပ်တလျှောက် အင်အား ဖြည့်တင်းနေသည်ဟု သိရှိရသည်။

အကယ်၍ နယ်ခြားစောင့် တပ်ဖွဲ့ အစီအစဉ်ကို လက်မခံပါက မြန်မာ စစ်တပ်က DKBA ကို တိုက်ခိုက် ချေမှုန်းမည်ဟု မြန်မာ့ တပ်မတော် အမှတ် (၈) စစ်ဆင်ရေး ကွပ်ကဲမှု အဖွဲ့မှ ဗိုလ်မှူးချုပ် သန်းစိုးက ဗိုလ်မှူးကြီး လာဖွယ်ကို ယခုလ အစောပိုင်းတွင် သတိပေးခဲ့သည်ဟု သိရှိရသည်။

အစိုးရ ကမ်းလှမ်းသည့် အငြင်းပွားဖွယ် အစီအစဉ်နှင့် ပတ်သက်၍ DKBA အဖွဲ့အတွင်း သဘော ကွဲလွဲမှုများ ရှိသည်ဟု ကြားသိရသည်။ DKBA တပ်ရင်း ၉၉၉ မှ DKBA ၏ အင်အား အကြီးဆုံး တပ်မှူး ဗိုလ်မှူးကြီး ချစ်သုက နယ်ခြားစောင့်တပ်သို့ ပူးပေါင်းရန် လက်ခံလိုပြီး တပ်ရင်း ၉၀၇ တပ်မှူး ဗိုလ်မှူးကြီး လာဖွယ်က ပူးပေါင်းရန် ကန့်ကွက်သည်ဟု ဆိုသည်။

နယ်ခြားစောင့်တပ် အစီအစဉ်ကို ဆန့်ကျင်သူ နောက်တစ်ဦးမှာ DKBA ဘာသာရေး ခေါင်းဆောင် မြိုင်ကြီးငူ ကျောင်းထိုင် ဆရာတော် ဦးသုဇန ဖြစ်သည်။ ဘုန်းတော်ကြီးက နယ်ခြားစောင့်တပ် အစီအစဉ်ကို ဆန့်ကျင်ရန် အတွက် ၎င်းနှင့် ပူးပေါင်းကြရန် အခြားသူများကို စည်းရုံးလျက် ရှိသည်။

လက်နက်ကိုင် အင်အား ၆၀၀၀ ရှိသည်ဟု ကြေညာထားသော DKBA သည် မြန်မာနိုင်ငံတွင် ဒုတိယ အကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်သည်။ ၎င်းအဖွဲ့သည် မြန်မာ အစိုးရနှင့် ၁၉၉၅ တွင် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ် ရေးထိုးခဲ့သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment