Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. လူမှုဖူလုံရေး နည်းဥပဒေ ၂၀၁၄ ခုနှစ်အတွင်း ထုတ်ပြန်နိုင်ရန်ကြိုးပမ်းမည်
  2.  မိုင်းအန္တရာယ် ပညာပေးရေး ကျောင်းသင်ရိုးတွင် ထည့်သွင်းရန် စီစဉ်မည်ဟုဆို
  3. ပဋိပက္ခများကြောင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်များ အာမခံချက်တောင်းမည်
  4.  ၂၀၁၃ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရေး ဆွေးနွေးဖွယ်ရှိ

လူမှုဖူလုံရေး နည်းဥပဒေ ၂၀၁၄ ခုနှစ်အတွင်း ထုတ်ပြန်နိုင်ရန်ကြိုးပမ်းမည်

လူမှုဖူလုံရေး နည်းဥပဒေအား ၂၀၁၄ ခုနှစ် ဘက်ဂျက် မတိုင်မီတွင် အတည်ပြုပြဌာန်းနိုင်ရန်ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဖူလုံရေးအဖွဲ့ မန်နေဂျာ ဦးအေးသိန်းကပြောကြားခဲ့ကြောင်း သိရှိရသည်။

၎င်းတို့ရေးဆွဲနေသော ဥပဒေမူကြမ်းကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဆွေးနွေးတိုင်ပင်ကာ ပြင်ဆင်သင့် သည့်အချက်များကို ပြင်ဆင်ပြီး ၂၀၁၄ ခုနှစ် ဘက်ဂျက်မတိုင်မီတွင် အတည်ပြုနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ပြီး ၂၀၁၄ ခုနှစ် နှစ်ဆန်းမတိုင်မီ တွင် အဆိုပါဥပဒေကြမ်းမှာ ဖြစ်ပေါ်လာနိုင်ကြောင်း ၎င်းက ထပ်မံ ပြောကြားခဲ့သည်။

လူမှုဖူလုံရေးဥပဒေကြမ်းအား ဧပြီလ ၁ ရက်၌ လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာနများမှ ကိုယ်စား လှယ်လောင်းများ၊ အလုပ်ရှင်ကိုယ်စားလှယ်လောင်းများ၊ အလုပ်သမား ကိုယ်စားလှယ်များဖြင့် မြန်မာနိုင်ငံ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်ရုံး ( UMFCCI ) တွင် တွေ့ဆုံ့ကာ ဆွေးနွေးအကြုံပြုချက်များ ရယူခဲ့ကြောင်း သိရှိရသည်။

ထိုဆွေးနွေးပွဲတွင် လက်ရှိရေးဆွဲထားသော နည်းဥပဒေမူကြမ်း၌ ပြဌာန်းအတည်ပြုပြီးသော ဥပဒေနှင့် အချို့သော အချက်များမှာ အနည်းငယ် ကွဲလွဲမှုရှိနေသောကြောင့် တက်ရောက်လာသူများအား အဖွဲ့ငါးဖွဲ့၍ ဥပဒေမူကြမ်းကို ဝိုင်းဝန်းဆွေးနွေးကာ ပြင်ဆင်သင့်သောအချက်များကို ပြင်ဆင်ခဲ့ကြကြောင်း သိရှိရသည်။

၂၀၁၂ ခုနှစ် စက်တင်ဘာလ၌ လူမှုဖူလုံရေး ဥပဒေသစ်ကို အတည်ပြုပြဌာန်းခဲ့ပြီး၊ ဥပဒေသစ်အရ လူမှုဖူလုံရေး အာမခံဝင်ထားသော အလုပ်သမားများသည် မမာမကျန်းဖြစ်ပါက မိမိတစ်လ ထည့်ဝင်ကြေး၏ အဆ ၄၀ ခံစားခွင့်ရှိမည်၊ အမျိုးသမီးများ မီးဖွားမှု၊ ကိုယ်ဝန်ဖျက်ချမှု မဟုတ်သည့် ကိုယ်ဝန်ပျက်ကျမှုအတွက် ခွင့်ရက်များ အပြင်၊ မီးဖွားစရိတ်နှင့် ကလေး တစ်နှစ်သားအရွယ်ထိ ကျန်းမာရေးစောင့်ရှောက်မှုခံယူခွင့်၊ မည်သည့် အကြောင်း ကြောင့် သေဆုံးသည်ဖြစ်စေ အသုဘစရိတ် ၄၀၀,၀၀ (သို့မဟုတ်) ထည့်ဝင်ကြေး ပေးသွင်းထားမှု ကာလအပေါ် မူတည်ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။

YC


 မိုင်းအန္တရာယ် ပညာပေးရေး ကျောင်းသင်ရိုးတွင် ထည့်သွင်းရန် စီစဉ်မည်ဟုဆို

မိုင်းအန္တရာယ် ကိုပိုမိုသိရှိနားလည်လာစေရန် မိုင်းအန္တရာယ် ပညာပေးရေးကို ကျောင်းသင်ရိုးများတွင် ထည့်သွင်းနိုင် ရန် စီစဉ်သွားမည်ဖြစ်ကြောင်း ဧပြီလ ၄ ရက်နေ့ ထားဝယ်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပခဲ့သည့် မြေမြှုပ်မိုင်း၊ စစ်ကျန် ပေါက်ကွဲပစ္စည်းများနှင့် စပ်လျှဉ်းသည့် ထိခိုက်မှုအသိပညာနှင့် သဘောထားစစ်တမ်း ကောက်ယူခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင်  Dan Church Aid ( DCA ) အဖွဲ့မှ မြေမြှုပ်မိုင်း အန္တရာယ် ဆိုင်ရာ ကျွမ်းကျင်သူ Mr.Gregory Cathcart က ပြောကြားခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံအတွင်း မြေမြှုပ်မိုင်းများနှင့် စစ်ကျန်လက်နက်ပစ္စည်းများ၏ သက်ရောက်မှု အန္တရာယ်ဆိုင်ရာ ဗဟုသုတ၊ သဘောထားနှင့် အလေ့အထများကို ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်၊ ပဲခူးပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ ကျေးရွာပေါင်း ၁၀၀ တွင် ပထမဆုံးအကြိမ် စတင်စစ်တမ်း ကောက်ယူသွားမည်ဖြစ်ကြောင်း ၎င်းကထပ်မံ ပြောကြားခဲ့သည်။

မိုင်းအန္တရာယ် ပညာပေးရေးလုပ်ငန်းစဉ်များကို ကောင်းမွန်လာအောင် ပုံဖော်ဆောင်ရွက်ရာတွင် အထောက် အကူဖြစ်စေမည့် တိကျခိုင်မာသည့် သတင်းအချက်အလက်များ ရရှိရန် ရည်ရွယ်၍ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိထားသည့် ဒေသအပါအဝင် မိုင်းအန္တရာယ်ပညာပေးရေးလုပ်ငန်းအဖွဲ့မှ ရွေးချယ်သတ် မှတ်ပေးထားသော ကျေးရွာများတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရှိရသည်။

မိုင်းဆိုင်ရာ ဆောင်ရွက်ချက်များ၏ မဏ္ဍိုင်ငါးရပ်ဖြစ်သော မိုင်းရှင်းလင်းရေး၊ မိုင်းအန္တရာယ်ပညာပေးရေး၊ မိုင်းဒဏ်သင့် ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး၊ တိုက်တွန်းဆွေးနွေးခြင်းနှင့် မိုင်းများ အစုလိုက်အပြုံလိုက် ဖျက်ဆီးခြင်း တို့ကို ဆောင်ရွက်ရန် သတင်းအချက်အလက်များစုဆောင်းခြင်း၊ အစိုးရနှင့် ညှိနှိုင်းဆောင်ရွက် ခြင်းတို့ကို လုပ်ဆောင် သွားမည်ဖြစ်ကြောင်း Mr. Gregory Cathcart က ရှင်းလင်းတင်ပြခဲ့ကြောင်း သိရှိရသည်။

YC


ပဋိပက္ခများကြောင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်များ အာမခံချက်တောင်းမည်

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ပြည်တွင်းပဋိပက္ခများနှင့် အဓိကရုဏ်းများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်မည့် လုပ်ငန်းရှင်များက ၎င်းတို့်လုပ်ငန်းများ မြန်မာနိုင်ငံတွင်အခြေစိုက်ဆောင်ရွက်ပါက အာမခံချက်ရရှိနိုင်စေရန် အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ( MIC ) ထံတွင် တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်ထားပြီးဖြစ်သော်လည်း လက်ရှိမြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသော ပဋိပက္ခများ ကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ထိခိုက်နစ်နာခဲ့မည်ဆိုပါက အစိုးရအနေဖြင့် အာမခံချက် တစ်ခုခုပေးရန်လိုအပ် ကြောင်း နော်ဝေနိုင်ငံအခြေစိုက် Albedom Asset လုပ်ငန်းစုကိုယ်စားလှယ် Antonio Bryon ကပြောကြားခဲ့ကြောင်း သိရှိရသည်။

ယခုဖြစ်ပွားလျှက်ရှိသော လူမျိုးရေးပဋိပက္ခများကို မြန်မာအစိုးရမှ ထိရောက်စွာမဖြေရှင်းနိုင်ပါက မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် ပျံနှံသွားမည်ဖြစ်ပြီး ပြည်တွင်းရေး မတည်ငြိမ်သောနိုင်ငံတစ်ခုတွင် နိုင်ငံခြားရင်းနှီး မြှုပ်နှံ သူများအနေဖြင့် ဝင်ရောက်ရင်းနှီးမြှုပ်နှံရန် မလွယ်ကူကြောင်းနှင့် မြန်မာနိုင်ငံ ဖွံဖြိုးတိုးတက်ရေးအတွက် ဒေသတွင်းတည်ငြိမ်ရေးသည် အရေးကြီးကြောင်း ၎င်းကထပ်မံပြောကြားခဲ့သည်။

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကုမ္ပဏီများမှ ထိုကဲ့သို့ တောင်းဆိုခြင်းသည် ဖြစ်သင့်သော တောင်းဆိုချက်တစ်ခုဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်လာစေလိုပါက အစိုးရအနေဖြင့် အချိန်အတိုင်း အတာတစ်ခုအထိ အာမခံချက်ပေးရန်လိုအပ်မည်ဖြစ်ကြောင်း စီးပွားရေးပညာရှင် ဦးခင်မောင်လွင်က သုံးသပ် ပြောကြားခဲ့ကြောင်း သိရသည်။

ဧပြီလအတွင်း မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင် ကိုတင်ပြရန် စီစဉ်နေသော လုပ်ငန်းများကို ရွေ့ဆိုင်းထားပြီး ပဋိပက္ခများအတွက် မြန်မာနိုင်ငံအစိုးရဘက်မှ ထိရောက်သော အာမခံချက် သို့မဟုတ် အကာကွယ်ပေးနိုင်ရန် အတွက် အစိုးရနှင့် ရင်းနှီးမြှုပ်နှံမှုကော်မရှင်တို့မှ ဆွေးနွေးသွားရန် ရှိကြောင်း သိရှိရသည်။

YC


 ၂၀၁၃ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရေး ဆွေးနွေးဖွယ်ရှိ

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် နှင့်နိုင်ငံရေးပါတီများ ယခုလ ၈ ရက်၌တွေ့ဆုံရာတွင် ၂၀၁၃ ခုနှစ်၊ ကြားဖြတ် ရွေးကောက်ပွဲကျင်းပရေးအတွက် ဆွေးနွေးဖွယ်ရှိပြီး ယင်းဆွေးနွေးပွဲတွင် ရွေးကောက်ပွဲ၊ နိုင်ငံရေးပါတီနှင့် ၂၀၁၅ ခုနှစ်တွင် ကျင်းပနိုင်မည့် အထွေထွေရွေးကောက်ပွဲစသည့် ကဏ္ဍ ၃ ခုနှင့်စပ်လျဉ်း၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ဦးသောင်းလှိုင်ကပြောကြားခဲ့ကြောင်း သိရသည်။

ကသုံးခုတွင် ပါဝင်သည့် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စဆိုသည်မှာ ၂၀၁၃ ခုနှစ်ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပရန်ကိစ္စ ဟုတ်မဟုတ်ဆိုသည်ကို ယခုအတည်ပြုပြောဆိုနိုင်ခြင်း မရှိသေးကြောင်းနှင့် လက်ရှိလစ်လပ်မဲဆန္ဒနယ် အရေအတွက် စုစုပေါင်းမှာ ၁၃ နေရာခန့် ရှိနိုင်ကြောင်း ၎င်းကထပ်မံပြောကြားခဲ့သည်။

ရွေးကောက်ပွဲစနစ်ပြောင်းလဲရန် ဒီမိုကရေစီမိတ်ဆွေ ပါတီများအဖွဲ့မှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တင်ပြထားမှုကို ယခုတွေ့ဆုံပွဲတွင် ဆွေးနွေးဖွယ်ရှိပြီး ပီအာစနစ်သည် ရွေးကောက်ပွဲ ရည်မှန်းချက် ပြည့်မီစေနိုင်သော စနစ်မျိုးဖြစ်ကာ မြန်မာနိုင်ငံတွင် ကျင့်သုံးသင့်ရန် သုံးတော်သောစနစ်ဖြစ်သောကြောင့် ရွေးကောက်ပွဲကော်မရှင်သို့ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက ပြောကြားခဲ့ကြောင်း သိရှိရသည်။

ယင်းကိစ္စနှင့်စပ်လျဉ်း၍ ဒီမိုကရေစီ မိတ်ဆွေများပါတီအဖွဲ့မှ ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့ကတည်းက “ ရွေးကောက်ပွဲစနစ် ပြုပြင်ရေးသဘောထား အကြံပြုချက်စာတမ်း” ကို ပြည်ထောင်စုကော်မရှင်သို့ တင်ပြထားခဲ့ပြီး ၎င်းတို့က လက်ရှိကျင့်သုံးနေသော ရွေးကောက်ပွဲစနစ် ( မဲအများဆုံးရသူအနိုင်ရ) စနစ်မှ ပါတီအလိုက် ရရှိသည့် မဲအရေအတွက်အပေါ် မူတည်၍ ယင်းပါတီတို့က ကြိုတင်ရွေးချယ်ကြေညာထားသော ကိုယ်စားလှယ်စာရင်းမှ အချိုးကျစနစ်ဖြင့် ဦးရေသတ်မှတ်ကာ ကိုယ်စားပြု ရွေးကောက်ခံနိုင်ခွင့် (ပီအာ) ကို ပြောင်းလဲရန် အကြံပြုထားခြင်းဖြစ်သည်။

ပြည်ထောင်စုကော်မရှင်နှင့် နိုင်ငံရေးပါတီများ သည် မတ်လ နောက်ဆုံးအပတ်တွင် တွေ့ဆုံရန် မူလက စီစဉ်ထားမှုပျက်ပြယ်ပြီးနောက် သင်္ကြန်တွင်း အစိုးရရုံးပိတ်ရက် မတိုင်မီတွင် တွေ့ဆုံရန်ယခုကဲ့သို့ ထပ်မံစီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

YC


 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment