Transparency Myanmar

transparency.myanmar@gmail.com

ယခုအခါ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနသည် စစ်ရေးနှင့် စီးပွားရေးပါ ဒွန်တွဲလျက် အင်အား ကြီးထွားလာခြင်းကြောင့် တရုတ်ပြည်ကို ကြောက်မက်စရာ အရာတစ်ခုအဖြစ် ထင်မှတ် ပြောဆိုမှုများ အားလုံးကို ပယ်ဖျောက်နိုင်ရန် မမောနိုင် မပန်းနိုင် ကြိုးပမ်းလျက် ရှိသည်ကို တွေ့ရသည်။

တရုတ်အစိုးရက အိန္ဒိယသမုဒ္ဒရာအတွင်း စစ်ရေးအရ ခြေဆန့်မှုများ တိုးပွားလာခြင်းသည် ငြိမ်းချမ်းရေးကိုသာ ဦးတည်ပါကြောင်း ထုတ်ဖော် ပြောဆိုထားသည်။ သို့သော် အိန္ဒိယ အခြေစိုက် တရုတ်ပြည် စောင့်ကြည့် လေ့လာသူများ၏ အဆိုအရ ကွန်မြူနစ် တရုတ်က အိန္ဒိယ သမုဒ္ဒရာတွင်း ခြေတံ၊ လက်တံ ဆန့်လာသည့် ကိစ္စတွင် အခြားသော ရည်ရွယ်ချက်လည်း ရှိကြောင်း သိရသည်။ တရုတ်သည် အိန္ဒိယ သမုဒ္ဒရာအတွင်းသို့ ခဏတဖြုတ် ပုံစံဖြင့် ဝင်ရောက်နေသော်လည်း နောက်ပိုင်းတွင် ဒေသတွင်း လုံခြုံရေး၊ ပင်လယ်ဓားပြ နှိမ်နင်းရေးဟူသော အကြောင်းပြချက်မျိုးဖြင့် ပုံမှန် ဝင်ရောက်ရန် ဦးတည်ထားကြောင်း တရုတ် စောင့်ကြည့်ရေးသမားများက ပြောဆိုသည်။

အိန္ဒိယ သမုဒ္ဒရာအတွင်း ယင်းသို့ တရုတ်ပြည်၏ ခြေလှမ်းများ ကြီးထွားလာခြင်းသည် တရုတ်ပြည် စွမ်းအင်ရရှိရေး ဆောင်ရွက်ရာတွင် လုံခြုံမှုရှိစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။ ရေကြောင်း လုံခြုံရေး အဓိက အခြေခံသော မဟာဗျူဟာ တစ်ရပ်ဟု ဆိုနိုင်သည်။

တရုတ်အစိုးရက ၎င်း၏ စွမ်းအင် အခန်းကဏ္ဍအတွက် ပင်လယ်ရေကြောင်း လုံခြုံမှု ရရှိစေရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းလျက် ရှိသည်။ သို့အတွက်ကြောင့် အိန္ဒိယသမုဒ္ဒရာနှင့် ထိစပ်လျက် ရှိသော ဒေသနိုင်ငံများအား စစ်လက်နက် ပစ္စည်းများကို ဈေးနှုန်း ချိုချိုသာသာဖြင့် ရောင်းချပေးသည်။ ပါကစ္စတန်နိုင်ငံ ဂွါဒါ၊ သီရိလင်္ကာ ဟန်ဘန်တိုတာ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတို့တွင် ပင်လယ် ရေကြောင်းဆိုင်ရာ အခြေခံအဆောက်အဦများ ဖွံ့ဖြိုးရေးအတွက် ကူညီပေးသည်။ မြန်မာနိုင်ငံတွင် လမ်းဖောက်လုပ်ရေး၊ တံတား ဆောက်လုပ်ရေးနှင့် လျှပ်စစ်ဓာတ်အား သွယ်တန်းရေး အစရှိသည့် စီမံကိန်းများတွင်လည်း ဝင်ရောက် အကူအညီ ပေးပြန်သည်။

သမားရိုးကျဆန်သော လုံခြုံရေးနှင့် စီပွားရေး ဆောင်ရွက်ချက်များကို ဘေးချိတ်ပြီး ပင်လယ်ရေကြောင်း လုံခြုံရေး၊ ဖွံ့ဖြိုးရေး အစရှိသည် တို့တွင် တရုတ်အစိုးရက ဝင်ရောက် လုပ်ကိုင်နေခြင်းသည် တရုတ်ပြည်၏ ရေကြောင်းဆိုင်ရာ သံခင်း တမန်ခင်း ဗျူဟာတစ်ရပ် ဖြစ်ပါသည်။ ဤသို့ အိန္ဒိယသမုဒ္ဒရာနှင့် ထိစပ်သော နိုင်ငံများနှင့် ရေကြောင်းဆိုင်ရာ လုပ်ငန်းများ ပူးပေါင်း လုပ်ကိုင်ခြင်းဖြင့် တရုတ်ပြည် ခြောက်လှန့်မှုဟူသော သဘောတရားများ ကွယ်ပျောက်စေနိုင်သည်ဟု ဘေဂျင်းအစိုးရက ယုံကြည်ထားဟန် ရှိသည်။ အဆိုပါနိုင်ငံများသို့ တရုတ်ရေတပ်မှ စစ်အရာရှိကြီးများက  ချစ်ကြည်ရေးဟူသော အကြောင်းပြချက်ဖြင့် အလည်အပတ် သွားရောက်ခြင်း၊ ရေတပ် စစ်ရေးလေ့ကျင့်မှုများ ပူးပေါင်း ဆောင်ရွက်ခြင်း အစရှိသည် တို့မှာ အိန္ဒိယသမုဒ္ဒရာတွင် တရုတ်ပြည်လည်း ပါဝင် ပတ်သက်နေသည်ဟူသော အချက်ကို ဖော်ကျူး ပြသနေသကဲ့သို့ရှိပါသည်။ အခြားသော နိုင်ငံများနှင့်လည်း အလားတူ ဆက်ဆံရေးမျိုး ပေါ်ပေါက်လာစေမည့် ခိုင်မာသော အာဂျင်ဒါများကိုလည်း တရုတ်အစိုးရက အပြီးသတ် ရေးဆွဲထားပြီး ဖြစ်သည်။

အချို့သော အရေးကိစ္စများတွင် ယင်းသို့ အိန္ဒိယသမုဒ္ဒရာတွင်း တရုတ်ခြေလှမ်းများ တိုးပွားလာခြင်းသည် တရုတ်နှင့် ဒေသတွင်း နိုင်ငံများအကြား မဟာဗျူဟာကျသော စေ့စပ်ညှိနှိုင်းမှုများ ပေါ်ထွက်ရေးအတွက် များစွာ အထောက်အကူ ပြုလိမ့်မည်ဟု ယုံကြည်ထားဟန် ရှိသည်။

တရုတ်ပြည်၏ ရေကြောင်း မဟာဗျူဟာသည် ဒေသတွင်း နိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်ရေး၊ စေ့စပ် ညှိနှိုင်းရေးများကို ဦးတည်သည်ဟု ယေဘုယျ သတ်မှတ်နိုင်သော်လည်း အမှန်တကယ်တွင် တရုတ်ပြည်သည် ၎င်း၏ ရေတပ် စစ်အင်အား တန်ခိုး ကြီးထွားလာရေးအတွက် ဦးတည် ဆောင်ရွက်နေခြင်းသာ ဖြစ်သည်။ အိန္ဒိယ သမုဒ္ဒရာတွင်း နိုင်ငံများ အားလုံး ရေကြောင်းဆိုင်ရာ အခြေခံ အဆောက်အဦများ ဖွံ့ဖြိုးရေး၊ ရေတပ် စစ်အင်အား ကောင်းမွန်ရေးစသည်တို့အတွက် တရုတ်ပြည်က ကူညီ ထောက်ပံ့နေခြင်းကြောင့် တရုတ်ပြည်သည် အိန္ဒိယသမုဒ္ဒရာ လုံခြုံရေး ကိစ္စတွင် အဓိက အရေးပါသော နိုင်ငံကြီးတစ်ခု အဆင့်သို့ မလွဲမသွေ ရောက်ရှိလာမည်သာ ဖြစ်သည်။

ယင်းသို့ အိန္ဒိယသမုဒ္ဒရာတွင်း ခြေလှမ်း ကြီးထွားလာခြင်း၊ ရေကြောင်းဆိုင်ရာ မဟာဗျူဟာများ ကျင့်သုံးလာခြင်းကြောင့် တရုတ်ပြည်သည် ယနေ့အချိန်အထိ အပြုသဘော ဆောင်သော ရလဒ်ကောင်းများကိုသာ ဆွတ်ခူးနိုင်နေခြင်း ဖြစ်သည်။ အဆိုပါ ရေကြောင်းဆိုင်ရာ မဟာဗျူဟာသည် တရုတ်ပြည်၏ အနာဂတ် နိုင်ငံတကာ ဆက်ဆံရေးအတွက်လည်း အကျိုးသက်ရောက်မှု ရှိမည့် လက်နက်တစ်ခုလည်း ဖြစ်လာနိုင်ပါသည်။ အထူးသဖြင့် ဒေသတွင်းနိုင်ငံများနှင့် ဆက်ဆံရေးအတွက် အကျိုးရှိမည့် မဟာဗျူဟာတစ်ရပ်ဟု ဆိုလျှင်လည်း မှားမည် မဟုတ်ပေ။

Vijay Sakhuja ၏ China's Strategy for the Indian Ocean ကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment