Transparency Myanmar

transparency.myanmar@gmail.com

နာမည်ကျော် အမေရိကန် ဘောဂဗေဒပညာရှင်နှင့် စီးပွားရေး နိုဘယ်ဆုရှင် Joseph Stiglitz သည် မြန်မာပြည်တွင်း ဆင်းရဲမွဲတေမှု လျှော့ချရေးနှင့် ပတ်သက်ပြီး တပ်မတော်အစိုးရကို အကြံဉာဏ်ပေးရန် ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ရန် ရှိကြောင်း သိရသည်။

မစ္စတာ Stiglitz သည် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ပြီး နယ်စပ်ဒေသ ဖွံ့ဖြိုးရေးနှင့် စိုက်ပျိုးရေးဝန်ကြီးဌာန ဝန်ကြီး ဗိုလ်ချုပ်ဌေးဦး၊ အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးစိုးသာတို့နှင့်အတူ ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်သို့ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

အာရှပစိဖိတ် ဒေသဆိုင်ရာ ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကော်မရှင် (UNESCAP) မှ Bentley Jenson က ဒေါက်တာ Stiglitz သည် ဆင်းရဲမွဲတေမှု တိုက်ဖျက် လျော့ချရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးပေါ်လစီများ ဟု အမည်ရသော ဖွံ့ဖြိုးမှု ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲတွင် ဝင်ရောက် အကြံပြု ဆွေးနွေးမည်ဖြစ်ကြောင်း ပြောကြားသည်။

စီးပွားရေးပါရဂူ ဒေါက်တာ Stiglitz သည် မြန်မာနိုင်ငံသို့ လာရောက်ပြီး အဆိုပါ ဖိုရမ်သို့ တက်ရောက်မည် ဖြစ်သလို ဝေးလံ ခေါင်သီသော ကျေးလက်ဒေသများသို့လည်း သွားရောက်မည် ဖြစ်သည်။

ဒေါက်တာ Stiglitz ရေးသားသော Globalization and it's discontents စာအုပ်မှာ နာမည်ကျော် လူသိများပြီး ကမ္ဘာ့စီးပွားရေးစနစ်ကို ဝေဖန် ဆန်းစစ်ထားသည်။ ထို့ပြင် Stiglitz က လွတ်လပ်သော ဈေးကွက် စီးပွားရေးအကြောင်းကို အဆိုပါစာအုပ်တွင် ပြင်းပြင်းထန်ထန် ဝေဖန် ရေးသားခဲ့သည်။

ဒေါက်တာ Stiglitz သည် အမေရိကန် သမ္မတ ကလင်တန်လက်ထက်တွင် စီးပွားရေး အကြံပေးပုဂ္ဂိုလ်အဖြစ်ဆောင်ရွက်ခဲ့ဖူးပြီး တတိယလမ်းစဉ်ဟူသော စီးပွားရေးစနစ် တစ်မျိုးကို မိတ်ဆက်ခဲ့သူ ဖြစ်သည်။ အဆိုပါ တတိယလမ်းစဉ်မှာ လွတ်လပ်သော ဈေးကွက် စီးပွားရေးနှင့် နိုင်ငံတော်ဗဟိုပြု စီးပွားရေးစနစ်တို့ကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။

သူသည် ကမ္ဘာ့ဘဏ် (World Bank) တွင်လည်း စီးပွားရေးပညာရှင်များ အဖွဲ့ အကြီးအကဲအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ သို့သော် ကမ္ဘာ့ဘဏ်၏ လုပ်ထုံးလုပ်နည်းများသည် ဆင်းရဲမွဲတေသူများ အကူအညီပေးရေးတွင် အကျိုး သက်ရောက်မှု မရှိသလို ဆီလျော်မှုလည်း မရှိဟု မကျေမနပ် ပြောဆိုပြီးနောက် အလုပ်မှ နုတ်ထွက်ခဲ့သည်။

ယခု မစ္စတာ Stiglitz ၏ ခရီးစဉ်အား အများက အပြုသဘော ဆောင်သော ခရီးစဉ်အဖြစ် သတ်မှတ် ပြောဆိုကြလိမ့်မည် ဖြစ်သည်။ ထို့ပြင် စစ်အစိုးရသည် စီးပွားရေး စီမံခန့်ခွဲမှု အလွဲများ၊ ဆင်းရဲမွဲတေမှု ကိစ္စများ အစရှိသည့် ပြဿနာကြီးများကို အနောက်နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်လိုသည်ကို ထုတ်ဖော် ပြသရာ ရောက်သည် ဟု လူအများက သတ်မှတ် ပြောဆိုကြသည်။ မစ္စတာ Stiglitz ၏ ခရီးစဉ်သည် အနောက်ကမ္ဘာ၏ စစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရေး မူဝါဒ တစ်စိတ်တစ်ပိုင်းအဖြစ် သတ်မှတ် ပြောဆိုကြသည်။

သို့သော်လည်း သြစတြေးလျနိုင်ငံ Macquarie University မှ ဒေါက်တာ Wylie Bradford က အဆိုပါ ခရီးစဉ်သည် မည်သို့သော အသီးအပွင့်များကိုမျှ ထုတ်ဖော်နိုင်လိမ့်မည် မဟုတ်ဟု ခန့်မှန်း ပြောဆိုသည်။

"တပ်မတော် အစိုးရကို ဘယ်လို အကြံဉာဏ်ကောင်းတွေ ပေးနိုင်မှာလဲ" ဟု ၎င်းက ပြောသည်။

"စစ်အစိုးရက စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲမွဲတေမှု လျှော့ချရေးတို့ကို ဦးတည်နေတယ်လို့ ပြောနေတာတွေဟာ တကယ်တော့ မှားယွင်းတဲ့ သုံးသပ်ချက်တွေ ဖြစ်ပါတယ်။ စစ်အစိုးရဟာ သူ့ရဲ့ အာဏာ တည်မြဲရေးနဲ့ တိုင်းပြည်က ဥစ္စာဓနတွေ ထုတ်ယူ အသုံးချရေး စတာတွေလောက်ပဲ စိတ်ဝင်စားနေတာလေ" ဟု ၎င်းက ပြောသည်။

DVB သတင်းဌာနမှ Nobel Prize Winning economist to visit Burma ကို ဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment