Transparency Myanmar

transparency.myanmar@gmail.com

မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ပါက လူငယ် မျိုးဆက်သစ်များနှင့် ထိတွေ့ ဆက်ဆံနိုင်ရေးအတွက် Twitter Account တစ်ခု ဖွင့်လိုသည်ဟု ပြောဆိုကြောင်း ၎င်း၏ ရှေ့နေက အောက်တိုဘာလ ၁၈ ရက်နေ့တွင် ထုတ်ဖော် ပြောကြားသည်။

နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် (၆၅ နှစ်) သည် Twitter ခေတ် မပေါ်ထွန်းမီ ကလည်းက နေအိမ် အကျယ်ချုပ်ဖြင့် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသူ ဖြစ်သည်။ သူမ၏ နေအိမ် အကျယ်ချုပ် ပြစ်ဒဏ် သက်တမ်းမှာ လာမည့် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ကုန်ဆုံးမည် ဖြစ်ပြီး အမှန်တကယ် လွတ်မြောက်လိမ့်မည် ဟုလည်း ထင်ကြေးပေး ပြောဆိုခံထားရသည်။ သို့သော် မြန်မာ စစ်အစိုးရက သူမ၏ အမှုနှင့် ပတ်သက်၍ တရားဝင် ကြေညာချက် ထုတ်ပြန်ခြင်း မရှိသေးပေ။

လာမည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ရွေးကောက်ပွဲ တစ်ရပ် ကျင်းပ ပြုလုပ်မည် ဖြစ်သော်လည်း အဆိုပါ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရမည် မဟုတ်ပေ။ "ဒေါ်အောင်ဆန်းစုကြည်ရဲ့ လတ်တလော ဆန္ဒကတော့ သူလွတ်မြောက်တာနဲ့ Twitter အကောင့် ဖွင့်ချင်တယ် ဆိုတာပါပဲ" ဟု သူမ၏ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

"မြန်မာ ပြည်တွင်းနဲ့ ပြည်ပက မျိုးဆက်သစ် လူငယ်တွေနဲ့ ထိတွေ့မှု ရဖို့အတွက် Twitter အကောင့် ဖွင့်ချင်တယ်လို့ ဒေါ်စုက ကျွန်တော့်ကို ပြောပါတယ်။ Twitter ကို နေ့တိုင်း အသုံးပြုနိုင်ပြီး အားလုံးနဲ့ ထိတွေ့မှု ရအောင် လုပ်ချင်တယ် လို့လည်း ပြောပါတယ်" ဟု ၎င်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် တယ်လီဖုန်း မရှိသလို အင်တာနက် ချိတ်ဆက်မှုလည်း မရှိပေ။ သို့သော် သူမတွင် လက်ပတော့ တစ်လုံး ရှိသည်ဟု ဦးဉာဏ်ဝင်းက ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည် အတွက် နေအိမ် အကျယ်ချုပ် စည်းမျဉ်း ဥပဒေများအရ သူမအနေဖြင့် နိုင်ငံပိုင် သတင်းစာများ၊ ပြည်တွင်းထုတ် ဂျာနယ်များ၊ မဂ္ဂဇင်းများ ဖတ်ရှုနိုင်သလို ရေဒီယိုနှင့် နိုင်ငံပိုင် ရုပ်သံများလည်း ကြည့်ရှုခွင့် ရှိသည်။ သို့သော် ဂြိုလ်တုစလောင်း မရှိသောကြောင့် နိုင်ငံခြား ရုပ်သံဌာနများ၏ ထုတ်လွှင့်မှုများကို မကြည့်ရှုနိုင်ပေ။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ရှိသော ပုဂ္ဂိုလ် အနည်းငယ်ခန့် ရှိရာ ရှေ့နေ ဦးဉာဏ်ဝင်းလည်း အပါအဝင် ဖြစ်သည်။ အခြားသော သူများမှာ သူမ၏ ဆရာဝန်များနှင့် ကုလသမဂ္ဂမှ အဆင့်မြင့် အရာရှိကြီးများ ဖြစ်သည်။

AP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment